Friday, March 1, 2019

ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် သက်တမ်းတစ်နှစ်ထပ်မံတိုးမြှင့်ခြင်းကို လွှတ်တော်က အတည်မပြုကြောင်း ကြေညာ
Image may contain: 1 person
နေပြည်တော် ဖေဖော်ဝါရီ ၂၈
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ် မြောက်ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟုမှတ်ယူရမည့် ယဉ်ကျေးမှုအမွေအနှစ် ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေကြမ်းကို လွှတ်တော်ကမှတ်တမ်းတင်ကြောင်း ကြေညာသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက ပြည်ထောင်စုလွှတ်တော်၌ ဖွဲ့စည်းထားရှိသော အာဆီယံ ပါလီမန်များ ညီလာခံဆိုင်ရာပူးပေါင်းကော်မတီနှင့် နိုင်ငံ တကာပါလီမန်များအဖွဲ့ဆိုင်ရာ ပူးပေါင်းကော်မတီတို့ကို ၂၀၁၆ ခုနှစ် မတ် ၁ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး တစ်နှစ် လျှင်တစ်ကြိမ် နှစ်စဉ်သက်တမ်း တိုးမြှင့်ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် နိုင်ငံတကာပါလီမန်များအဖွဲ့ဆိုင်ရာ ပူးပေါင်းကော်မတီအဖွဲ့ဝင် မန်တုံမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမိုး အစား မြောင်းမြ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စိုးမိုးသူအားလည်းကောင်း၊ တပ်မတော်သား ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်ဝင်းကိုကို အစား တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ဇော်ဝင်းအားလည်းကောင်း ပြောင်းလဲ တာဝန်ပေးအပ်ခြင်းကို လွှတ်တော်သို့တင်ပြသည်။
ပူးပေါင်းကော်မတီနှစ်ခု သက်တမ်းတစ်နှစ် ထပ်မံတိုးမြှင့်ခြင်းနှင့် နိုင်ငံတကာပါလီမန်များအဖွဲ့ဆိုင်ရာ ပူးပေါင်းကော်မတီအဖွဲ့ဝင်နှစ်ဦး ပြောင်းလဲတာဝန်ပေးအပ်ခြင်းကို အတည်ပြု
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကက အဆိုပါ ပူးပေါင်းကော်မတီနှစ်ခု၏သက်တမ်းကို ၂၀၁၉ ခုနှစ် မတ် ၁ ရက်မှစ၍ သက်တမ်းတစ်နှစ် ထပ်မံတိုးမြှင့် ခြင်းနှင့် နိုင်ငံတကာပါလီမန်များအဖွဲ့ဆိုင်ရာ ပူးပေါင်း ကော်မတီအဖွဲ့ဝင်နှစ်ဦး ပြောင်းလဲတာဝန်ပေးအပ်ခြင်းတို့ ကို အတည်ပြုရန် လွှတ်တော်၏ သဘောတူညီချက်ရယူရာ သဘောမတူသူမရှိသည့်အတွက် လွှတ်တော်က အတည် ပြုကြောင်း ကြေညာသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူး ကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ကို ၂၀၁၆ ခုနှစ် မတ် ၁ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး တစ်နှစ် လျှင်တစ်ကြိမ် နှစ်စဉ် သက်တမ်းတိုးမြှင့်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကော်မရှင်အတွက် နောက်ထပ်တစ်နှစ်သက် တမ်းထပ်မံတိုးမြှင့်ခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာမူကြမ်း ကိုလည်း လွှတ်တော်ကိုယ်စားလှယ်များထံ ကြိုတင်ဖြန့်ဝေ ထားပါကြောင်း လွှတ်တော်သို့တင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယကက အဆိုပါကော်မရှင်အတွက် ၂၀၁၉ ခုနှစ် မတ် ၁ ရက်မှ စ၍ နောက်ထပ်သက်တမ်းတစ်နှစ် ထပ်မံတိုးမြှင့်ခြင်းကို အတည်ပြုရန် လွှတ်တော်၏ သဘောတူညီချက်ရယူရာ သဘောမတူသူရှိသည့်အတွက် စက်ခလုတ်အသုံးပြု၍ လွှတ်တော်၏အဆုံးအဖြတ်ရယူရာ ထောက်ခံမဲ ၂၀၊ ကန့်ကွက်မဲ ၅၅၅ မဲ၊ ကြားနေမဲ ၁၀မဲ ဖြစ်၍ ကန့်ကွက်ဆန္ဒမဲ များသဖြင့် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် သက်တမ်း တစ်နှစ်ထပ်မံတိုးမြှင့်ခြင်းကို လွှတ်တော်က အတည်မပြုကြောင်း ကြေညာသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းက နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသော တီထွင်မှုမူပိုင်ခွင့်ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဖတ်ကြားတင်ပြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက အဆိုပါဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်း နိုင်ကြောင်း ကြေညာသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ဦးဇော်ဝင်းက လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော လုပ်ငန်းခွင်ဘေးအ္တရာယ်ကင်းရှင်း ရေးနှင့် ကျန်းမာရေးဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေ ကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို ဖတ်ကြားတင်ပြရာ တွင် ဥပဒေကြမ်းပူးပေါင်းကော်မတီသည် လွှတ်တော် နှစ်ရပ်သဘောကွဲလွဲသည့်အချက်များအပြင် လွှတ်တော် နှစ်ရပ်က အတည်ပြုခဲ့သည့် ဥပဒေကြမ်းအပေါ်တွင်လည်း ထပ်မံလေ့လာစိစစ်ခဲ့ရာ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၉၈ အရ ဖြည့်စွက်အကြံပြုချက်အနေဖြင့် ဥပဒေကြမ်း၏ အပိုဒ် ၃ အပိုဒ်ခွဲ (ဂ)ကို ဥပဒေကြမ်းပူးပေါင်း ကော်မတီ၏ အသစ်ပြင်ဆင်ချက်အတိုင်း အတည်ပြု ပြဋ္ဌာန်းသင့်သည်ကို လေ့လာတွေ့ရှိရပါကြောင်း။
သို့ဖြစ်ပါ၍ လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော လုပ်ငန်းခွင်ဘေးအ္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ နည်းဥပဒေ ၈၂ နှင့်အညီ ဥပဒေကြမ်းပူးပေါင်း ကော်မတီက အစီရင်ခံစာတင်ပြအပ်ပါကြောင်း ရှင်းလင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၈၃၊ နည်းဥပဒေခွဲ(ဂ)နှင့်အညီ လွှတ်တော်နှစ်ရပ်သဘောကွဲလွဲ သည့်အချက်များနှင့် တိုက်ရိုက်သက်ဆိုင်သည့် ပြင်ဆင် ချက်အဆိုတင်သွင်းဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စား လှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာ သည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အာဆီယံ-ဟောင်ကောင် (တရုတ်) လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်အသက်ဝင်ရေးအတွက် အတည်ပြုကြောင်း အသိပေးအကြောင်းကြားစာကို စာချုပ်ဝင်နိုင်ငံအားလုံးသို့ပေးပို့ရန် ကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
မွန်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဦးအေးမင်းဟန် က ယခုသဘောတူစာချုပ်သည် မြန်မာနိုင်ငံနှင့် ဟောင်ကောင်အကြား Trade Balance ကွာဟမှုမရှိခြင်း ကြောင့် မြန်မာနိုင်ငံအတွက် ဆိုးကျိုးနည်းပြီး ကောင်းကျိုး ပိုများစေပါကြောင်း၊ သို့သော် သယံဇာတအမျိုးအစားများ ပါဝင်ပတ်သက်၍ ကန့်သတ်ထားမှုများ ရှိသင့်ပါကြောင်း၊ အဆိုပါ ကန့်သတ်ချက်များအပေါ် အခြေခံ၍ မြန်မာနိုင်ငံ အနေဖြင့် သင့်လျော်သည့်ကုန်ပစ္စည်းများကို ထုတ်လုပ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ကန့်သတ်ချက်များအပေါ် အခြေခံ၍ ကုန်ထုတ်လုပ်ငန်းများကို လုပ်ဆောင်နိုင်မှသာ အထူးထုတ်ကုန်ဖြစ်ပေါ်လာမည် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် အထူးထုတ်ကုန်ကို အခြေခံ သည့် ထုတ်ကုန်များကို ထုတ်လုပ်နိုင်မှသာ ထုတ်လုပ်မှုကုန်ကျစရိတ်လျော့နည်းလာမည်ဖြစ်ပြီး ကုန်ထုတ်စွမ်း အားလည်း မြင့်တက်လာမည်ဖြစ်ပါကြောင်း၊ သို့မှသာ လွတ်လပ်သောကုန်သွယ်မှုကို ဖော်ဆောင်သည့်အချိန် တွင် အခြားနိုင်ငံများနှင့်ယှဉ်ပြိုင်နိုင်မည် ဖြစ်ပါကြောင်း၊ လွတ်လပ်သောကုန်သွယ်မှုကို စိန်ခေါ်နိုင်ရန်အတွက် မိမိတို့နိုင်ငံအနေဖြင့် သယံဇာတအမျိုးအစားများကို ကန့်သတ်၍ အထူးထုတ်ကုန်ကိုအခြေခံသည့် ကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်ရမည်ဖြစ် ပါကြောင်း ထောက်ခံဆွေးနွေးသည်။
အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးသန်းစိုး(ခေါ်)သန်းစိုး (ဘောဂ ဗေဒ)နှင့် ရွှေကူမဲဆန္ဒနယ်မှ ဦးဇာနည်မင်းတို့က ဆက်လက် ဆွေးနွေးကြသည်။
ယင်းကိစ္စနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ပြန်လည် ရှင်းလင်းဆွေးနွေးရာတွင် အဆိုပါစာချုပ်အသက်ဝင်ပြီး ပါက စာချုပ်ဝင်နိုင်ငံများအကြား နိုင်ငံ(၁၀)နိုင်ငံ စုစည်း ထားသော ဈေးကွက်တစ်ခုဖြစ်သည့် အာဆီယံနှင့် က္ဘာ့ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအင်အားကြီးနိုင်ငံတစ်ခုဖြစ် သည့် ဟောင်ကောင်(တရုတ်)တို့အကြား စီးပွားရေး ဆက်သွယ်မှုကို ပိုမိုခိုင်မာစေမည့် စာချုပ်တစ်ခုဖြစ်သည့် အတွက် ခိုင်မာသည့် ပူးပေါင်းဆောင်ရွက်မှုများနှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ပိုမိုရရှိစေ နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူဖြစ်စေမည် ဖြစ်ပါကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဟောင်ကောင်(တရုတ်) တို့အကြား ကုန်စည်နှင့် ဝန်ဆောင်မှုကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတို့တွင် အကျိုးကျေးဇူးများ ရရှိစေနိုင် မည့်အပြင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ပိုမို မြှင့်တင်နိုင်ပြီး ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံနှင့် ဟောင်ကောင်(တရုတ်)တို့အကြား အပြန်အလှန် ကုန်သွယ်မှုများ ပိုမိုတိုးတက်လာစေနိုင်ပြီး မြန်မာနိုင်ငံ၏ ဝန်ဆောင်မှုကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် အကျိုးကျေးဇူးများရရှိနိုင်စေမည် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံ များနှင့်အတူ လိုက်ပါဆောင်ရွက်နိုင်ရန်အတွက် အာဆီယံ-ဟောင်ကောင်(တရုတ်) လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီမှုစာချုပ်အတွက် အတည်ပြု ကြောင်း အကြောင်းပြန်ကြားစာအား အာဆီယံအတွင်း ရေးမှူးရုံးသို့ပေးပို့နိုင်ရန် လွှတ်တော်၏အတည်ပြုချက် ရယူပေးပါရန် ရှင်းလင်းတင်ပြအပ်ပါကြောင်း ပြောကြား သည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက ယင်းကိစ္စနှင့်စပ်လျဉ်း၍ အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူအတည် ပြုကြောင်း ကြေညာသည်။
အာဆီယံ-ဟောင်ကောင် (တရုတ်)
ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်အား အတည်ပြုရန်ကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေး
ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထား သော အာဆီယံ-ဟောင်ကောင် (တရုတ်) ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်အား အတည်ပြုရန်ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေ က မြန်မာနိုင်ငံအနေဖြင့် အာဆီယံ-ဟောင်ကောင် (တရုတ်) ရင်းနှီးမြှုပ်နှံမှုသဘောတူညီချက်ကို အကောင်း ဆုံး အသုံးချပြီး နိုင်ငံသားများ၊ အထူးသဖြင့် အလုပ်အကိုင် ရှားပါးသည့် မိမိတို့ ရခိုင်ပြည်နယ်အပါအဝင် တိုင်းရင်းသား ဒေသများတွင်လည်း ရင်းနှီးမြှုပ်နှံမှု ပိုမိုရရှိစေရန် ကြိုးပမ်း ဆောင်ရွက်သင့်သည်ကို တိုက်တွန်းလိုပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ၏ အရေးအကြီးဆုံးစီးပွားရေးကဏ္ဍဖြစ်သည့် စိုက်ပျိုး၊ မွေးမြူရေးထွက်ကုန်များ အဆင့်မြှင့်ထုတ်လုပ် နိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုများကို အောင်အောင် မြင်မြင် ဖိတ်ခေါ်ရန်သင့်ကြောင်းကို သက်ဆိုင်ရာသို့ အထူး အလေးအနက်ထား တိုက်တွန်းလိုပါကြောင်း ဆွေးနွေး သည်။
လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချိုက ဟောင်ကောင်သည် တရုတ်နိုင်ငံ၏ သီးခြားအုပ်ချုပ်ခွင့်ရ နယ်မြေဖြစ်ပြီး ဒီမိုကရေစီရင့်ကျက်၍ ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန် ကောင်းမွန်သည့် နယ်မြေဖြစ်ပါကြောင်း၊ နိုင်ငံခြားကုန် သွယ်ဖက်နိုင်ငံအများအပြားရှိသောနေရာဖြစ်ပြီး မြန်မာ နိုင်ငံအပါအဝင် အာဆီယံနိုင်ငံများအတွက် အထောက် အကူများစွာပေးနိုင်ပါကြောင်း၊ ဟောင်ကောင်နှင့် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုး ခြင်းဖြင့် မြန်မာနိုင်ငံအတွက်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများစွာ တိုးတက်လာနိုင်သကဲ့သို့ ကုန်သွယ်မှု ကဏ္ဍတွင်လည်း များစွာတိုးတက်လာနိုင်မည်ဖြစ်ပါ ကြောင်း။
မြန်မာနိုင်ငံအနေဖြင့် လက်ရှိကာလအထိ ကုန်သွယ်ရေးက$ဏ္ဍတွင် ကုန်သွယ်မှု လိုငွေ အမြဲဖြစ်နေသည့်အတွက် ပို့ကုန်မြှင့်တင်နိုင်ရန် လိုအပ်မည်ဖြစ်ပြီး သွင်းကုန်နှင့် ပို့ကုန်အလွန် အမင်း ကွာဟမှုမဖြစ်စေရန် သတိထားရန်လည်း လိုအပ်ပါကြောင်း၊ ယခုစာချုပ်စည်းကမ်းများ အရလည်း မိမိနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများဝင်လာသည့်အခါ နိုင်ငံ၏အခြေအနေအရ မငြိမ်သက်မှု၊ စစ်မက်ဖြစ်ပွားမှုကြောင့် ရင်းနှီးမြှုပ်နှံလာသူများ၏ ဆုံးရှုံးနစ်နာမှုများ မဖြစ်စေရန် လည်း ဂရုပြုဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သို့မှသာ နိုင်ငံအတွက် နစ်နာဆုံးရှုံး မှုများကို ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း၊ အဆိုပါစာချုပ်သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက်အကူပြုလာနိုင်မည်ဖြစ်သောကြောင့် အဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြု လက်မှတ်ရေးထိုးမှုကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ပြန်လည်ရှင်းလင်းဆွေးနွေး
အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ရွှေကူမဲဆန္ဒနယ်မှ ဦးဇာနည်မင်း၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးသန်းစိုး (ခေါ်) သန်းစိုး(ဘောဂဗေဒ)နှင့် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်သောင်းတို့က ဆက်လက်ဆွေးနွေးကြသည်။
ယင်းကိစ္စနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက် အောင်က ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် ယင်းသဘောတူစာချုပ်သည် အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် ဟောင်ကောင်(တရုတ်) တို့အကြား ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင်ရေးရည်ရွယ် လျက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဖြေလျှော့မှုပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှုများကို အကာအကွယ်ပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှုများကို လျင်မြန်ချောမွေ့စေခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်းတို့အပေါ် အခြေပြု ရေးဆွဲထားခြင်းဖြစ်ပါကြောင်း။
အတည်ပြုချက်ရယူ
မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး လုပ်ငန်းစဉ်များတွင် အဓိက ဖိတ်ခေါ်မည့်နိုင်ငံများ ၌ ဟောင်ကောင်ပါဝင်လျက်ရှိရာ အာဆီယံ-ဟောင်ကောင် (တရုတ်) ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးအတည်ပြုခြင်းအားဖြင့် မိမိတို့၏ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးလုပ်ငန်းများကိုများစွာ အထောက်အကူပြုစေမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အခြား အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အတူလိုက်ပါဆောင်ရွက်နိုင်ရန်အတွက် အာဆီယံ-ဟောင်ကောင် (တရုတ်) ရင်းနှီးမြှုပ်နှံမှု သဘောတူညီမှုစာချုပ် အသက်ဝင်စေရေးအတွက် အတည်ပြုကြောင်း အကြောင်းပြန်ကြားစာအား အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ ပေးပို့နိုင်ရန်အတွက် လွှတ်တော် ၏ အတည်ပြုချက်ရယူပေးပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နယက က အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်ကသဘောတူအတည်ပြုကြောင်း ကြေညာ သည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ကို မတ် ၅ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မော်၊ အေးအေးသန့် (သတင်းစဉ်)

No comments:

Post a Comment