Wednesday, March 6, 2019

ကမ္ဘာ့ရေနေ့ ၂ဝ၁၉ အကြိုဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲ ကျင်းပ

Image may contain: 2 people, people sitting

နေပြည်တော် မတ် ၅
ကမ္ဘာ့ရေနေ့ ၂ဝ၁၉ အကြိုဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲကို ယနေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ကျင်းပရာ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ၏ဇနီး ရေမိခင်အဖွဲ့ နာယက ဒေါက်တာရွှေလွှမ်း တက်ရောက်သည်။
သက်ဆိုင်ရာကဏ္ဍအလိုက်ပါဝင်ဆွေးနွေး
မွန်းလွဲပိုင်း၌ကျင်းပသည့် လူမှုအသိုက်အဝန်းမှ ပါဝင်ဆောင်ရွက်မှုMulti stakeholder Forum ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုတွင် ရေမိခင်အဖွဲ့ နာယက ဒေါက်တာရွှေလွှမ်းက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်၍ ဘာသာရပ်ဆိုင်ရာ ပညာရှင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ဆွေးနွေးကြသည်။
ကမ္ဘာ့ရေနေ့ ၂ဝ၁၉ အကြိုဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲကို နံနက်ပိုင်းမှ စတင်ခဲ့ပြီး အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီအတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦးက အဖွင့်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ ရေနှင့်ဆက်နွှယ်သည့် ဝန်ကြီးဌာနအဖွဲ့အစည်းများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များမှ တာဝန်ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံတကာနှင့် ပြည်တွင်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ် များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ရေနှင့်ဆက်နွှယ်သက်ဆိုင်သူများ တက်ရောက်ကြသည်။
အကြံပြုဆွေးနွေး
ဆွေးနွေးပွဲတွင် ရေနှင့် စွမ်းအင်၊ စိုက်ပျိုးရေးနှင့် ရာသီဥတုပြောင်းလဲမှု၊ ရေကြောင်းသယ်ယူပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက်စေမှု၊ ရေဆိုင်ရာစီမံခန့်ခွဲမှုနှင့် ရိုးသားဖြောင့်မတ်မှု၊ လူမှုအသိုက်အဝန်းမှ ပါဝင်ဆောင်ရွက်မှုMulti stakeholder Forum၊ ရေနှင့် ကျန်းမာရေး၊ မြစ်ဝကျွန်းပေါ်ဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်မှု၊ မြစ်ဝှမ်းဒေသစီးပွားရေးနှင့် မိုးရေခံစုဆောင်းခြင်း၊ မြေအောက်ရေ စီမံခန့်ခွဲမှုစသည့် အကြောင်းအရာများကို ပညာရှင်များက ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများက မေးမြန်းအကြံပြုဆွေးနွေး ကြသည်။
မြန်မာနိုင်ငံတွင် ၂ဝ၁၄ ခုနှစ်မှ စတင်ကာ ကမ္ဘာ့ရေနေ့ အထိမ်းအမှတ် အခမ်းအနားကို အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီက ကြီးမှူး၍ ရေနှင့်သက်ဆိုင်သည့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေသည့် နိုင်ငံများနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပအဖွဲ့ အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းများ၊ ရေနှင့်ဆက်နွှယ်သက်ဆိုင်သူများ ပူးပေါင်းကျင်းပလျက်ရှိသည်။
ဆက်လက်ကျင်းပသွားမည်
ကမ္ဘာ့ရေနေ့ ၂ဝ၁၉ အထိမ်းအမှတ်အခမ်းအနားကို မတ် ၆ ရက်တွင် ဖွင့်ပွဲအခမ်းအနား၊ ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲများနှင့် ပြပွဲများကို ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သတင်းစဉ်

No comments:

Post a Comment