Thursday, March 7, 2019

ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၄င်းတို့၏ အသက်နှစ်နှစ်အောက်
ကလေးငယ်များအား ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ် တင်ပြဆွေးနွေးခြင်းအခမ်းအနား ကျင်းပ
Image may contain: 2 people, people sitting and people standing
နေပြည်တော် မတ် ၆
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် နိုင်ငံတော်၏ဘတ်ဂျက်နှင့် ကမ္ဘာ့ဘဏ်၏ အတိုးနှုန်းနည်းပါးသောချေးငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကိုယ်ဝန်ဆောင်မိခင်နှင့် ၄င်းတို့မှ မွေးဖွားလာသော အသက် နှစ်နှစ်အောက် ကလေးသူငယ်များအား ငွေကြေး အထောက်အပံ့ပေးရေး အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်း စီမံချက်များ တင်ပြဆွေးနွေးခြင်းအခမ်းအနားကို နေပြည်တော် လွှတ်တော် ဝင်းရှိ သဘင်ဆောင်၌ ကျင်းပသည်။
ရှုထောင့်မျိုးစုံမှ အမြင်များအပေါ် အခြေခံ
အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းထွန်းဟိန်က ယနေ့အခမ်းအနားသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ယူပြီး နိုင်ငံတော်၏ ဘတ်ဂျက် နှင့် ကမ္ဘာ့ဘဏ်၏ အတိုးနှုန်းသက်သာသည့်ချေးငွေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ်၌ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ကိုယ်ဝန်ဆောင်မိခင် များနှင့် ၄င်းတို့မှမွေးဖွားလာသော အသက် နှစ်နှစ်အောက် ကလေးသူငယ်များ အား ငွေကြေးထောက်ပံ့သည့်အစီအစဉ်နှင့် ပတ်သက်၍ လွှတ်တော်နှစ်ရပ်စလုံး ရှိ ကိုယ်စားလှယ်များကို ရှင်းလင်းတင်ပြသွားမည့် အစီအစဉ်ဖြစ်ကြောင်း။
နိုင်ငံတော်၏ အနာဂတ်ဖြစ်သည့် ကလေးသူငယ်များအတွက် အကျိုး ရှိသော လုပ်ငန်းအစီအစဉ်ကို မစတင်မီကာလကတည်းက စနစ်တကျ ကြိုတင် ပြင်ဆင်ကာ အားလုံးဝိုင်းဝန်း စုပေါင်းအကြံဥာဏ်ဖြင့် ထိရောက်စွာ အကောင် အထည်ဖော်နိုင်ရန် လိုအပ်ကြောင်း၊ ယခုစီမံကိန်းကို လွှတ်တော်ကိုယ်စားလှယ် များ၏ ရှုထောင့်မျိုးစုံမှ အမြင်များအပေါ် အခြေခံ၍ အပြုသဘောဆောင်သော အကြံပြုချက်များပေးခြင်းဖြင့် အလေအလွင့်၊ အပျက်အစီး၊ အမှားအယွင်းမရှိ ရည်မှန်းဆောင်ရွက်ရမည်ဖြစ်ကြောင်း။
မဟာဗျူဟာများ ချမှတ်ဆောင်ရွက်လျက်ရှိ
ယခုစီမံကိန်းသည် နိုင်ငံတော်အစိုးရက မြန်မာ့လူမှုအသိုက်အဝန်းအတွက် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ဆိုသည့် ရည်မှန်းချက်နှင့်အတူ မဟာဗျူဟာများ ချမှတ်ဆောင်ရွက်လျက်ရှိရာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလက အတည်ပြုခဲ့သော အမျိုးသားအဆင့် လူမှု ကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်ကို အခြေခံသည်ဟု သိရှိရ ကြောင်း၊ ယင်းမဟာဗျူဟာစီမံချက်ပါလုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ကိုယ်ဝန်ဆောင် မိခင်များနှင့် ၄င်းတို့မှမွေးဖွားလာသော အသက် နှစ်နှစ်အောက် ကလေးသူငယ် များအား ငွေကြေးထောက်ပံ့သည့် အစီအစဉ်သည်လည်း တစ်ခုအပါအဝင် ဖြစ်ပါကြောင်း။
အစီအစဉ်အကောင်အထည်ဖော်ရာတွင် အရေးကြီးသည့် အချက်တစ်ခု မှာ ပေါင်းစပ်ညှိနှိုင်းခြင်းဖြစ်ကြောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်သည့် အဆင့်အသီးသီးတွင် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရဌာနများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း။
ပူးပေါင်းပါဝင်ပေးကြရန် တိုက်တွန်း
လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့မှု ရှိပြီး ပြည်သူများ၏ ပကတိအခြေအနေ၊ လိုအပ်ချက်နှင့် မျှော်မှန်းချက်များကို သိရှိနိုင်ပြီး အစီအစဉ်အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အကြံပြုနိုင် သည့်အတွက် များစွာအကျိုးရှိမည်ဖြစ်ကြောင်း၊ ထို့ပြင် အစီအစဉ်အကောင် အထည်ဖော်မှုများကို စောင့်ကြည့်ကြီးကြပ်သည့်အပိုင်းတွင် အကူအညီပေးနိုင် မည်ဖြစ်သည့်အတွက် ပူးပေါင်းပါဝင်ပေးကြရန် တိုက်တွန်းပြောကြားလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဝန်ကြီး ဌာန၏ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို မဟာဗျူဟာစီမံချက်များနှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက် ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း စသည်တို့နှင့် ကိုက်ညီသော ဦးစားပေး စီမံကိန်းများကိုရွေးချယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထိုအချက်နှစ်ချက်နှင့် ကိုက်ညီမှသာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဘတ်ဂျက်ရန်ပုံငွေ ချထားပေးခြင်းဖြစ်ကြောင်း၊ ပြဋ္ဌာန်းထားပြီးဖြစ်သည့် လူမှုကာကွယ် စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ပါ လုပ်ငန်းစီမံချက် ရှစ်ခုအနက် ဘက်စုံလူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်များအနက် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှ မွေးဖွားလာသော အသက် နှစ်နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့သည့်အစီအစဉ်ကို ခန္ဓာကိုယ် ပုံမှန်ကြီးထွားခြင်းနှင့် ဦးနှောက်ဖွံ့ဖြိုးမှုအမြင့်ဆုံးဖြစ်သည့် ရက် ၁၀ဝ၀ ကာလအတွင်း လွှမ်းခြုံမှုရှိရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ကိုယ်ဝန်ဆောင် အာဟာရ၊ မီးနေသည်အာဟာရ၊ နို့တိုက်မိခင်အာဟာရ၊ ကလေးသူငယ် အာဟာရ စသည့် အာဟာရကျွေးမွေးခြင်းနှင့်သက်ဆိုင်သော အသိပညာ၊ တစ်ကိုယ်ရေသန့်ရှင်းရေးအသိပညာနှင့် မိသားစုစီမံကိန်းနှင့်သက်ဆိုင်သော အသိပညာပေးခြင်းနှင့်အတူ ငွေကြေးထောက်ပံ့ခြင်းကို ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။
အကြံပြုဆွေးနွေးတင်ပြ
ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးက ကမ္ဘာ့ဘဏ်ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှ မွေးဖွားလာသော အသက် နှစ်နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့မှု အစီအစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ လွှတ်တော်ကိုယ်စားလှယ်များက အကောင်အထည် ဖော်မည့်အစီအစဉ် အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် ငွေကြေးထောက်ပံ့ရေး၊ အသိပညာပေးရေး၊ ပေါင်းစပ်ညှိနှိုင်းရေးဆိုင်ရာများ နှင့် အစီအစဉ် အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် လွှတ်တော် ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍများကို အကြံပြုဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုလွှတ်တော် ဒုတိယနာယကက နိဂုံးချုပ်အမှာစကား ပြောကြား သည်။
သတင်းစဉ်

No comments:

Post a Comment