Wednesday, April 24, 2019

ပုဂံဒေသတစ်ခုလုံး ရေရှည်အကျိုးစီးပွားလွှမ်းခြုံသက်ရောက်မှုရှိစေရေးနှင့် ရှေးဟောင်းအမွေအနှစ်ဒေသ ထိခိုက်မှုမရှိစေရေး ညှိနှိုင်း




Image may contain: 7 people, people sitting, table and indoor
နေပြည်တော် ဧပြီ ၂၃



ပုဂံဒေသတစ်ခုလုံး ရေရှည်အကျိုးစီးပွားလွှမ်းခြုံသက်ရောက်မှု ရှိစေရေး၊ ရှေးဟောင်း အမွေအနှစ်ဒေသ ထိခိုက်မှုမရှိစေရေးနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့၌ ဇွန် ၃၀ ရက်မှ ဇူလိုင် ၁၀ ရက်ထိ ကျင်းပမည့် (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ ညီလာခံ အစည်းအဝေးတွင် ပုဂံဒေသနှင့်ပတ်သက်၍ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်ရေးကို ဆွေးနွေးဆုံးဖြတ်သွားမည်ဖြစ်ရာ တက်ရောက်လာသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် UNESCO သို့ တင်သွင်းထားသည့် မူဘောင်များနှင့် အညီ ပုဂံဒေသတစ်ခုလုံး ရေရှည်အကျိုးစီးပွားလွှမ်းခြုံသက်ရောက်မှုရှိစေရေးနှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသကို မထိခိုက်စေနိုင်သည့်၊ လုပ်ငန်းရှင်များ နှင့် ဒေသခံ တစ်နိုင်တစ်ပိုင် လုပ်ကိုင်လိုသူများလည်း လုပ်သာကိုင်သာရှိစေရေး နှစ်ဦးနှစ်ဖက်အကျိုးရှိမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးနိုင်ပါရန် ပြောကြားသည်။
ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ညောင်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများက ပုဂံဒေသတစ်ခုလုံး ရေရှည်အကျိုးစီးပွားလွှမ်းခြုံ သက်ရောက်မှုရှိစေရေးနှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသ မထိခိုက်စေရေး နှင့် ဒေသတွင်းနှင့် နိုင်ငံသားလုပ်ငန်းရှင်များ နစ်နာမှုမရှိစေရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment