Thursday, March 7, 2019

ကျေးလက်ဒေသလိုအပ်ချက်များကို ဦးစားပေးဆောင်ရွက်ပေးမှသာ အမြန်ဆုံးဖွံ့ဖြိုးတိုးတက်မည်
Image may contain: 1 person, hat
နေပြည်တော် မတ် ၆
ကျေးလက်လမ်း၊ တံတားများ တည်ဆောက်အကောင်အထည်ဖော်ရာတွင် ရည်မှန်းချက်များနှင့် လုပ်ငန်းစဉ်များ အောင်မြင်စေရန်အတွက် လိုအပ်ချက် များကို ပိုမိုဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော်(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၁)ရက်မြောက်နေ့တွင် အတည်ပြုခဲ့သည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့်
စပ်လျဉ်းသည့် မေးခွန်းများ ရှင်းလင်းဖြေကြား
အစည်းအဝေးတွင် တာမွေမဲဆန္ဒနယ်မှ ဦးတိုးဝင်း၏ တာမွေကလေး၊ မင်းရဲကျော်စွာ မီးရထားခုံးကျော်တံတားပေါ်ရှိ လျှပ်စစ်မီးတိုင်များ ပြန်လည် မီးလင်းရေး အမြန်ဆောင်ရွက်ပေးရန်၊ မြို့ပတ်မီးရထားဘူတာရုံများ၊ သံလမ်းနံဘေးနေရာများတွင် အန္တရာယ်သတိပြု သတ်မှတ်နယ်နိမိတ်မျဉ်း သို့မဟုတ် အမှတ်အသားများကို ထင်သာမြင်သာ သတ်မှတ်ထားရှိရန်၊ မီးရထားတိုက်ခြင်း အ္တရာယ်မှ ကင်းဝေးစေရန် မေတ္တာညွန့်နှင့် မြန်မာ့ဂုဏ်ရောင်သို့ ဖြတ်ကူး သော လူကူးမီးရထား ခုံးကျော်တံတားနှင့် ကျောက်မြောင်း မလွှကုန်းဘူတာ ဘက်ခြမ်းမှ ပုသိမ်ညွန့်သို့ ဖြတ်ကူးမည့် လူကူးခုံးကျော်တံတားတို့ကို တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက မြန်မာ့မီးရထား ၏ တိုင်းအမှတ်(၇) ရန်ကုန်နယ်မြေအတွင်းရှိ တာမွေမြို့နယ် လေးထောင့်ကန် လမ်းရှိ မင်းရဲကျော်စွာ မီးရထားခုံးကျော်တံတားပေါ်တွင် ၁၁၅ ဝပ် LED လမ်းမီး ၁၅ စုံနှင့် ၁၅၀ ဝပ် Soidumလမ်းမီး ၂ စုံတို့ကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်က တပ်ဆင်ပေးပြီးဖြစ်၍ မီးအလင်းရောင် ကောင်းမွန်စွာ ရရှိနေပြီဖြစ်ပါကြောင်း။
ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ချေးငွေ အကူအညီဖြင့် မြန်မာ့မီးရထားက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းအရ မြို့ပတ်ရထားဘူတာများ၏ ပလက်ဖောင်းများ အဆင့်မြှင့်တင် ပြုပြင်ရာ၌ ခရီးသွားပြည်သူများ ဘေးအ္တရာယ် ကင်းရှင်းစေရေးအတွက် ရထားသံလမ်းဘက် ပလက်ဖောင်းထိပ်မှ အတွင်းဘက်သို့ ၂ ပေ ၆ လက်မ အကွာတွင် သတိပေးမျဉ်းဝါလိုင်းများ ရေးဆွဲသတ်မှတ် ဆောင်ရွက်လျက်ရှိရာ လမ်းမတော်၊ ပြည်လမ်း၊ ရှမ်းလမ်း၊ အလုံလမ်း၊ ပန်းလှိုင်နှင့် ဟံသာဝတီဘူတာ တို့တွင် ဆောင်ရွက်ပြီးဖြစ်ပါကြောင်း။
ရန်ကုန်မြို့ပတ်ရထားသံလမ်းတစ်လျှောက် ဘေးအ္တရာယ်ကင်းရှင်း ရေးနှင့် လုံခြုံမှုရှိစေရေးအတွက် အုတ်ခြံစည်းရိုးကာရံခြင်းနှင့် Chain Link ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများကို ယခင်ကတည်းက အဆင့်ဆင့် ဆောင်ရွက် ခဲ့ရာ စုစုပေါင်း ဆောင်ရွက်ရန်ရှိသည့် ခြံစည်းရိုး အလျားပေ ၂၆၃၄၄၀၊ အနက် ပေ ၁၄၉၀၉၀ ကို ကာရံထားရှိခဲ့ပြီးဖြစ်ပါကြောင်း၊ ခြံစည်းရိုးကာရန် ကျန်ရှိ သည့် စုစုပေါင်း အလျား ပေ ၁၁၄၃၅၀ ကှိဲုဃဗ စီမံကိန်းအရပင် ဆက်လက်ကာရံဆောင်ရွက်လျက်ရှိရာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်နှင့် ၂၀၁၈ ခုနှစ် ဧပြီလမှ အောက်တိုဘာလအထိ ၆ လ ဘဏ္ဍာရေးကာလတို့တွင် ခြံစည်းရိုး ပေ ၇၄၅၁၀ ဆောင်ရွက်ခဲ့ပြီး ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ခွင့်ပြုဘဏ္ဍာငွေအရ အုတ်ခြံစည်းရိုးအလျား ပေ ၂၀ဝ၀ ကို ဆက်လက်ကာရံရေး အတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အုတ်ခြံစည်းရိုး ပေ ၅၀ဝ၀ ကာရံခြင်းလုပ်ငန်းအတွက် ဘဏ္ဍာရန်ပုံငွေ$ကျပ် ၃၇၁ ဒသမ ၈ သန်း လျာထားတင်ပြထားပါကြောင်း။
မြို့ပတ်လမ်းဖြတ်ကူးရာတွင် အန္တရာယ်ကင်းရှင်းစေရေးအတွက် ကျောက် မြောင်း၊ မလွှကုန်းဘူတာဘက်ခြမ်းမှ ပုသိမ်ညွန့်သို့ ဖြတ်ကူးမည့် လူကူး ခုံးကျော်တံတားကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ မေတ္တာညွန့်နှင့် မြန်မာ့ဂုဏ်ရောင်သို့ ဖြတ်ကူးမည့် လူကူး ခုံးကျော်တံတား တည်ဆောက်ပေးနိုင်ရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်တွင် ဘဏ္ဍာရန်ပုံငွေ တင်ပြတောင်းခံသွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားသည်။
ဇလွန်မဲဆန္ဒနယ်မှ ဦးအောင်မင်း၏ ၂၀၁၈-၂၀၁၉ ခုနှစ် ဘတ်ဂျက် ခွင့်ပြုချက်ဖြင့် ဧရာဝတီမြစ် ရေလမ်းဖွံ့ဖြိုးရေးလုပ်ငန်းနှင့် ကမ်းထိန်းလုပ်ငန်း များကို ဆောင်ရွက်မည်ဖြစ်ရာ ဧရာဝတီမြစ်၏ လက်ရှိဖြစ်ပေါ်နေသည့် ပကတိ အနေအထားအရ ပိုမိုအကျိုးရှိ ထိရောက်အောင် ဆောင်ရွက်ပေးနိုင်ရေးနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေ ငွေ$ကျပ်သန်း ၂၀ဝ ဖြင့် ရေနက်စီးကြောင်းကပ်လျက် ဖြစ်ပေါ်ပြီး ကမ်းပါးအိကျမှုများရှိသည့် ဇလွန် -အိုးဘို-သဲကုန်း ဆည်မြောင်းတာတမံများ ရှေ့တွင် ကပ်လျက် ရေစီးကြောင်းစီးဆင်းမှုကို လျော့နည်းသက်သာစေမည့် လုပ်ငန်းအစီအမံများအတွက် လုပ်ငန်းသုံးပစ္စည်းတင်ဒါများ ခေါ်ယူပြီးဖြစ်၍ လုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရန် အကြိုအင်ဂျင်နီယာလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။
ပြည်ထောင်စုအစိုးရအဖွဲ့ ရန်ပုံငွေ ငွေကျပ် ၂၉၆သန်းဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများမှာ သောင်တူးလုပ်ငန်းဖြစ်ပြီး သောင်တူးရေယာဉ်ခွဲဝေဆောင်ရွက်မှုအရ ဓနုဖြူမြို့နယ် စံကင်းရေလမ်းဖွံ့ဖြိုးရေးပြီးစီးသည့် မတ်လ အလယ်ခန့်တွင် အဆိုပါ သောင်တူးရေယာဉ်များကို ဇလွန်မြို့သို့ ရွှေ့ပြောင်း၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ အထက်ဖော်ပြပါ လုပ်ငန်းများကို ရရှိသည့် ဘဏ္ဍာရန်ပုံငွေ အခြေအနေအပေါ်မူတည်၍ ထိုက်သင့်သော အကျိုး ကျေးဇူးရရှိစေရန် စီမံဆောင်ရွက်ထားခြင်းဖြစ်ပြီး အဆိုပါလုပ်ငန်းများကို လာမည့်ရေနည်းရာသီတွင် စိစစ်တိုင်းတာစစ်ဆေးပြီး လိုအပ်သည့်လုပ်ငန်း များကို ထပ်မံဖြည့်စွက် ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း။
ဝါသာလှ ၅ မိုင်ခွဲ တူးမြောင်းမှ စီးဆင်းလာသော ရေစီးကြောင်းကို ဇလွန်မြို့အနီး ဖြတ်သန်းစီးဆင်းမှုအား ပိုမိုလျှော့ချနိုင်စေရန်အတွက် ကူးတို့ ဆိပ်ရွာ၏ အောက်ဘက်ရှိ နန်းတော်ကျွန်း မြစ်ဟောင်းပေါက် ပြန်လည် တူးဖော်ဆောင်ရွက်ခြင်းသည် ရေရှည်ပိုမိုကောင်းမွန်သည့် အစီအမံဖြစ် သော်လည်း ရန်ပုံငွေ လိုအပ်မှုအခြေအနေ၊ မြေပြင်အခြေအနေတို့အရ တူးဖော်ပြီးပါက လတ်တလောဖွံ့ဖြိုးမှုကို အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ကြည့်ရမည့် အခြေအနေနှင့် ဒေသခံတောင်သူများ၏ စိုက်ပျိုးမြေများ၏ အခြေအနေ စသည့်အကြောင်းအရာများကို ထည့်သွင်းတိုင်းတာ ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ တင်ပြခဲ့သည့်အစီအစဉ်များကို လတ်တလော ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နန်းတော်ကျွန်း မြစ်ဟောင်းပေါက် တူးဖော် မည့် အစီအမံများအပေါ် ဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှု ဆောင်ရွက်၍ ရေရှည် တွင် ပိုမိုကောင်းမွန်သော အစီအမံအဖြစ် ဆောင်ရွက်သင့်ပါက အနီးစပ်ဆုံး ဘဏ္ဍာနှစ်တွင် ရန်ပုံငွေ လျာထားတင်ပြသွားမည်ဖြစ်ပါကြောင်း၊ ဘဏ္ဍာငွေ ခွင့်ပြုရရှိမှုအပ်ါမူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားသည်။
ဆက်လက်၍ အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချို၊ ထားဝယ်မဲဆန္ဒနယ်မှ ဦးအောင်စိန်၊ ဟင်္သာတမဲဆန္ဒနယ်မှ ဦးခင်မောင်ရီ၊ ငပုတောမဲဆန္ဒနယ်မှ ဦးသန်းအောင်နှင့် ရွှေပြည်သာမဲဆန္ဒနယ်မှ ဦးÓဏ်လင်းတို့၏ မေးခွန်းများ နှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးတို့က ရှင်းလင်းဖြေကြား ကြသည်။
မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေး
ထို့နောက် အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီဝင် ဦးဝေလှိုင်ထွန်းက အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်များအနက် သဘောတူသင့်သည့် အချက် ၁၅ ချက်၊ ဥပဒေကြမ်း ကော်မတီမှ ထပ်မံပြင်ဆင်ချက် ၉ ချက်နှင့် အမျိုးသားလွှတ်တော်မှ ပြင်ဆင် ချက်များအတိုင်း သဘောမတူဘဲ ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်အတိုင်း ထားရှိသင့်သည့် အချက် ၂ ချက်တို့ကို တင်ပြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုပါအချက် များနှင့် စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူ အတည်ပြုသည်။
အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက် ၁၁ ချက်ကို လွှတ်တော် နှစ်ရပ် သဘောကွဲလွဲမှုရှိသောကြောင့် ပြည်ထောင်စုလွှတ်တော်တွင် တင်ပြ သင့်ကြောင်းကို ဥပဒေကြမ်းကော်မတီဝင် ဦးစိုင်းထွန်းအေးက အဆိုတင်သွင်း သည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြင်ဆင်ချက် ၁၁ ချက်နှင့် စပ်လျဉ်း၍ သဘောကွဲလွဲခြင်းကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေး ဆုံးဖြတ်ရန် တင်ပြမည်ဖြစ်ကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ကြေညာသည်။
ယင်းနောက် လေးမျက်နှာမဲဆန္ဒနယ်မှ ဦးဇော်မင်းသိန်း တင်သွင်းသည့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အဓိကကျသည့် ကျေးလက်နေ ပြည်သူလူထု လူနေမှုဘဝမြှင့်တင်နိုင်ရန် မဖြစ်မနေဆောင်ရွက်ရမည့် ကဏ္ဍတစ်ရပ်ဖြစ်သော ကျေးလက်လမ်း၊ တံတားများ တည်ဆောက်အကောင် အထည်ဖော်ရာတွင် ရည်မှန်းချက်များနှင့် လုပ်ငန်းစဉ်များ အောင်မြင်စေရန် အတွက် လိုအပ်ချက်များကို ပိုမိုဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စား လှယ်များက ဆွေးနွေးကြသည်။
အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချိုက လမ်း၊ တံတားလုပ်ငန်းများတွင် အဓိကကျသည့် ဘတ်ဂျက်ရရှိမှုနှင့်အတူ ရရှိသည့်ဘတ်ဂျက်ကို စီမံခန့်ခွဲမှု ဖြစ်ပါကြောင်း၊ တင်ဒါခေါ်ယူသည့် လုပ်ငန်းများတွင်လည်း မှန်ကန်သည့်၊ စနစ်ကျသည့် လုပ်ငန်းအဆင့်ဆင့်လည်း လိုအပ်နေဆဲဖြစ်ပါကြောင်း၊ ကျေးလက်လမ်း၊ တံတားလုပ်ငန်းတိုင်းတွင် ဒေသခံရပ်ရွာမှ ကူညီနိုင်ရန်၊ စောင့်ကြည့်နိုင်ရန်၊ လမ်းမြေနေရာရရှိရေး ကူညီဆောင်ရွက်နိုင်ရန် ဒေသ ဆိုင်ရာ ကော်မတီတစ်ရပ်ကိုလည်း ပွင့်လင်းမြင်သာစွာ ဖွဲ့စည်းထားသင့်ပါ ကြောင်း၊ ထိုကော်မတီမှ အားကောင်းစွာ၊ စိတ်ပါဝင်စားစွာနှင့် လုပ်ငန်း ဆောင်ရွက်သူများကို အကြံပြု ကူညီသင့်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်သူက လည်း ပွင့်လင်းမြင်သာစွာ ကုန်ကျစရိတ်နှင့် ဆောင်ရွက်ပုံအဆင့်ဆင့်ကို ကော်မတီမှတစ်ဆင့် ပြည်သူများထံ တင်ပြညှိနှိုင်းဆောင်ရွက်ပါက ကျေးလက် လုပ်ငန်းများ ပိုမိုအောင်မြင်နိုင်ပါကြောင်း။
နိုင်ငံတော်မှ ကျေးလက်ဒေသများ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်း၊ တံတား စသည့် အခြေခံအဆောက်အအုံများအတွက် ဘဏ္ဍာငွေကြေး များ သုံးစွဲပေးနေသော်လည်း ကျေးလက်နေပြည်သူများထံ ရောက်သင့် သလောက် မရောက်ဖြစ်နေသောကြောင့် ဌာနဝန်ထမ်း၊ ကုမ္ပဏီ၊ ဒေသခံတို့ အကြားတွင် ပဋိပက္ခများလှသည့် ငွေကြေးသုံးစွဲမှုများကိုလည်း သေသေချာချာ ဆန်းစစ်ပြီး မူဝါဒချမှတ်ဆောင်ရွက်သင့်ပါကြောင်း၊ ပွင့်လင်းမြင်သာပြီး တာဝန် ယူမှု၊ တာဝန်ခံမှုရှိသည့် နည်းလမ်းများကို ရှာဖွေသင့်ပါကြောင်း ဆွေးနွေးသည်။
ကျောင်းကုန်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်းက ကျေးလက်ဒေသများတွင် လိုအပ်ချက်များစွာ ရှိပါကြောင်း၊ အဆိုပါ လိုအပ်ချက်များကို ဦးစားပေး ဆောင်ရွက်ပေးမှသာ ကျေးလက်ဒေသများ အမြန်ဆုံးဖွံ့ဖြိုးတိုးတက်မည် ဖြစ်ပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ချထားပေးရာတွင်လည်း လုပ်ငန်းများအဆင့်မီပြီး အရည်အသွေးကောင်းမွန်ရန် အထူးလိုအပ်ပါကြောင်း၊ လုပ်ငန်းတင်ဒါများ အောင်မြင်ပြီးသည်နှင့် ကုမ္ပဏီများအနေဖြင့် ပစ္စည်းအရည် အသွေးလျှော့ချခြင်း၊ ကျွမ်းကျင်လုပ်သားနည်းခြင်း၊ ကြီးကြပ်မှုအားနည်းခြင်း တို့ကြောင့် စံချိန်မီသောလုပ်ငန်းများ ဖြစ်မလာပါကြောင်း၊ ထို့ကြောင့် အဆိုရှင် မျှော်မှန်းသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရမည့် လမ်း၊ တံတားအပါအဝင် အဆောက်အအုံများအားလုံးသည် စံချိန်စံညွှန်းမမီသည့် အဆောက်အအုံများ ဖြစ်လာမည်ကို စိုးရိမ်စိတ်ဖြင့် အကြံပြုရင်း ထောက်ခံအပ် ပါကြောင်း ပြောကြားသည်။
အလားတူ ယင်းအဆိုနှင့်စပ်လျဉ်း၍ မောင်တောမဲဆန္ဒနယ်မှ ဦးလှထွန်း ကျော်၊ ရွှေတောင်မဲဆန္ဒနယ်မှ ဒေါ်မြခွာညိုဦး၊ ငပုတောမဲဆန္ဒနယ်မှ ဦးသန်းအောင်၊ ကျုံပျော်မဲဆန္ဒနယ်မှ ဦးစိုးအောင်နိုင်၊ မင်းလှမဲဆန္ဒနယ်မှ ဦးကျော်ကြီး(ခ)ဦးအုန်းခင်၊ မင်းတုန်းမဲဆန္ဒနယ်မှ ဒေါ်ခင်သန်းနု၊ မချမ်းဘော့ မဲဆန္ဒနယ်မှ ဦးနန်မွန်ထင်၊ ဆင်ပေါင်ဝဲမဲဆန္ဒနယ်မှ ဦးနေထက်ဝင်း၊ သနပ်ပင် မဲဆန္ဒနယ်မှ ဦးမြင့်ဦး၊ ဖျာပုံမဲဆန္ဒနယ်မှ ဦးဝင်းထွဋ်၊ မတ္တရာမဲဆန္ဒနယ်မှ ဦးဇော်မင်းလွင်၊ ခေါင်လန်ဖူးမဲဆန္ဒနယ်မှ ဦးအာမိုးဆီနှင့် မိုးညိုမဲဆန္ဒနယ်မှ ဦးကျော်မျိုးမင်းတို့က ဆက်လက်ဆွေးနွေးကြသည်။
့ယင်းအဆိုနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ကိုယ်စားလှယ် ၁၅ ဦး၏ ဆွေးနွေးချက်များတွင် အချက် ၁၁ ချက် တွေ့ရှိရပါကြောင်း၊ အများစု၏ ဆွေးနွေးချက်သည် ကျေးလက်လမ်း တံတားများအတွက် ဘတ်ဂျက်ရန်ပုံငွေ ပိုမိုချထားပေးရန်ဆိုသည့် အချက်က ပိုမိုများပြားပါကြောင်း၊ အရည်အသွေးကောင်းမွန်ရေးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ဆောင်ရွက်ရန်၊ ကျေးလက်လမ်း၊ တံတားများ ရန်ပုံငွေ ရွေးချယ် သည့်အခါတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ပြန်လည်ရရှိမည့် အကျိုးအမြတ်ကို တွက်ချက် ပြီးမှသာ စီမံကိန်းကို ရွေးချယ်ရန်၊ Class A,B,C ရွေးချယ်ပုံနှင့် လမ်းနယ် အကျယ်ထားရှိသည်ကို ပြန်လည်သုံးသပ်ရန်၊ ကျေးလက်လမ်းဦးစီးဌာနအနေ ဖြင့် ဝန်ထမ်းဦးရေနည်းပါးခြင်းကိစ္စ၊ Core Rural Road Network(CRRN) လမ်းများကို ပြန်လည်သုံးသပ်ပေးရန်၊ ကျေးလက်လမ်း ဥပဒေ အသစ် ပြန်လည်ရေးဆွဲပြဋ္ဌာန်းရန်၊ လမ်း၊ တံတားများ၏ ခံနိုင်ဝန် ပြန်လည် သုံးသပ်ရေးဆွဲပေးရန်၊ ဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်းမှုအားနည်းသော ကြောင့် အောက်ခြေမှ အဖြစ်အပျက်များကို တာဝန်ရှိသူများက သေချာသိစေ ရန် စသည်တို့ကို ထောက်ပြသွားပါကြောင်း။
မိမိဝန်ကြီးဌာနအနေဖြင့် အကြံပြုချက်များနှင့် ဝေဖန်ထောက်ပြချက် များကို မှတ်တမ်းတင်ထားမည်ဖြစ်ပါကြောင်း၊ ဌာနအတွင်းတွင်လည်း ပြန်လည် သုံးသပ်မည်ဖြစ်ပါကြောင်း၊ ပြင်ဆင်ရန် လိုအပ်သည်များကိုလည်း ပြင်ဆင် သွားမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကျေးလက်လမ်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော်မှ ပိုမိုပံ့ပိုးရရှိမည့် ရန်ပုံငွေများကို အလေ အလွင့်မရှိ အသုံးပြုနိုင်ရန်အတွက် အရည်အသွေးစစ်ဆေးရေးအဖွဲ့များ နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဖွဲ့စည်းပေးထားသည့် အဖွဲ့အစည်းများ၏ စစ်ဆေးကြပ်မတ်မှုများနှင့် စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်းနှင့် အဆိုအား ပြည်သူ့လွှတ်တော်တွင် အတည်ပြုပေး နိုင်ပါရန် ထောက်ခံတင်ပြပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုရှင်၏ သဘောထားရယူရာ အဆိုရှင်က အတည်ပြုပေးပါရန် ပြောကြားသည်။ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုနှင့်စပ်လျဉ်း၍ အတည်ပြု ရန် လွှတ်တော်၏ ဆန္ဒရယူရာ သဘောမတူသူမရှိသည့်အတွက် အဆိုကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ကို မတ် ၇ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အေးအေးသန့်(သတင်းစဉ်)

No comments:

Post a Comment