Thursday, March 7, 2019

တစ်မျိုးတည်းသော မြေပုံစနစ်ပြုစုရေးနှင့် မြေယာမှတ်ပုံတင်ခြင်းလုပ်ငန်းတို့ကို နှစ်ရှည်စီမံကိန်းချမှတ်ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်း
Image may contain: 1 person, standing
နေပြည်တော် မတ် ၆
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့တွင် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ ၁၉၉၃ ခုနှစ် ကလေးသူငယ်ဥပဒေအား ဥပဒေပြုပြီးနောက် စိစစ်ခြင်းအစီရင်ခံစာကို တင်သွင်းခြင်းနှင့် အဆို(၁)ခု ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။
တက္ကသိုလ်ဝင်ခွင့် ရွေးချယ်မှုစနစ် ပြန်လည်သုံးသပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ
အစည်းအဝေးတွင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉) မှ ဒေါက်တာ ဇော်လင်းထွဋ်၏ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် အခြေခံပညာအထက်တန်းအောင် ကျောင်းသား ကျောင်းသူများအား တက္ကသိုလ်ပညာ သင်ကြားခွင့် ရွေးချယ်ရာ တွင် အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေး အဖွဲ့၏ ရွေးချယ်မှုနှင့် သီးခြားတိုက်ရိုက်လျှောက်ထားခွင့်ပြုသော တက္ကသိုလ် (၁၁)ခုစီမှ သီးခြားရွေးချယ်မှုစနစ်(၂)ခုအရ ကျောင်းသား ကျောင်းသူများ နစ်နာမှုရှိခဲ့ပါသဖြင့် ထိုရွေးချယ်မှုစနစ်ကို ပြန်လည်သုံးသပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက လွှတ်တော်ကိုယ်စားလှယ် အကြံပြုတင်ပြသည့် အတိုင်း ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရေးစနစ်ကို ယခင်နှစ်က ကိုယ်ပိုင်သီးခြားတိုက်ရိုက်လျှောက်ထားခွင့်ပြုသည့် တက္ကသိုလ်အရေအတွက် ၁၃ ခုနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်ရှိ ဆေးတက္ကသိုလ် နှင့် ဆေးနှီးနွှယ်တက္ကသိုလ် ၁၅ ခုအတွက် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားမည့် လျှောက်လွှာတစ်ခုတည်းကိုသာ ဦးစားပေးအစီအစဉ်အတိုင်း ဖြည့်စွက် လျှောက်ထားစေမည် ဖြစ်ပါကြောင်း။
၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်ခွင့်ရွေးချယ်မှုစနစ်ကို ပြန်လည်သုံးသပ်ရန် အတွက် ပါမောက္ခချုပ်များကော်မတီမှ ဦးဆောင်၍ ဘာသာရပ်နယ်ပယ်မတူ သော တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ òန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများမှ တက္ကသိုလ်ဝင်ခွင့်ရွေးချယ်မှု စနစ်ကို ပြန်လည်သုံးသပ်ပြီး အသင့်တော်ဆုံးဖြစ်မည့် ရွေးချယ်မှုစနစ်ကို ဆွေးနွေးရန်အတွက် အစည်းအဝေးကို မတ် ၉ ရက်တွင် ပြင်ဆင်ညှိနှိုင်းစီစဉ် ဆောင်ရွက်ထားရှိပါကြောင်းနှင့် စကားဝိုင်းဆွေးနွေးပွဲများ၊ သတင်းစာများ၊ မီဒီယာများ၊ ဝက်ဘ်ဆိုက်များမှတစ်ဆင့် ကျောင်းသား ကျောင်းသူများ၊ မိဘများ၊ အုပ်ထိန်းသူများနှင့် ပြည်သူများသိရှိနိုင်ရန် တာဝန်ယူ၍ အတတ် နိုင်ဆုံး ကြိုးစားဆောင်ရွက်ပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။
ကျောင်းဆောင်နှင့် ဆရာ ဆရာမများ
တစ်နိုင်ငံလုံးအတွက် လိုအပ်နေ
တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးဇော်ဟိန်း၏ တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် ရေမြစ်ကြီးကျေးရွာအုပ်စု ဒုံးပုလဲ အော် အခြေခံပညာအလယ်တန်းကျောင်းအား အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)အဖြစ် ၂၀၁၉ ပညာသင်နှစ်တွင် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ကျွန်းစုမြို့နယ် ဒုံးပုလဲအော် အခြေခံပညာအလယ်တန်းကျောင်းတွင် အလယ်တန်းအဆင့် ပညာသင်ယူနေသည့် ကျောင်းသား ကျောင်းသူ ၂၂၄ ဦးရှိပါကြောင်း၊ သို့သော် ကျွန်းစုအခြေခံပညာအထက်တန်းကျောင်းနှင့် ၃၅ မိုင်ခန့်ကွာဝေးသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် စိစစ်ချက်အရ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့်အတွက် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အဖြစ် အဆင့်တိုးမြှင့်ရန် စီစဉ် ဆောင်ရွက်နေပါကြောင်း၊ သို့သော် လိုအပ်သည့် ကျောင်းဆောင်နှင့် ဆရာ ဆရာမများသည် တစ်နိုင်ငံလုံးအတွက် လိုအပ်နေခြင်းကြောင့် ကျောင်းဆောင် နှင့် ဆရာ ဆရာမကို ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသည်ကို လေးစားစွာတင်ပြ အပ်ပါကြောင်း ဖြေကြားသည်။
အလားတူ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးထွန်းထွန်း ဦး၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေနှင့် မ္တလေးတိုင်းဒေသ ကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးကျော်တုတ်တို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး တို့က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။
နယ်နိမိတ်တိုင်းတာပိုင်းခြားသတ်မှတ်ရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အစီရင်ခံစာ ဖတ်ကြား
ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါ်နန်းနီနီ အေးက နယ်နိမိတ်တိုင်းတာပိုင်းခြားသတ်မှတ်ရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်းသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ပြည်သူ့ လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော နယ်နိမိတ်တိုင်းတာ ပိုင်းခြားသတ်မှတ်ရေး ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီက ပြင်ဆင်ထားသည့်အတိုင်း လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးထိန်ဝင်း က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော နယ်နိမိတ် တိုင်းတာပိုင်းခြားသတ်မှတ်ရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့ သဘောကွဲလွဲသည့် အချက်ကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် အဆိုတင်သွင်းသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက နယ်နိမိတ်တိုင်းတာ ပိုင်းခြား သတ်မှတ်ရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသည့် အချက်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရန် ဆုံးဖြတ်ကြောင်း ကြေညာ သည်။
ယင်းနောက် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးလှမြင့်(ခ) ဦးလှမြင့်သန်း၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် မြေယာအုပ်ချုပ်ရေးကဏ္ဍတွင် ပိုမိုထိရောက်စွာနှင့် ရှင်းလင်းလွယ်ကူမြန်ဆန်စွာ ဆောင်ရွက်နိုင်ရန် ခိုင်မာမှန်ကန်သော မြေယာဆိုင်ရာအချက်အလက်များ ရရှိရေး မြေယာမှတ်ပုံတင်လုပ်ငန်းကို မဖြစ်မနေ ဆောင်ရွက်ရန် လိုအပ်လျက် ရှိရာ ထိုသို့ဆောင်ရွက်ရန် မူလအခြေခံလိုအပ်ချက်ဖြစ်သည့် တစ်မျိုးတည်းသော မြေပုံစနစ်ဖြင့် မြို့မြေ၊ ရွာမြေနှင့် မြေယာအားလုံးကို ပြုစုမှတ်တမ်းတင်ထား နိုင်ရေး ပြည်ထောင်စုအစိုးရအနေဖြင့် နိုင်ငံတကာမှ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့ အစည်းများနှင့် ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၏ အကူအညီများရယူလျက် တစ်မျိုးတည်းသော မြေပုံစနစ်ပြုစုရေးနှင့် မြေယာမှတ်ပုံတင်ခြင်းလုပ်ငန်း တို့ကို နှစ်ရှည်စီမံကိန်း ချမှတ်ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအားတိုက်တွန်း ကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ ဦးဘမျိုးသိန်းက မြေနှင့် သက်ဆိုင်သည့် စီမံခန့်ခွဲမှုများ၊ မြေနှင့်သက်ဆိုင်သည့် ဥပဒေများ၊ မြေနှင့် သက်ဆိုင်သည့် မှတ်တမ်းများသည် တစ်ခုနှင့်တစ်ခု ဆက်နွှယ်၍ သဟဇာတ ဖြစ်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနများ၊ ဌာနဆိုင်ရာများအကြား အချင်းချင်းပူးပေါင်းညှိနှိုင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် တစ်နိုင်ငံလုံးနှင့်သက်ဆိုင်သည့် လုပ်ငန်းများဖြစ်သည့်အတွက် နိုင်ငံ သားများ၊ တိုင်းရင်းသားများကိုလည်း အသိပေးခြင်း၊ ရှင်းလင်းပြောကြားခြင်း များလိုအပ်သကဲ့သို့ နိုင်ငံသားများ၊ တိုင်းရင်းသားများ၏ အကူအညီပူးပေါင်း ဆောင်ရွက်မှုလည်း လိုအပ်ပါကြောင်း။
အလားတူ မြေနှင့်သက်ဆိုင်သည့် အဖွဲ့အစည်းများ၏ ပူးပေါင်းကူညီမှုများ လည်း လိုအပ်ပါကြောင်း၊ ယခုကဲ့သို့ အားလုံး၏ ပူးပေါင်းကူညီဆောင်ရွက်မှု၊ ညှိနှိုင်းမှု၊ ကူညီပံ့ပိုးမှုများဖြင့်သာ ရည်မှန်းချက်အောင်မြင်ပြီး လိုအပ်နေသည့် တစ်ခုတည်းသော မြေပုံစနစ် အောင်မြင်နိုင်မည် ဖြစ်ပါကြောင်း၊ ထို့ပြင် စနစ်တစ်ခု အောင်မြင်သွားပါက ゞင်းစနစ်ကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထိုသို့ စဉ်ဆက်မပြတ်ဆောင်ရွက်ခြင်းအားဖြင့် ပိုမို ကောင်းမွန်သည့်စနစ်တစ်ခု ဖန်တီးပြီး မိမိတို့နိုင်ငံ၏ လိုအပ်နေသည့် တစ်ခု တည်းသော မြေပုံစနစ်တစ်ခု၊ မြေယာမှတ်တမ်းပုံစံတို့ကို ဆောင်ရွက်နိုင်မည်ဖြစ် သည့်အတွက် အဆိုအား ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးစိုးဝင်းက တစ်မျိုးတည်းသော မြေပုံစနစ်နှင့် မြေယာမှတ်ပုံတင်ရေးကို ဆောင်ရွက်မည်ဆိုပါက ပြန့်ကျဲ နေသည့် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးရှိ မြေယာမှတ်တမ်းများအားလုံးကို စုစည်းရမည်ဖြစ်ပြီး ဌာနချင်း ညှိနှိုင်းပေါင်းစပ်မှုများ လုပ်ဆောင်ကြရမည် ဖြစ်ပါကြောင်း၊ ဌာနပေါင်းစုံတွင်ရှိသည့် အားလုံးသော မြေယာဆိုင်ရာ မှတ်တမ်းများအားလုံးကို စုစုစည်းစည်းပြုလုပ်ပြီး ပြန်လည်စိစစ်ခြင်းများ လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း၊ ဥပဒေအရပေးထားသည့် တိုင်းရင်းသား များ၏ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာ မြေနေရာများကိုလည်း ဖော်ထုတ် ပေးရမည် ဖြစ်ပါကြောင်း၊ ထို့ပြင် တစ်ခုတည်းသော မြေပုံစနစ် ပြုစုမည်ဆိုပါက အချိန်၊ ငွေကြေး၊ နည်းပညာနှင့် ပစ္စည်းကိရိယာများ လိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တစ်ခုတည်းသောမြေကြီးမြေပုံစနစ်နှင့် မြေယာမှတ်ပုံတင်ခြင်းလုပ်ငန်း များကို လျင်မြန်စွာဆောင်ရွက်သင့်ပါကြောင်း ထောက်ခံဆွေးနွေးသည်။
ယင်းအဆိုကို စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးအောင်မျိုး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်မောင် လတ်နှင့် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်တို့က ဆက်လက်ဆွေးနွေးကြသည်။
ထို့နောက် အမျိုးသားလွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ် အခွင့် အရေးဆိုင်ရာ ကော်မတီဝင် ဒေါက်တာဝင်းမြင့်ချစ်က အမျိုးသားလွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီ၏ ၁၉၉၃ ခုနှစ် ကလေးသူငယ်ဥပဒေအား ဥပဒေပြုပြီးနောက် စိစစ်ခြင်းအစီရင်ခံစာကို အမျိုးသားလွှတ်တော်သို့ ဖတ်ကြားတင်သွင်းသည်။
ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အဆိုပါစိစစ်ခြင်း အစီရင် ခံစာကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်း အဝေး (၂၂) ရက်မြောက်နေ့ကို မတ် ၇ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။
အောင်ရဲသွင်၊ လူမော်(သတင်းစဉ်)

No comments:

Post a Comment