Thursday, March 7, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
ခန္တီး၊ လဟယ်နှင့် ဟုမ္မလင်းမြို့တို့မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံ
Image may contain: 7 people, people smiling, people standing
ဟုမ္မလင်း မတ် ၆
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးမင်းသူ၊ ဦးအုန်းဝင်း၊ ဒေါက်တာ မြင့်ထွေး၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာကြရာ စစ်ကိုင်းတိုင်းဒေသကြီး ခ္တီးမြို့သို့ ရောက်ရှိကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နှင့်အဖွဲ့အား စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်း ဒေသကြီးဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့များက ခန္တီး လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ခန္တီးမြို့နယ် အားကစားခန်းမ၌ ဒေသခံပြည်သူ လူထုနှင့် တွေ့ဆုံသည်။
အင်အားတောင့်တင်းမည်
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လာရောက် ကြိုဆိုကြသည့် မြို့မိ မြို့ဖများ၊ ခန္တီး မြို့သူ၊ မြို့သားများအားလုံးကို ကျေးဇူးတင်သည်ဟု ပြောကြားလိုပါ ကြောင်း၊ မိမိတို့ ခရီးစဉ်များတွင် ဒေသခံပြည်သူ၊ ပြည်သားများနှင့် တွေ့ဆုံရန် အမြဲကြိုးစားပါကြောင်း၊ အကြောင်းရင်းမှာ မိမိတို့အချင်းချင်း အကြား ရင်းနှီးမှုရှိစေရန်ဖြစ်ပါ ကြောင်း၊ မိမိတို့နိုင်ငံသည် ပြည်ထောင်စုနိုင်ငံ ဖြစ်ပါကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်ဆိုသည်မှာ မိမိတို့အားလုံး စည်းလုံးမှ၊ ညီညွတ်မှ အောင်မြင်ပြီး မိမိတို့လိုချင်သည့် ပန်းတိုင်ကို မြန်မြန်ဆန်ဆန်ရောက်ရှိ ကာ အင်အားတောင့်တင်းမည်ဖြစ်ပါ ကြောင်း၊ စုစည်းအားဖြင့် မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်မည်ဆိုသည့် ယုံကြည် ချက်သည် ပြည်ထောင်စုစိတ်ဓာတ် ပင် ဖြစ်ပါကြောင်း။
သို့ "စုစည်းခြင်း၊ ညီညွတ်ခြင်းသည် မိမိတို့ အင်အားများ ဖြစ်စေပြီး မတူကွဲပြားမှုများသည်လည်း အင်အားများ၏ အခြေခံတစ်ခုပင်ဖြစ်ပါကြောင်း၊ မတူကွဲပြားမှုများကြောင့် အားနည်းသွားခြင်း မဖြစ်စေလိုပါကြောင်း၊ ယင်း ရည်ရွယ်ချက်များဖြင့် ပြည်ထောင်စုအတွင်းရှိသည့် မိမိတို့ တိုင်းရင်းသားညီအစ်ကို မောင်နှမများနှင့် တွေ့ဆုံထိတွေ့၊ ပြောဆိုရန်နှင့် တစ်ဦးနှင့်တစ်ဦး အမြင်ချင်းဖလှယ်ရန် ကြိုးစားခြင်းဖြစ်ပါကြောင်း၊ အဓိကအားဖြင့် ဒေသခံများ၏ အသံကို ကြားလိုပါကြောင်း၊ ပြည်သူပြည်သားများ၏ မျှော်လင့်ချက်များ၊ စိုးရိမ်မှုများ ဘာတွေရှိလဲဆိုသည်ကို သိချင်ပါကြောင်း။
ဖွံ့ဖြိုးတိုးတက်ခြင်းကို တစ်ပြေးညီ ဖြစ်စေလို
ပြည်သူပြည်သားများကလည်း နိုင်ငံတော်အစိုးရ၏တာဝန်များကို ထမ်းဆောင်နေသည့် ပုဂ္ဂိုလ်များ၏ အနေအထား၊ အတွေးအခေါ်များကိုသိရန် အခွင့်အရေး ရှိသကဲ့သို့ ရှိအောင်လုပ်ရမည့်တာဝန်လည်းရှိပါကြောင်း၊ လူတိုင်း၊ လူတိုင်းသည် ကိုယ့်နိုင်ငံကို တာဝန်ယူရမည် ဖြစ်ပါကြောင်း၊ နိုင်ငံသူ နိုင်ငံသား တစ်ဦးချင်း၊ တစ်ယောက်ချင်းသည် တာဝန်ကျေမည်ဆိုပါက နိုင်ငံအတွက် ဘာမျှစိုးရိမ်စရာမရှိပါကြောင်း။
အဓိကအားဖြင့် မိမိ၏တာဝန်ဘာလဲဆိုသည်ကို သိရန် အရေးကြီးပါကြောင်း၊ တချို့က တာဝန်ကျေသည် ဆိုသော်လည်း မိမိ၏အဓိကတာဝန် ဘာလဲဆိုသည်ကို သိပ်ပြီးမရှင်းလင်းကြပါကြောင်း၊ မိမိအနေဖြင့် ပြောလို သည်မှာ ပြည်ထောင်စုအတွက် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုကြီး ခိုင်မာရေး၊ သာယာဝပြောရေး၊ အေးချမ်းရေးစသည့် ရည်ရွယ်ချက်များ အောင်မြင်အောင်၊ ပြည့်စုံအောင်လုပ်ဆောင်နိုင်ရန် နိုင်ငံသူ နိုင်ငံသားများ၏ အရေးကြီးဆုံးတာဝန်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုအပေါ် တာဝန်ကျေပြီးမှ မိမိတို့၏ ပြည်နယ်၊ တိုင်းဒေသကြီး အပေါ် တာဝန်ကျေရန် ဖြစ်နိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့ပြည်နယ်၊ တိုင်းဒေသကြီးအပေါ် တာဝန်ကျေမှ မိမိတို့ မြို့နယ်၊ ရပ်/ကျေးအပေါ် တာဝန်ကျေနိုင်မည်ဖြစ်ပါ ကြောင်း၊ မိမိတို့၏ မြို့နယ်၊ ရပ်/ကျေးအပေါ်တာဝန်ကျေမှ မိမိတို့ မိသားစုနှင့် မိတ်ဆွေအသိုင်းအဝိုင်းအပေါ် တာဝန် ကျေနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အားလုံး တာဝန်ကိုရှေ့ထားပြီး လုပ်ဆောင်စေလိုပါကြောင်း။
မိမိတို့နိုင်ငံသည် ယခုအချိန်တွင် ချမ်းသာသည့် နိုင်ငံဟု မပြောနိုင်သေးသော်လည်း တိုးတက်မှုများ သိသိ သာသာရှိလာပါကြောင်း၊ အဆိုပါတိုးတက်မှုများ ရှိလာ ခြင်းသည် ဒေသတိုင်း တန်းတူညီမျှသည့် တိုးတက်မှုကို ရောက်ချင်မှ ရောက်မည်ဖြစ်ပါကြောင်း၊ မိမိတို့၏ ရည်ရွယ်ချက်တစ်ခုမှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ခြင်းကို တစ်ပြေးညီ ဖြစ်စေလိုပါကြောင်း၊ အချို့နေရာတွင် ချမ်းသာြွကယ်ဝပြီး အချို့နေရာတွင် ဆင်းရဲမှုနှင့် ရုန်းကန်နေရခြင်း များ မဖြစ်စေလိုပါကြောင်း။
တိုးတက်ဖွံ့ဖြိုးမှုဆိုသည်မှာ တန်းတူညီမျှအားလုံး တိုးတက်ဖွံ့ဖြိုးချမ်းသာရန် ရည်ရွယ်ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ချမ်းသြွာကယ်ဝမှုသည် အဓိကပြည်သူ ပြည်သားများ၏ အရည်အချင်းဖြစ်ပါကြောင်း၊ ပြည်သူ ပြည်သားများ အရည်အချင်းမြင့်မှ နိုင်ငံချမ်းသာပြီး လမ်းမှန်ပေါ်ရောက်ကာ လိုချင်သည့်ပန်းတိုင်ကို ဖြောင့်ဖြောင့်ဖြူးဖြူးရောက်ရှိနိုင်မည်ဖြစ်ပါကြောင်း။
မိမိတို့ ခ္တီးသို့ လေယာဉ်ဆိုက်သည့်အချိန်တွင် တိုင်းရင်းသားလူမျိုးပေါင်းစုံကို တွေ့ခဲ့ရပါကြောင်း၊ ယခုကဲ့သို့တိုင်းရင်းသားလူမျိုးပေါင်းစုံ အေးအေးချမ်းချမ်း ချစ်ချစ်ခင်ခင်နှင့် နေနိုင်သည်ဆိုခြင်းမှာ ခ္တီးမြို့၏ ဂုဏ်ကျက်သရေ ဖြစ်သကဲ့သို့ ပြည်ထောင်စုတစ်ခုလုံး၏ ဂုဏ်ကျက်သရေလည်းဖြစ်ပါကြောင်း၊ နိုင်ငံတွင် တိုင်းရင်းသား လူမျိုးပေါင်းစုံပြီး အတွေးအခေါ် ပေါင်းစုံရှိ သော်လည်း အချင်းချင်းမသင့်မြတ်စရာအကြောင်းမရှိပါ ကြောင်း၊ အတွေးအခေါ်ပေါင်းစုံကို အေးအေးဆေးဆေးညှိနှိုင်းဖြေရှင်းနိုင်ခြင်းသည် အဓိကပင်ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရသည် အကြမ်းဖက်မှုကို ယုံကြည်ထားသည့် အစိုးရမဟုတ်ပါကြောင်း၊ မိမိတို့လိုချင်သည့်ပန်းတိုင်ကို ရောက်အောင်အကြမ်းမဖက်သည့်နည်းများနှင့် သွားနိုင် သည်ဟု ယုံကြည်သည့်အစိုးရဖြစ်ပါကြောင်း၊ မည်သည့် အခါကမျှ အကြမ်းဖက်နည်းနှင့် လိုချင်သည့်ပန်းတိုင်ကို ရောက်ရန် မကြိုးစားခဲ့ပါကြောင်း၊ နောင်လည်း ကြိုးစား မည်မဟုတ်ပါကြောင်း၊ အကြမ်းမဖက်သည့်နည်းများနှင့် ဥပဒေဘောင်အတွင်းမှ လိုချင်သည့်ပန်းတိုင်ကို ပြည်သူ ပြည်သားအားလုံးနှင့် လက်တွဲပြီး ကြိုးစားသွားမည်ဖြစ်ပါ ကြောင်း။
တိုင်းရင်းသား ညီအစ်ကိုမောင်နှမများကလည်း ထိုကဲ့သို့စိတ်ဓာတ်မျိုးထားစေလိုပါကြောင်း၊ မိမိတို့ လိုချင် သည့်ပန်းတိုင်ကို တစိုက်မတ်မတ် ကံ၊ဥာဏ်၊ ဝီရိယဆောင် ပြီး သွားကြစေလိုပါကြောင်း၊ ထိုသို့ သွားသည့်အခါ ငြိမ်းငြိမ်းချမ်းချမ်းနှင့် နိုင်ငံ၏ ညီညွတ်ရေးကို ရှေးရှုပြီး သွားကြရန် မေတ္တာရပ်ခံလိုပါကြောင်း၊ ပြည်သူ ပြည်သား များအတွက် ဖွံ့ဖြိုးတိုးတက်ရန် များစွာလိုအပ်နေပါ သေးကြောင်း၊ ယခုကဲ့သို့ ဖွံ့ဖြိုးတိုးတက်ရန် လိုသည့်အချိန် တွင် မကျေနပ်မှုများကို အားလုံးအတူလက်တွဲပြီး ဖြေရှင်း ၍ ရနိုင်ပါကြောင်း၊ အားလုံးအတူလက်တွဲပြီး ဖြေရှင်းရာ တွင် မိမိတို့ ပြည်သူပြည်သားများ၊ နိုင်ငံ့ဝန်ထမ်းများ၊ အစိုးရတာဝန်ကို ထမ်းဆောင်နေသည့် အစိုးရအဖွဲ့ဝင်များ လည်း ပါဝင်ရမည်ဖြစ်ပါကြောင်း။
နှစ်ဦးနှစ်ဖက်စလုံး အပြန်အလှန်လေးစား
အခက်အခဲများရှိသည့်ဒေသများတွင် တာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းများအနေဖြင့် မိမိနိုင်ငံ အတွက် တာဝန်ထမ်းဆောင်နိုင်ခြင်းကို ဂုဏ်ယူကြစေလိုပါ ကြောင်း၊ နိုင်ငံ့အကျိုးအတွက် နိစ္စဓူဝလုပ်ပိုင်ခွင့်ရှိခြင်းကို ဂုဏ်ယူစေလိုပါကြောင်း၊ ယင်းစိတ်နှင့် လုပ်စေချင်ပါ ကြောင်း၊ ပြည်သူပြည်သားများအပေါ် စေတနာထားပြီး တာဝန်ကို ထမ်းဆောင်စေလိုပါကြောင်း။
ဝန်ထမ်းများကို အထူးမေတ္တာရပ်ခံလိုသည်မှာ မိမိ တို့၏ တာဝန်ကို ကျေပွန်ရုံမက ပြည်သူအပေါ် စေတနာ အပြည့်အဝနှင့် လုပ်ဆောင်ပေးကြရန် သတိပေးလိုပါ ကြောင်း၊ ပြည်သူနှင့်ဝန်ထမ်းများ၏ ဆက်ဆံရေးသည် နှစ်ဦးနှစ်ဖက်စလုံး အပြန်အလှန် လေးစားမှုရှိရမည်ဖြစ်ပါ ကြောင်း၊ ဝန်ထမ်းများကလည်း ပြည်သူကိုလေးစားပြီး ပြည်သူကလည်း ဝန်ထမ်းများကို လေးစားရမည်ဖြစ်ပါ ကြောင်း၊ အချို့သော ပြည်သူများ၏ စိတ်ထဲတွင် ဝန်ထမ်း များသည် ဩဇာပြရန်နှင့် ဖိနှိပ်ရန်ဟု ထင်နေကြပါကြောင်း၊ ယင်းသို့ အထင်ခံနေရသည့်ဝန်ထမ်းများကလည်း မိမိ ကိုယ်ကိုပြန်ပြီး သုံးသပ်စေလိုပါကြောင်း၊ မိမိအနေဖြင့် ဘာကြောင့် အထင်ခံရသလဲဆိုသည်ကို စဉ်းစားပြီး ယင်းသို့အထင်မခံရအောင် နေစေလိုပါကြောင်း၊ ပြည်သူ ပြည်သားများအနေဖြင့်လည်း ဝန်ထမ်းများ၏ အလုပ်ကို နားလည်ပေးစေလိုပါကြောင်း။
မိမိတို့နိုင်ငံက ဝန်ထမ်းများသည် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံကဝန်ထမ်းများနှင့် ယှဉ်ပါက အခွင့်အရေးနည်းပါး ပါကြောင်း၊ လစာ၊ ဝင်ငွေ နည်းပါးပါကြောင်း၊ သို့သော် မိမိတို့အားလုံးဝိုင်းပြီး လုပ်ဆောင်နေခြင်းသည် တစ်ဦး တစ်ယောက်တည်းချမ်းသာရန် မဟုတ်ပါကြောင်း၊ နိုင်ငံ တစ်နိုင်ငံလုံးချမ်းသာရန် လုပ်ဆောင်နေကြခြင်းဖြစ်ပါ ကြောင်း၊ ဝန်ထမ်းများကလည်း နိုင်ငံတစ်နိုင်ငံလုံး ချမ်းသာရန် လုပ်ဆောင်နေရမည်ဆိုသည့် စိတ်နှင့်တာဝန် ထမ်းဆောင်သကဲ့သို့ ပြည်သူ ပြည်သားများကလည်း ဝန်ထမ်းများ မှန်မှန်ကန်ကန်နှင့် နိုင်ငံအကျိုး လုပ်ဆောင် နိုင်အောင် အားပေးစေလိုပါကြောင်း၊ ပံ့ပိုးပေးစေလိုပါ ကြောင်း၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ပံ့ပိုးမှ တစ်ဖွဲ့နှင့်တစ်ဖွဲ့ နားလည်မှုရှိမှ နိုင်ငံက တိုးတက်နိုင်မည်ဖြစ်ပါကြောင်း၊ မေတ္တာ၊ စေတနာ၊ အခြေခံသည့်စနစ်သာလျှင် ရေရှည် တွင် အောင်မြင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့သည် ရေတိုအကျိုးအမြတ်များကို မကြည့်ဘဲ နိုင်ငံ၏သာယာ ငြိမ်းချမ်းရေးကိုကြည့်ပြီး လက်တွဲဆောင်ရွက်ကြရန် မေတ္တာရပ်ခံလိုပါကြောင်း။
အောင်မြင်စေချင်သည့်စိတ်နှင့် မေးမြန်းစေလို
ကျန်းမာရေး၊ ပညာရေးနှင့်ပတ်သက်၍ ပြောရမည် ဆိုပါက တစ်နိုင်ငံလုံးတွင် ပညာရေး၊ ကျန်းမာရေး လုံလောက်သည့်အခြေအနေ၊ ဖြစ်စေချင်သည့်အခြေအနေ သို့ မရောက်သေးပါကြောင်း၊ သို့သော် ကြိုးစားနေပါ ကြောင်း၊ မိမိအနေဖြင့် သတိထားမိသည့် မေးခွန်းများတွင် ကျန်းမာရေးနှင့်ပတ်သက်သည့် မေးခွန်းများ ပါဝင်ပါ ကြောင်း၊ အချို့မေးခွန်းများသည် တိုင်းဒေသကြီးအစိုးရက ဖြေဆိုရမည့်မေးခွန်းများဖြစ်ပါကြောင်း၊ တိုင်းအစိုးရက ဖြေဆိုရမည့်မေးခွန်းများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာဝန်ကြီးများက ဖြေဆိုမည်ဖြစ်ပါကြောင်း။
အမေးအဖြေလုပ်ခြင်းသည် တစ်ဦးနှင့်တစ်ဦး နားလည်မှုရှာခြင်းဟု ပြောလိုပါကြောင်း၊ ထို့ကြောင့် မေးခွန်းများ မေးမြန်းဖြေကြားရာတွင် နှစ်ဦးနှစ်ဖက် မိတ်ဆွေစိတ်နှင့် တစ်ဦးကိုတစ်ဦး ကူညီချင်သည့်စိတ်၊ အောင်မြင်စေချင်သည့်စိတ်နှင့် မေးမြန်းစေလိုပါကြောင်း ပြောကြားသည်။
ရှင်းလင်းပြောကြား
ထို့နောက် တက်ရောက်လာကြသူများက သိမ်းဆည်း မြေ ပြန်လည်ရရှိရေး၊ မြေယာနစ်နာမှုအတွက် မြေကွက် အစားရရှိရေး၊ နာဂရိုးရာ ထုံးတမ်းအစဉ်အလာများအား မြှင့်တင်ရာတွင် နိုင်ငံတော်အစိုးရက ပံ့ပိုးကူညီပေးရေး၊ ဝန်ထမ်းများ ခန့်အပ်ရာတွင် ဒေသခံများအား ဦးစားပေး ခန့်ထားရေး၊ မြေယာသိမ်းဆည်းပြီး မြေကွက်များ ထုတ်ဖော်ခဲ့ရာတွင် ကျန်မြေကွက်များတွင် နစ်နာသူများ နေထိုင်ခွင့်ရရှိရေး၊ ဟုမ္မလင်းမှ ခန္တီးသို့ သစ်သယ်ယူခွင့် ရရှိရေး၊ နန်စီပွန်ကျေးရွာမှ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ပေးရေး၊ ဆရာ ဆရာမ ဖြည့်ဆည်းပေးရေး၊တိုင်းရင်းသားဘာသာစာအုပ်များ ထောက်ပံ့ပေးရေး၊ တိုင်းရင်းသားစာပေသင်ကြားသည့် ဆရာ ဆရာမများအား သင်တန်းများ တက်ရောက်ခွင့်ရရှိရေး၊ ခန္တီးမြို့ လျှပ်စစ် ဓာတ်အား ရရှိရေး၊ နန်စီပွန်ဒေသတွင် ကျောက်စိမ်း တူးဖော်ခွင့်ရရှိသည့် ကုမ္ပဏီများအနေဖြင့် ခွင့်ပြုရက်နှင့် သတ်မှတ်ကာလ ကုန်ဆုံးရက်တို့ကို အများပြည်သူများ သိရှိနိုင်အောင် ဆိုင်းဘုတ်များ စိုက်ထူပေးရေးတို့နှင့် စပ်လျဉ်း၍ တင်ပြကြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး များ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီး များက ဆောင်ရွက်ပေးမည့် အခြေအနေများကို ပြန်လည် ရှင်းလင်းကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူများသိမ်းဆည်းမြေများ ပြန်လည်ရရှိရေးအတွက် စနစ်တကျ ဆောင်ရွက်တတ်စေရန် တာဝန်ရှိသူများက ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်ပါကြောင်း၊ ဒေသတိုင်းတွင် ပြောဆို သည့် ဘာသာစကားများ ကွာခြားပါကြောင်း၊ မိမိတို့အစိုးရ အနေဖြင့် ဘာသာစကားကျွမ်းကျင်သည့် ဒေသခံများကို ဦးစားပေးရွေးချယ်ရေးအတွက် မူဝါဒချမှတ်ရန် စီစဉ်လျက် ရှိပါကြောင်း၊ နာဂရိုးရာ ထုံးတမ်းအစဉ်အလာများဖြစ်သည့် တောင်ယာစိုက်ပျိုးမှုများနှင့် ပတ်သက်ပြီး ခွင့်ပြုချက်များ ရယူရာတွင် လွယ်ကူလျင်မြန်စေရန် အုပ်ချုပ်ရေးဘက် တာဝန်ရှိသူများက ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဥပဒေ နှင့်အညီ လျင်မြန်စွာဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီး အစိုးရအား မှာကြားခဲ့ပါကြောင်း၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း ထိန်းသိမ်းမြှင့်တင်ရေးနှင့် ပတ်သက်၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရတို့က ဖြည့်ဆည်းဆောင်ရွက်ပေး ရန်ဖြစ်ကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
လဟယ်မြို့သို့ ရောက်ရှိ
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ဒေသခံ တိုင်းရင်းသား ကျောင်းသား ကျောင်းသူလေးများနှင့် မှတ်တမ်းဓာတ်ပုံရိုက်သည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ခ္တီးပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံတက်ရောက်ကုသ နေသည့် လူနာများအား အားပေးစကား ပြောကြားကာ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် ခ္တီးမြို့မှ ရဟတ်ယာဉ်များဖြင့် ထွက်ခွာခဲ့ကြရာ လဟယ်မြို့သို့ ရောက်ရှိကြပြီး လဟယ်မြို့ စာရာမေရိ ရိပ်သာ၌ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင် များ၊ ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဝေးလံခေါင်သီသည့်ဒေသများ၏ လိုအပ်ချက်မှာ ဆင်တူပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးမှာ အဓိကကျပါကြောင်း၊ လဟယ်ဒေသ၏ လမ်းပန်းဆက်သွယ်ရေးမှာ တိုးတက် နေပြီဖြစ်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးနှင့် အခြား ဖွံ့ဖြိုးမှုမှာ ဆက်နွှယ်နေပါကြောင်း၊ လမ်းပန်းဆက်သွယ် ရေးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယခုထက် တိုးတက်အောင် လုပ်ဆောင်သွားရမည်ဖြစ်ပြီး အရေးကြီး ပါကြောင်း၊ ပညာရေးကဏ္ဍတွင် ဆရာ ဆရာမလိုအပ်ချက် ဖြည့်ဆည်းနိုင်ရန်မှာ ငွေကြေးလိုအပ်ချက်ဖြစ်ပါကြောင်း၊ ပညာရေးဘတ်ဂျက်ကိုလည်း တိုးမြှင့်သုံးစွဲလျက်ရှိပါ ကြောင်း၊ ပညာရေးဝန်ထမ်းများအဖြစ် ဒေသခံများအား ခန့်အပ်နိုင်ရေးကို လုပ်ဆောင်နေပါကြောင်း၊ ဆရာ ဆရာမများကိုလည်း တိုင်းရင်းသားစာပေ၊ ဘာသာစကား တတ်မြောက်အောင် ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ ကျန်းမာရေးကဏ္ဍတွင် ကျန်းမာရေးဝန်ထမ်းများ၏ အရည်အချင်းကို ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ ဝေးလံခေါင်သီသည့် ဒေသများတွင် တာဝန်ထမ်းဆောင် နေကြသည့် ပညာရေး၊ ကျန်းမာရေးဝန်ထမ်းများအတွက် အိမ်ရာများကိုလည်း ဦးစားပေးဆောင်ရွက်လျက်ရှိပါ ကြောင်း ပြောကြားသည်။
ယင်းနောက် မြို့မိ မြို့ဖများ၊ ဒေသခံပြည်သူများ တင်ပြထားသည့် လိုအပ်ချက်များအပေါ် ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ပြန်လည် ရှင်းလင်းဖြေကြားကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က သိမ်းဆည်းခံလယ်ယာမြေများနှင့် စပ်လျဉ်း၍ မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်နိုင်ရေးအတွက် ၂၀၁၃ ခုနှစ်တွင် ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ထားပါ ကြောင်း၊ သိမ်းဆည်းမြေ ပြန်လည်စိစစ်ရာတွင် ၁၉၈၈ နောက်ပိုင်း သိမ်းဆည်းမြေများသာ အကျုံးဝင်ပါကြောင်း၊ သိမ်းဆည်းမြေများနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရာတွင် သိမ်းဆည်းသူများကိုယ်တိုင်က ပြန်လည်မပေးအပ်လိုခြင်း၊ အချို့တွင် အုပ်ချုပ်ရေးအဖွဲ့များ၏ စီမံခန့်ခွဲမှုကြန့်ကြာ နေခြင်း၊ ပိုင်ဆိုင်မှုအငြင်းပွားနေခြင်းတို့ကြောင့် ဖြစ်ပါ ကြောင်း၊ သို့သော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်ပြီး ဆောင်ရွက်နေပါကြောင်း၊ လဟယ်မြို့ပေါ် သောက်သုံးရေဖူလုံရေးလုပ်ငန်းဆောင်ရွက်ရန် ဘဏ္ဍာ ငွေရရှိပြီးဖြစ်သည်ဟု သိရပါကြောင်း၊ သိမ်းဆည်းမြေမှ အသုံးမပြုသည့်မြေအား မြို့မြေတိုးချဲ့ရေးတင်ပြချက် ကိုလည်း စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လဟယ်-ရန်လုံးလမ်း ရာသီမရွေးသွားလာနိုင်ရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှစတင်ပြီး ရန်ပုံငွေတင်ပြ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နာဂကုန်သွယ်ရေး ဇုန် ဖွင့်လှစ်နိုင်ရန် လဟယ်-ရန်လုံးလမ်း ရာသီမရွေးသွားနိုင် ရေးဆောင်ရွက်ပြီးစီးသည့်အခါမှသာ အဆင်ပြေနိုင်မည် ဖြစ်ကြောင်း၊ နာဂရိုးရာပြတိုက် တည်ဆောက်နိုင်ရန် တိုင်းဒေသကြီးအစိုးရက ကူညီပံ့ပိုးပေးသွားမည်ဖြစ် ကြောင်း၊ လဟယ်မြို့မှ ဒေသခံများအား ပညာရေးဝန်ထမ်း များအဖြစ် ခန့်အပ်ပေးနိုင်ရေးမှာလည်း ဘာသာစကား ကျွမ်းကျင်မှုကို အခြေခံ၍ ဦးစားပေးခန့်အပ်ရန် စီစဉ်လျက် ရှိပါကြောင်း ဖြည့်စွက်ရှင်းလင်းပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၊ တာဝန် ရှိသူများ၊ မြို့မိ မြို့ဖများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ဟုမ္မလင်းမြို့သို့ ရောက်ရှိ
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဒေသဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ငွေကျပ်$ သိန်း၂၀ဝ နှင့် စားသောက်ကုန်ပစ္စည်းများကိုပေးအပ်ရာ မြို့မိ မြို့ဖများက လက်ခံကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ဂါရဝပြု လက်ဆောင်ပစ္စည်း ပြန်လည်ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့ သည် ခ္တီးမြို့မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ကြရာ ဟုမ္မလင်းမြို့သို့ ရောက်ရှိကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဟုမ္မလင်းမြို့နယ် အားကစားခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိတို့ အစိုးရအနေဖြင့် စတင်တာဝန်ယူချိန်မှစပြီး ဝေးလံ ခေါင်သီသည့် ဒေသများဖွံ့ဖြိုးတိုးတက်ရေးကို အထူး အလေးထားဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက် ရာတွင် ဟုမ္မလင်းမြို့နယ်လည်း ပါဝင်ပါကြောင်း၊ လူတိုင်းသည် အခွင့်အရေးရှိပြီး တာဝန်လည်းရှိပါကြောင်း၊ ထို့ကြောင့် တာဝန်နှင့်အခွင့်အရေးကို မျှမျှတတဖြစ်စေ လိုပါကြောင်း၊ မိမိတို့အစိုးရအနေဖြင့် အခက်အခဲများ အကြားမှ ညီညီမျှမျှဖွံ့ဖြိုးတိုးတက်မှုရှိရန် ဆောင်ရွက် နေပါကြောင်း၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍမှာ သိသိ သာသာ တိုးတက်လာပါကြောင်း၊ သို့သော် လုံလောက် သည့် တိုးတက်မှု မဟုတ်သေးပါကြောင်း၊ မိမိတို့အတွက် တန်ဖိုးအရှိဆုံးအရင်းအမြစ်မှာ ပြည်သူဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်ပြီး မတူညီသည့် တိုင်းရင်းသားများ အတူတကွနေထိုင်ခြင်းမှာ နိုင်ငံတော် ကို ပိုမိုလှပစေပါကြောင်း ပြောကြားသည်။
ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများIEE/EMP ကူးဆွဲရန် ကုန်ကျစရိတ်အတွက် အသေးစား၊ အလတ်စားလုပ်ငန်းများကို ဖြေလျှော့ပေးရေး၊ ရွှေတူးဖော် ရာတွင် ပြဒါးသုံးစွဲမှုနှင့်စပ်လျဉ်း၍ ပြည်သူလူထု၏ အခက်အခဲကို နားထောင်ပေးရေး၊ ဟုမ္မလင်းမြို့ လက်ရှိ တွင် မီတာခဈေးနှုန်းမြင့်မားနေသည့်အတွက် ရေအား လျှပ်စစ်ဆောင်ရွက်ပေးရေး၊ ချင်းတွင်းမြစ်ကူးတံတားနှင့် ဟုမ္မလင်းရပ်ကွက် လမ်းဖောက်ပေးရေး၊ ဟုမ္မလင်း ဆိပ်ကမ်းအား မြေထိန်းနံရံဆောင်ရွက်ပေးနိုင်ရေး၊ ဟုမ္မလင်းမြို့ တာပတောင်းကျေးရွာချောင်း တိမ်ကောနေမှု အား ပြုပြင်ပေးရေး၊ သိမ်းဆည်းမြေပြန်လည်ရရှိရေး၊ နောင်ပိုအောင်-နမ့်တောကျေးရွာချင်းဆက်လမ်း ကွန်ကရစ် လမ်းဆောင်ရွက်ပေးရေး၊ ဟုမ္မလင်းဈေးဆိုင်ခန်းများ အခွန်ကောက်ခံမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းပေးရေး၊ ဟုမ္မလင်းမြို့ ချောင်းကြီးချောင်းအတွင်း စက်ယ္တရားများဖြင့် ရွှေတူးဖော်နေမှုအား စိစစ်ပေးရေး၊ ဟုမ္မလင်း- ဗန်းမောက် လမ်းအဆင့်မြှင့်တင်ပေးရေး၊ မြေနုကျွန်းများရရှိရေးနှင့် ရွှေတူးဖော်မှုကြောင့် လယ်မြေများ ရွှံ့ညွန်များကြောင့် ပျက်စီးနေသည့်အတွက် စိစစ်ဆောင်ရွက်ပေးရေးတို့နှင့် စပ်လျဉ်း၍ တင်ပြကြသည်။
ဖြည့်စွက်ရှင်းလင်း
တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆောင်ရွက်ပေးနိုင်မည့်အခြေအနေ များအား ရှင်းလင်းပြောကြားပြီး နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က လိုအပ်ချက်များကို ဖြည့်စွက်ရှင်းလင်းပြောကြား သည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဒေသခံပြည်သူများအနေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ယုံကြည်ကြစေလိုကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်လည်း ပြည်သူနှင့် ရင်းရင်းနှီးနှီးရှိအောင် ရပ်ကွက်၊ ကျေးရွာများအထိ သွားရောက်ပြီး ပြည်သူ၏ ယုံကြည်မှုရရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
သတင်းစဉ်

No comments:

Post a Comment