Wednesday, March 6, 2019

ကျေးလက်လူမှုဘဝမြင့်မားတိုးတက်ရေး

Image may contain: text

မြန်မာနိုင်ငံ၏ စိုက်ပျိုးထုတ်လုပ်ရေးကဏ္ဍ တိုးတက်မြင့်မားရေးအတွက် နိုင်ငံတော်အစိုးရက ဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့်တင်ပေးလျက်ရှိသည့် အခြေအနေအရပ်ရပ်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ တောင်သူလယ်သမားနေ့ အခမ်းအနား သို့ ပေးပို့သည့်သဝဏ်လွှာတွင် ပြည့်ပြည့်စုံစုံဖော်ပြထားပါသည်။
ကမ္ဘာ့လူဦးရေသည် တစ်နေ့တခြားတိုးပွားလျက်ရှိရာ အနာဂတ်ကာလများ၌ စားနပ်ရိက္ခာပြဿနာများနှင့် ကြုံတွေ့လာရဖွယ် ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် တိုးတက်လာမည့်လူဦးရေအတွက် လိုအပ် လာမည့် စားနပ်ရိက္ခာများ လုံလောက်ဖူလုံမှုရှိစေရေးသာမက နိုင်ငံတကာ ဈေးကွက်သို့ တိုးတက်တင်ပို့ရောင်းချနိုင်ရေး ရည်မှန်းချက်ဖြင့် စိုက်ပျိုး ထုတ်လုပ်ရေးနှင့်သက်ဆိုင်သော ကဏ္ဍပေါင်းစုံ၊ လုပ်ငန်းစုံတွင် အရှိန် အဟုန်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။
စားနပ်ရိက္ခာဖူလုံပြည့်လျှံရေးကို ဆောင်ရွက်ရာတွင် အဓိကကျ သည်မှာ တောင်သူလယ်သမားကဏ္ဍဖြစ်၍ နိုင်ငံတော်အစိုးရက ကာလတို အတွင်း ဦးစားပေးအကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်(၁၁)ရပ်တွင် တောင်သူလယ်သမားဦးကြီးများ၏ လူနေမှုဘဝတိုးတက်မြင့်မားရေး အတွက် မြေပိုင်ဆိုင်ခွင့်လက်မှတ်များ တစ်နှစ်အတွင်းရရှိရေး၊ စိုက်ပျိုး စရိတ်ချေးငွေများ စိုက်ပျိုးရာသီအမီ ရရှိရေး၊ လယ်ယာမြေသွင်းအားစုများ အခွန်ကင်းလွတ်ခွင့်ပေးရေး၊ သောက်သုံးရေ၊ စိုက်ပျိုးရေ၊ လျှပ်စစ်မီးနှင့် လမ်းပန်းဆက်သွယ်ရေးတို့ကို ဦးစားပေးအကောင်အထည်ဖော်ပေးနေ သည်။
ဥပဒေမဲ့သိမ်းဆည်းထားသော လယ်ယာမြေများ ပြန်လည်ရရှိရေး၊ လျော်ကြေးနှင့် နစ်နာကြေးရရှိရေး၊ စွန့်လွှတ်မြေများ မူလပိုင်ရှင်ထံ အမြန်ဆုံးပြန်လည်အပ်နှံရေး၊ မစွန့်လွှတ်ရသေးသည့် သိမ်းဆည်းခံ လယ်မြေများကို အမြန်ဆုံးစိစစ်ပြီး မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်ရေး တို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ၂ဝ၁၈ ခုနှစ် အကုန်အထိ လယ်မြေဧကပေါင်း လေးသိန်းကျော်ကို ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်သည်ဟု သိရှိရသည်။
ဤမြေယာကိစ္စဆုံးရှုံးနစ်နာမှုများမှာ တောင်သူလယ်သမားတို့၏ အကျိုးစီးပွားသက်သက်သာမက လိုအပ်သောစားနပ်ရိက္ခာတို့အပြင် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကိုပါ ထိခိုက်နစ်နာစေသောအချက် ဖြစ်ပါ သည်။ မြေယာအရေးကိစ္စမှာ ၁၉၈၈ ခုနှစ်နောက်ပိုင်းကာလမှစ၍ လယ်ယာမြေများကို တရားဝင်ရော၊ တရားမဝင်ပါ သိမ်းဆည်းခြင်းခံခဲ့ ရသည့်ပြဿနာများကို ယနေ့ဖြေရှင်းဆောင်ရွက်နေရသည်။
ဆယ်စုနှစ်ကာလတစ်ခုမကအချိန်အတွင်း ရွှေရောင်ဝင်းသည့် စပါးခင်းများ လျော့နည်းပျောက်ဆုံးကုန်သည်မှာ အမှန်ဖြစ်ပါသည်။ ထိုအခါ စားနပ်ရိက္ခာများ လျော့နည်းကျဆင်းစေသည်သာမက လယ်ယာ စီးပွားအလုပ်အကိုင်များ ရှားပါးလာသည်ကို မြင်တွေ့ခဲ့ကြရပြီးဖြစ်မည်။ မြေယာများသိမ်းဆည်းခံခဲ့ရသဖြင့် လူနည်းစုတွင် အကျိုးဖြစ်ထွန်းသော် လည်း ပြည်သူလူထုအားလုံးအတွက် စားနပ်ရိက္ခာဖူလုံရေး၊ တောင်သူ လယ်သမားများ၏ လူမှုဘဝမြင့်မားရေး၊ တိုင်းပြည်စီးပွားတိုးတက်ရေးအပိုင်းတွင် ထိခိုက်နစ်နာမှုများစွာရှိခဲ့သည်ကို ယနေ့ နိုင်ငံ၏ ပကတိ အခြေအနေက မီးမောင်းထိုးပြနေပေသည်။
ထို့ကြောင့် ပြည်သူ့အစိုးရက လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ကာလတိုဦးစားပေးလုပ်ငန်းစဉ်များအတွင်း ထည့်သွင်းပြီး လက်တွေ့ကျကျ အကောင်အထည်ဖော်ပေးနေခြင်းဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (၂ဝ၁၈-၂ဝ၃ဝ)၏ မဏ္ဍိုင် သုံးရပ်အနက် မဏ္ဍိုင်(၂)တွင် ပန်းတိုင်(၃)အရ ကျေးလက်ဒေသ ဆင်းရဲမှုလျှော့ချရေးအတွက် အခြေခံအဖြစ် အားလုံး ပါဝင်သော ထုတ်ကုန်မျိုးစုံ ထုတ်လုပ်နိုင်စွမ်းရှိသည့် စီးပွားရေးပံ့ပိုးမည့် ဝန်းကျင်တစ်ရပ်ဖန်တီးရေးကို မဟာဗျူဟာတစ်ရပ်ချမှတ်ကာ စီမံ အကောင်အထည်ဖော်လျက်ရှိပါသည်။
သို့ဖြစ်ရာ လယ်ယာကဏ္ဍအပါအဝင် နိုင်ငံတော်၏အမျိုးသားရေး အကျိုးစီးပွား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်တင်၍ ကြိုးပမ်းဆောင်ရွက်နေသည့် အချိန်အခါကောင်းဖြစ်သည်နှင့်အညီ နိုင်ငံ ၏လူဦးရေ အများစုဖြစ်သော ကျေးလက်နေပြည်သူများ လူမှုဘဝမြင့်မား တိုးတက်ရေး၊ နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်အောင်မြင်ရေး အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။ ။

No comments:

Post a Comment