Friday, March 29, 2019

ကလေးများ စာဖတ်နိုင်ရန်အတွက် စာကောင်းပေကောင်းများ ရေးပေးနိုင်သည့် စာရေးဆရာကြီးတွေ များများလိုကြောင်း နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးထင်ကျော် ပြောကြား


 
Image may contain: 11 people, people standing
ကလေးစာပေပွဲတော်(ပဲခူး) ဖွင့်ပွဲအခမ်းအနား ကျင်းပ


ပဲခူး မတ် ၂၈


ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသော ကလေး စာပေပွဲတော်၊ စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ(ပဲခူး) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ပဲခူးမြို့ ပဲခူးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့ တက်ရောက်အားပေး ချီးမြှင့်သည်။
ရှေးဦးစွာ ကလေးစာပေပွဲတော်၊ စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ(ပဲခူး) ဖွင့်ပွဲအခမ်းအနားကို ဘွဲ့နှင်းသဘင် ခန်းမရှေ့တွင် ကျင်းပရာ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးထင်ကျော်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ထူးချွန်ကျောင်းသား ကျောင်းသူ ခြောက်ဦးတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။
ထို့နောက် နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းအစီအစဉ် များကို ဘွဲ့နှင်းသဘင်ခန်းမတွင် ဆက်လက်ကျင်းပရာ ပဲခူးမြို့ အထက(၃)၊ အထက(ခွဲ)ပန်းလှိုင်နှင့် ''ပန်''ကိုယ်ပိုင်အထက် တန်းကျောင်းတို့မှ ကျောင်းသား ကျောင်းသူများက ကလေး စာပေပွဲတော် Theme Song သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။


ထို့နောက် နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးထင်ကျော်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ပြုလုပ်သည့် ကလေးစာပေပွဲတော်သည် ပဲခူးတိုင်းဒေသကြီးတွင်ရှိသည့် ကလေးများအတွက် ပျော်စရာ၊ ရွှင်စရာပွဲတော်ကြီး ဖြစ်ပါ ကြောင်း၊ သူတို့၏ နဂိုရှိပြီးသည့် စာပေမြတ်နိုးသောစိတ်များ၊ ပိုပြီးထက်သန်လာအောင်၊ ပိုပြီးစာပေဖတ်ချင်စိတ် ပေါ်လာ အောင် ထပ်ပြီးအားပေးသည့်၊ လှုံ့ဆော်ပေးသည့် ပွဲတော်ကြီးဟု ဆိုရမည်ဖြစ်ပါကြောင်း၊ မိမိတို့ဤပွဲတော်ကြီးတွင် ကလေးများ အတွက် စာပေဆိုင်ရာ ဟောပြောပွဲများ၊ ပြိုင်ပွဲများ၊ အားကစား ပွဲများ၊ ဖျော်ဖြေပွဲများ၊ စာဖတ်သည့်ကိစ္စများ၊ စာပေဆွေးနွေး သည့်ကိစ္စများ၊ ပူးပေါင်းဆောင်ရွက်သည့် အလေ့အကျင့်နှင့် ပြုစုပျိုးထောင်ပေးသည့် အခန်းကဏ္ဍများ အများကြီးထည့်ပေး ထားသည်ကို တွေ့ရပါကြောင်း၊ မိမိတို့ အနာဂတ်၏ ခေါင်းဆောင် ဖြစ်လာမည့် ကလေးသူငယ်များအတွက် ယခုလိုလုပ်ပေးခြင်းမှာ အင်မတန်အားရကျေနပ်ဖွယ် ကောင်းပါကြောင်း။
သက်လုံကောင်းအောင် လုပ်ပေးခြင်းဖြစ်
ဤပွဲကြီးတွင် ကလေးများပါဝင်ပတ်သက်ခြင်း၊ ပါဝင်ဆင်နွှဲ ခြင်းအားဖြင့် ဘ၀အတွက် ပျော်ရွှင်ခြင်းများဖြစ်မည်၊ အတူ ပူးပေါင်းဆောင်ရွက်ချင်စိတ်များဖြစ်မည် ဖြစ်ပါကြောင်း၊ ထို့ပြင် မိမိတို့ရှိရင်းစွဲ စာပေမြတ်နိုးသည့်စိတ်များ ပိုပြီးလေးနက်လာ မည်ဟု မျှော်လင့်ပါကြောင်း၊ မိမိ ဤနေရာတွင် တစ်ခုပြောချင် သည်မှာ စာအုပ်စာပေ လူ့မိတ်ဆွေဆိုသည့် စကားရှိပါကြောင်း၊ ထို စကားအတိုင်း ကလေးသူငယ်များ စာဖတ်ချင်သည့်စိတ်များ သန္ဓေတည်သည့်အချိန်တွင် ယခုလိုပွဲတော်များ လုပ်ပေးခြင်း သည် ကလေးများ ဘ၀တစ်လျှောက် အများကြီး သက်လုံကောင်း အောင် လုပ်ပေးခြင်းဖြစ်ပါကြောင်း။
စာအုပ်စာပေလူ့မိတ်ဆွေဆိုသည့်အတိုင်း စာဖတ်ဝါသနာပါ သည့် ကလေးများစိတ်က သူတို့ဘ၀ တစ်သက်တာတွင် အထီးမကျန်တော့ပါကြောင်း၊ သူတို့လက်တစ်ကမ်းတွင် စာအုပ် တစ်အုပ် ရှိနေမည်ဆိုလျှင်၊ စာအုပ်လက်လှမ်းမီနေမည်ဆိုလျှင် ဘယ်နေရာမှာပဲရောက်ရောက် စာအုပ်သည် သူတို့၏ မိတ်ဆွေ တစ်ယောက်ဖြစ်မည်ဖြစ်ပါကြောင်း၊ စာအုပ်မှာ အထီးကျန် သည်ဆိုတာ မဖြစ်ပါကြောင်း၊ သူတို့နှစ်သက်ရာစာအုပ်များ ဖတ်ရင်းဖြင့် အသိပညာကြွယ်ဝလာစေမည်၊ အတွေးအခေါ် ပိုပြီးမြင့်မားလာစေမည်၊ ဗဟုသုတကြွယ်ဝလာစေမည်၊ ပျော်ရွှင်မှု ဖြစ်လာစေမည် ဖြစ်ပါကြောင်း၊ စာအုပ်များဖတ်ပြီး သိတာ ပိုများလာမည်၊ အမြင်ပိုကျယ်လာမည်ဖြစ်ပါကြောင်း၊ ဘ၀တွင် အခက်အခဲများကို ရင်ဆိုင်သည့်နေရာတွင်လည်း ဘယ်လို ကျော်လွှားရမည်ဆိုသည့် သင်ခန်းစာကို တဖြည်းဖြည်း ရလာမည်ဖြစ်ပါကြောင်း၊ ငယ်ငယ်က စာဖတ်လာသည့် အလေ့အကျင့်မှ အသက်အရွယ်ကြီးလာသည်နှင့် အမျှ၊ သူတို့ ဖတ်သည့် ကဏ္ဍများ တိုးမြှင့်လာသည်နှင့်အမျှ ပိုပိုပြီး ရင့်ကျက် လာကာ နိုင်ငံတော်အတွက် အများကြီးအကျိုးပြုနိုင်လိမ့် မည်ဟု မျှော်လင့်ယုံကြည်ပါကြောင်း။
ယနေ့ ကမ္ဘာမှာကြည့်လိုက်လျှင်လည်း တိုးတက်သည့် နိုင်ငံတွင် စာဖတ်အားကောင်းသည့် ပုဂ္ဂိုလ်များ ၊ စာဖတ်ချိန် များများပေးသူများ၊ လေ့လာဗဟုသုတရှာသူများကို တွေ့ရပါ ကြောင်း၊ ထို့ကြောင့် မိမိတို့ ကလေးသူငယ်များ၊ တစ်နေ့လူကြီး ဖြစ်လာမည့်ကလေးများက ငယ်ငယ်ကတည်းက စာဖတ်ချင် သည့်စိတ် သန္ဓေတည်သွားမည်ဖြစ်ပါကြောင်း၊ ဒီလိုသန္ဓေ တည်သွားသည့်အခါ ဝါသနာကို အစပျိုးထောင်သည့်အချိန်တွင် ဆရာသမားများ၊ မိဘများ၏ သင်ပြမှုသည်လည်း အင်မတန်မှ အရေးကြီးပါကြောင်း၊ အထူးသဖြင့် ဆက်သွယ်ရေးနည်းပညာ တိုးတက်လာသည့် ယခုလို အချိန်မျိုးတွင် လမ်းမှားကိုရောက်နိုင် တာမျိုး၊ အမြင်မှားနိုင်တာမျိုးရှိပြီး မိမိတို့ အဲဒီလို အကျင့်စာရိတ္တ နှင့် ပတ်သက်၍ အားနည်းယိုယွင်းစေနိုင်သည့် စိန်ခေါ်မှုများ ရှိပါကြောင်း၊ ထို့ကြောင့် ဆရာသမားများက မိမိတို့၏ သားငယ်၊ သမီးငယ်များကို စာကောင်းပေကောင်းဖတ်ဖို့ လမ်းညွှန်ပေးရန် လိုအပ်ပါကြောင်း။
သားကောင်းရတနာလေးများဖြစ်လာမည်
စာဖတ်ခန်းများရှိရန်၊ စာကြည့်တိုက်များရှိရန် လိုပါ ကြောင်း၊ စာဖတ်ချင်စိတ်ဖြစ်အောင်လုပ်ရန် လိုအပ်ပါကြောင်း၊ ကလေးများ စာဖတ်ရန်ပြောသည့်အခါ ကလေးများသည် စာအုပ်များကို လက်လှမ်းမီရန် လိုပါကြောင်း၊ စာဖတ်ခန်းများ ရှိရန်၊ စာကြည့်တိုက်များရှိရန် ၊ စာအုပ်စာပေဖတ်ခြင်းအားဖြင့် ကလေးကနေ လူကြီးဖြစ်လာမည်၊ ဘ၀တစ်သက်တာ စာဖတ် ရင်းဖြင့် သူတို့ဘ၀မှာ အခက်အခဲတစ်ခု ဘယ်လိုကျော်လွှား ရမည် ၊ ဘယ်လိုပူးပေါင်းဆောင်ရွက်ရမည်၊ ဘယ်လို စူးစမ်း လေ့လာမည်၊ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးစိတ်များ ပေါ်လာမည်၊ သနားကြင်နာစိတ်များ ပေါ်လာမည်ဖြစ်ကြောင်း၊ စာနာစိတ်များပေါ်မည်၊ မကောင်းစိတ်ထားခြင်းသည် ကိုယ့် ဘ၀မှာ အကျိုးမပေးဘူးဆိုသည့် အသိစိတ်ဓာတ်များဝင်လာမည် ဖြစ်ပါကြောင်း၊ သူတို့ဘ၀အတွက် ဘ၀တစ်သက်တာ စာဖတ် သွားရင်းဖြင့် တဖြည်းဖြည်း ပိုပိုပြီး ရင့်ကျက်လာသည့် အင်မတန်အဖိုးတန်သော သားကောင်းရတနာလေးများ ဖြစ်လာမည်ဖြစ်ပါကြောင်း။
ကလေးများ စာဖတ်နိုင်ရန်အတွက် စာကောင်းပေကောင်း များ ရေးပေးနိုင်သည့် စာရေးဆရာကြီးတွေ များများလိုပါ ကြောင်း၊ တကယ့်စေတနာထားပြီး ကဗျာကောင်းလေးများ လည်း လိုမည်ဖြစ်ပါကြောင်း၊ သဘာဝပတ်ဝန်းကျင်ကို မြတ်နိုး လာအောင် ချစ်ခင်လာအောင်၊ ထိန်းသိမ်းချင်စိတ် ပေါ်လာ အောင်၊ စွန့်စားချင်စိတ် ပေါ်လာအောင် ၊ ရဲရင့်ချင်စိတ် ပေါ်လာ အောင်၊ သူတို့ဘ၀တွင် ဘ၀လုံခြုံရေးအတွက် ကိုယ်ခံအား ကောင်းအောင် တွန်းအားပေးမည့် စာပေမျိုးများ ရေးနိုင်သည့် စာရေးဆရာကြီးများ၊ စာရေးဆရာမကြီးများ အများကြီး လိုပါကြောင်း၊ ရေးပေးပါဟုလည်း မိမိအနေဖြင့် မေတ္တာရပ်ခံ ပါကြောင်း။
ကလေးများ လက်လှမ်းမီအောင်
အလားတူ ဆရာကြီး ဆရာမကြီးများ ရေးပြီးသည့်အခါ ထုတ်ဝေပေးရန် စာပေထုတ်ဝေရေးသမားများ၏ အခန်းကဏ္ဍကလည်း အင်မတန်အရေးကြီးပါကြောင်း၊ စာရေးဆရာကြီးများ ရေးပြီးကာမှ ထုတ်ဝေသူမရှိလျှင် မဖြစ်ပါကြောင်း၊ အလားတူ စာအုပ်အဖြစ်ရောက်ပြီးနောက် ကလေးများ လက်လှမ်းမီအောင်၊ ဖတ်နိုင်အောင် အမြတ်အစွန်းနည်းနည်းဖြင့်၊ မိမိ၏ အနာဂတ် သားကောင်းရတနာများကို ပညာရေးကို အားပေးသည့် အနေဖြင့်၊ စာဖတ်ရှိန်ကောင်းအောင် လုပ်ပေးသည့်အနေဖြင့် စာအုပ်များဖြန့်ချိပေးနိုင်ရန် စေတနာရှေ့ထားသည့် စာပေ ဖြန့်ချိရေးသမားများလည်း အများကြီးလိုသည်ဟု မိမိအနေဖြင့် ယူဆပါကြောင်း။
ဘယ်သူပဲဖြစ်ဖြစ် မိမိအကျိုးမပါဘဲ မလုပ်နိုင်ကြပါ ကြောင်း၊ အကုန်လုံး အသက်မွေးဝမ်းကျောင်းအတွက် လုပ်နေ ခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် အမြတ်အစွန်းယူကြပါ ၊ သို့သော် ကလေးများ လက်လှမ်းမီအောင် လုပ်ပေးကြပါဟု ပြောလိုပါ ကြောင်း၊ နောက်တစ်ခုက ပြည်တွင်းစာရေးဆရာများ ရေးသလို ပြည်ပမှ ကလေးစာပေ ကောင်းနိုးရာရာများကို ဘာသာပြန်ပြီး ထုတ်ဝေသည်ကိုလည်း တွေ့ရပါကြောင်း။
အလွယ်တကူ စုတ်ပြဲမသွားရန်လို
စာပေထုတ်ဝေရေးလောကတွင်လည်း ယနေ့ တော်တော် လေး စာအုပ်စာပေများ ပုံနှိပ်ခြင်း၊ စာငှားခြင်းမှအစ၊ ပုံများ၊ စက္ကူစာသားများ အင်မတန်အဆင့်မြင့်လာပြီး အင်မတန် ကောင်းသည်ကို တွေ့ရပါကြောင်း၊ စာအုပ်ချုပ်သည့်နေရာတွင် ကော်ကပ်သည်ပဲဖြစ်ဖြစ်၊ ကလေးများဖြစ်သည့်အတွက် စာအုပ် ကိုင်တာသည် လူကြီးနှင့် မတူပါကြောင်း၊ စာအုပ်များ အလွယ် တကူ စုတ်ပြဲမသွားရန် လိုပါကြောင်း၊ ကော်ကပ်သည့်စာအုပ် များက ကလေးက ဘာမှမကြည့်ရသေးဘဲ အနှောင့်ပြုတ်ထွက် လာပါကြောင်း၊ ကြာကြာမခံပါကြောင်း၊ ၎င်းကို ဂရုပြုပြီး ညီအစ်ကိုမောင်နှမ တစ်ဆက် သိမ်းဆည်းနိုင်အောင်၊ ပျက်စီး မလွယ်အောင် လုပ်ပေးစေချင်ပါကြောင်း။
နောက်တစ်ခုက ဘာသာပြန်သည့်နေရာတွင် တစ်ခုလေး မေတ္တာရပ်ခံချင်ပါကြောင်း၊ ဘာသာပြန်သက်သက်သည် သူ့ဟာ နှင့်သူ ဆီလျော်ပြီး ဖတ်၍ကောင်းပါကြောင်း၊ မိဘက ဖတ်ပြ ရင်ပဲ ဖြစ်ဖြစ်၊ ကလေးများ ကိုယ့်ဘာသာကိုယ် ဖတ်ရင်ပဲဖြစ်ဖြစ် အဆင်ပြေပါကြောင်း၊ တချို့ကျတော့ စေတနာလည်း ပါပါ ကြောင်း၊ ဘာတွေ့ရသလဲဆိုတော့ အပေါ်မှာ အင်္ဂလိပ်စာတစ်ပုဒ် အောက်မှာ မြန်မာစာတစ်ပုဒ်ဖြင့် ကလေးများ အင်္ဂလိပ်စာလည်း ပိုပြီးသိလာအောင်လုပ်သည့် သဘောဖြစ်ပါကြောင်း၊ တစ်ခု သတိပြုမိသည်မှာ ဘာသာပြန်သည့်နေရာတွင် တချို့က အမှုမဲ့ အမှတ်မဲ့ ဖြစ်ချင်တာလည်းဖြစ်မည်၊ မိမိစိတ်ထဲ ကောင်းနိုး ရာရာလေးများထင်ပြီး ပြန်ပေးလိုက်သည်ကို တွေ့ရပါကြောင်း၊ ဒီလိုဟာမျိုးတွင် ကလေးများ အမှတ်မှားမည်ဖြစ်ပါကြောင်း၊ ဖတ်ပြသည့် မိဘများမှာလည်း တချို့က သတိထားမိမည်၊ တချို့ လည်း ဒီအတိုင်း ဖတ်လျှင် ဖတ်မည်ဖြစ်ပါကြောင်း၊ လွဲတာလေး တွေ ရှိပါကြောင်း၊ ထို့ကြောင့် အပုဒ်လိုက် တစ်ခုချင်းလိုဟာမျိုး ကို ဘာသာပြန်ပေးမည်ဆိုလျှင် တတ်နိုင်သမျှ အနီးစပ်ဆုံး၊ အဆီလျော်ဆုံးဖြစ်အောင် ၊ အမှတ်မမှားရအောင် ဂရုစိုက်ပြီး ပြန်ဆိုပေးရန် မေတ္တာရပ်ခံလိုပါကြောင်း။


ယနေ့ ပဲခူးတွင် ပြုလုပ်သည့် ကလေးစာပေပွဲတော်၌ ပြီးခဲ့သည့်ပွဲတော်များထက် ယခင်က မပါသေးသည့် ကဏ္ဍလေး များကို ထပ်မံဖြည့်စွက်ထားသည်ဟု သိရပါကြောင်း၊ နည်းပညာ အရ စာဖတ်သည့်ကလေးများကို ဆွဲဆောင်မှုပေးနိုင်သည့်ဟာမျိုး အခန်းကဏ္ဍလေး ပါလာသည်ဟု သိရပါကြောင်း၊ ဗျွ ၊ ဠျွ ဟု ပြောပါကြောင်း၊ အဲဒီလိုကဏ္ဍများလည်း တိုးလာပါကြောင်း၊ ပြိုင်ပွဲတွေလည်း လုပ်ဖြစ်မည်ထင်ပါကြောင်း၊ တိုင်းရင်းသား ဘာသာနှင့် ကဗျာရွတ်ဆိုခြင်းလည်း ပါမည်ဟု သိရပါကြောင်း၊ ဒီလိုလုပ်ခြင်းအားဖြင့် ကလေးများအနေဖြင့် ငယ်ငယ်ဘ၀ ကတည်းက မိမိတို့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ဘာသာစကားလေးများကို နားမလည်လျှင်တောင်မှ ကြားဖူး မည် ဖြစ်ပါကြောင်း၊ ‘ ဒီလို ခပ်ဝဲဝဲလေးနှင့် ပြောရင်းဆိုရင်း၊ တစ်ယောက်နှင့်တစ်ယောက် ချစ်ခင်စိတ်များ ပေါ်လာမည်၊ နားလည်စိတ်များ ပေါ်လာမည်ဖြစ်ပါကြောင်း၊ တစ်ယောက်၏ ယဉ်ကျေးမှုကို တစ်ယောက်က သိချင်စိတ်ပေါ်လာမည်ဖြစ်ပါ ကြောင်း၊ မိမိတို့ငယ်ငယ်တုန်းက ကျောင်းအိပ် ကျောင်းစား နေသည့်အချိန်ဆိုလျှင် ယခုလိုပင် ကျောင်းမှာ ဒေသပေါင်းစုံမှ လာသည့် မိတ်ဆွေများကို တွေ့ရသည့်အတွက် ဒေသပေါင်းစုံ၏ ယဉ်ကျေးမှုများကို တစ်ယောက်နှင့်တစ်ယောက် သူငယ်ချင်းများ နားလည်ရန် ပြောပေးကြပါကြောင်း၊ ပိုပြီးချစ်ခင်ရင်းနှီးမှုရပြီး ပြည်ထောင်စုကြီးအတွက် အင်မတန်အားရှိသည့် ကိစ္စဖြစ်ပါ ကြောင်း။
နောက်ဆုံးအနေဖြင့် ပြောလိုသည်မှာ မိမိတို့ ယခုလို နိုင်ငံတော်က ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန စသည်ဖြင့် အားလုံး ပူးပေါင်းပြီး စာပေဝါသနာရှင်များ၊ စေတနာရှင်များ၊ လူမှုအဖွဲ့ အစည်းများ၊ ဒေသခံများ ပူးပေါင်းသည့် ပွဲများတွင် ပွဲပြီးမီးသေ မဖြစ်ရန်၊ နဂိုရှိရင်းစွဲ ကလေးများ၏ စာဖတ်ချင်စိတ်ကို ပိုပြီး ဒီပွဲကြီးမှတစ်ဆင့် ပွားပေးလိုက်သည့်အနေဖြင့် မှတ်ယူပြီး သူတို့ ဘ၀တစ်သက်တာတွင် ဘ၀လုံခြုံရေးအတွက် အာမခံချက် ရစေနိုင်သည့် စာအုပ်စာပေချစ်မြတ်နိုးခြင်းဖြစ်အောင်၊ ကလေး စာပေကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းပြီး ဆရာ ဆရာမ များ၊ ဒေသခံများက ဒီနေရာမှနေပြီး လုပ်ပေးကြရန်၊ စာကြည့် တိုက်များ ပွားများလာအောင် အားပေးပြီး အရှိန်မြှင့်တင်ပေးပါ၊ အနာဂတ်၏ သားကောင်းရတနာများ၊ ဉာဏ်ပညာဗဟုသုတ များ ကြွယ်ဝပြီး ဆင်ခြင်တုံတရားမြင့်မားသည့် ကလေးများ၊ ဆုံးဖြတ်နိုင်စွမ်းရှိသည့် ပုဂ္ဂိုလ်များ၊ တိုင်းပြည်ချစ်သည့်ပုဂ္ဂိုလ် များ၊ သဘာဝကို မြတ်နိုးသည့် ပုဂ္ဂိုလ်များ ၊ စူးစမ်းတတ်သည့် ပုဂ္ဂိုလ်များ၊ လေ့လာတတ်သည့်ပုဂ္ဂိုလ်များ သားကောင်းရတနာ လေးများဖြစ်အောင် အားပေးကြပါဟု ပြောကြားသည်။
(၈)ကြိမ်ရှိပြီဖြစ်
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားမှာ ပြန်ကြား ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော် ဖြစ်ပါကြောင်း၊ ကလေးစာပေပွဲတော်များ ကျင်းပလာခဲ့သည်မှာ နိုင်ငံတော်အဆင့် (၈)ကြိမ် ရှိပြီဖြစ်ပါကြောင်း၊ ပဲခူးတိုင်း ဒေသကြီးတွင် န၀မအကြိမ်မြောက် ကျင်းပခြင်း ဖြစ်ပါကြောင်း၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ကလေး စာပေပွဲတော်ကြီးများ ဆက်လက်ကျင်းပသွားမည်ဖြစ်ပါ ကြောင်း၊ ခရိုင်၊ မြို့နယ်များတွင်လည်း ကျင်းပလျက်ရှိပါ ကြောင်း။
ပျော်ရွှင်မှုရှိရန် အရေးကြီး
ကလေးစာပေပွဲတော်ကျင်းပရခြင်း အဓိကရည်ရွယ်ချက်မှာ ကလေးများ ပျော်ရွှင်စေရန်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ကလေးများကို ပျော်ရွှင်စေချင်ပါကြောင်း၊ ကလေးများသာမက လူသားအားလုံး ပျော်ရွှင်မှုရှိရန် အရေးကြီးပါကြောင်း၊ ကလေး များ ပျော်ရွှင်ရန်ဆိုပြီး ပျော်ပွဲရွှင်ပွဲများသာ ကျင်းပပေးခြင်းမျိုး မဟုတ်ပါကြောင်း၊ ခေတ္တခဏသာ ပျော်ရွှင်ခြင်းမျိုးမဟုတ်ဘဲ ရေရှည်တည်တံ့ ကြာရှည်သည့် ပျော်ရွှင်မှုမျိုးဖြစ်အောင် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါကြောင်း။
အမှတ်တရဖြစ်စေချင်
ကလေးစာပေပွဲတော်ဆိုပြီး ကလေးပွဲများ သက်သက် မဟုတ်ဘဲ စာပေပွဲများလည်း ထည့်သွင်းကျင်းပပေးပါကြောင်း၊ ခန်းမအတွင်းနှင့် အပြင်ဘက်တွင် စာအုပ်များ ခင်းကျင်းပြသ ထားသကဲ့သို့ ဈေးတန်းများတွင်လည်း စာအုပ်များရောင်းချပေး လျက်ရှိပါကြောင်း၊ ကလေးများကို စာအုပ်စာပေနှင့် ထိတွေ့ စေချင်ပါကြောင်း၊ ကလေးစာပေပွဲတော်မှ လက်ဆောင်ပေးသော စာအုပ်များ၊ ဈေးတန်းမှရောင်းချသော စာအုပ်များ ဝယ်သွား ခြင်းဖြင့်လည်း အမှတ်တရဖြစ်စေချင်ပါကြောင်း။


စုပေါင်းလုပ်ဆောင်တတ်သည့် အလေ့အကျင့်ရလာ
ကလေးများ စာအုပ်စာပေနှင့် ထိတွေ့ပျော်ရွှင်စေရန် သာမက လူအများနှင့် ပူးပေါင်းလုပ်ဆောင်တတ်သည့် အဖွဲ့ အစည်း စိတ်ဓာတ်များ ရှိစေရန်လည်း ရည်ရွယ်ပါကြောင်း၊ Theme Song ဆိုသည့် ကလေးတွေကို ရေတွက်ကြည့်သည့် အခါ ၃၈ ယောက်ရှိပါကြောင်း၊ သူတို့လေးတွေအနေဖြင့် သီချင်း ဆိုရန် ဇာတ်တိုက်လေ့ကျင့်ရမည်၊ ဆရာ ဆရာမများက လေ့ကျင့် ပေးရမည်၊ ဘယ်သူက ဘယ်လိုစသည်ဖြင့် ညှိရမည်ဖြစ်ပါ ကြောင်း၊ ညီညီညာညာဖြစ်အောင် စုပေါင်းလုပ်ဆောင်တတ် သည့် အလေ့အကျင့်ရလာပါကြောင်း။
ကလေးစာပေပွဲတော်များ ကျင်းပရာတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်/မြို့များ၏ တက္ကသိုလ်များ၏ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပလေ့ရှိပါကြောင်း၊ ကျင်းပရသည့် ရည်ရွယ်ချက်မှာ နေရာထိုင်ခင်း ကျယ်ကျယ်ဝန်းဝန်းရှိခြင်း၊ ပွဲတော်လာသည့် ကလေးများမှာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအရွယ် ကလေးများဖြစ်၍ သူတို့ဘာသာ တက္ကသိုလ်သို့ လာရောက်ရန် ခက်ခဲပါကြောင်း၊ ကြုံကြိုက်မှသာ ရောက်ရှိနိုင်ပါကြောင်း၊ ကလေးစာပေပွဲတော် ကျင်းပသည့်အခါ
တစ်နယ်လုံးမှ ကလေးငယ်များ တက္ကသိုလ်အတွင်း ရောက်ရှိ လာသည့်အခါ အထင်ကြီးအားကျလာနိုင်ပါကြောင်း၊ တစ်နေ့ ငါတို့လည်း တက္ကသိုလ်ရောက်ရမည်ဆိုသည့် အတွေးများ ရှိလာ နိုင်ပါကြောင်း၊ ခမ်းနားသည့် ခန်းမကြီးအတွင်း ရောက်ရှိသည့် အခါ ဂုဏ်ယူတတ်သည့်စိတ်များလည်း ဖြစ်ပေါ်လာနိုင် ပါကြောင်း။
ဝိုင်းဝန်းကူညီပံ့ပိုးပေး
ကလေးစာပေပွဲတော် လာရောက်ရင်း၊ ဆက်စပ်မိရင်း စေတနာ သဒ္ဓါတရားထက်သန်သည့် ပုဂ္ဂိုလ်များလည်း ကြုံဖူး ပါကြောင်း၊ မော်လမြိုင်တက္ကသိုလ်၌ ကျင်းပသည့် ကလေးစာပေ ပွဲတော်တွင် မော်လမြိုင်တက္ကသိုလ် ကျောင်းသားဟောင်းများ ပါဝင်သည့် ရပ်မိရပ်ဖများက ခန်းမရှေ့တွင် ကွန်ကရစ်ခင်းပေး ခြင်းနှင့် အခြားလိုအပ်သည်များကို ဝိုင်းဝန်းကူညီပံ့ပိုးပေး ပါကြောင်း။
စာအုပ်များကို တတ်နိုင်သလောက်ပြသ
နေပြည်တော်တွင် ကျင်းပသည့် စာတတ်သူတိုင်း စာဖတ် ရေးလှုပ်ရှားမှုတွင် ပထမဆုံးအကြိမ်အဖြစ် စာအုပ်ပေါင်း ၄၂၈၀ ကျော်ကို ခင်းကျင်းပြသခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံတွင် စာမဖတ် ကြောင်း၊ စာအုပ်စာပေ မထွန်းကားကြောင်း ပြောဆိုသည်များ ရှိရာ စာဖတ်မှုနှင့် ပတ်သက်၍ အားနည်းချက်များ ရှိသည် မှန်သော်လည်း စာမဖတ်ကြဘူး၊ စာအုပ်စာတမ်း မထွက်ဘူး ဆိုသည့်အချက်မှာ မမှန်ပါကြောင်း၊ စာဖတ်ချင်သူများအတွက် စာအုပ်တွေရှိပါတယ်ဆိုသည့်အချက်ကို ပြချင်သည့်အတွက် ၂၀၁၈ တစ်နှစ်လုံးထွက်သည့် စာအုပ်များကို တတ်နိုင်သလောက် ပြသပေးခြင်းဖြစ်ပါကြောင်း။
စေတနာထက်သန်သည့် ပုဂ္ဂိုလ်များရှိ
မြစ်ကြီးနားတက္ကသိုလ်တွင် ကျင်းပသည့် ကလေးစာပေ ပွဲတော်တွင် စာပေကို စိတ်ဝင်စားသည့် စေတနာရှင်များက စာပေပွဲတော်နှင့် ဟောပြောပွဲများသာမက စာအုပ်များခင်းကျင်း ပြသသည့်အတွက် ဝမ်းသာကြောင်း၊ ကချင်ပြည်နယ်အတွင်းရှိ အခြားမြို့နယ်များတွင်လည်း ကလေးစာပေပွဲတော်များ ကျင်းပ ပေးပါ၊ တတ်နိုင်သလောက် ဝိုင်းဝန်းကူညီပေးပါမည်ဟု ပြောသည့်အတွက် ပူတာအို၌ ကလေးစာပေပွဲတော် ဆက်လက် ကျင်းပပေးခဲ့ပါကြောင်း၊ ပူတာအိုလိုနေရာမျိုးသည် သွားလာရ ခက်ခဲသလို စာအုပ်စာပေရောက်ရန်လည်း ခဲယဉ်းပါကြောင်း၊ သို့သော် ပူတာအို ကလေးစာပေပွဲတော်တွင် ယခုကဲ့သို့ စာအုပ် ၄၂၀၀ ကျော်ကို ခင်းကျင်းပြသခဲ့ပါကြောင်း၊ စေတနာရှင်ပုဂ္ဂိုလ် များက ပူတာအိုတွင်ပြသထားသည့် စာအုပ်များကို ပြန်မသယ် ရန်နှင့် သူတို့လှူဒါန်းမည်ဟု ပြောပါကြောင်း၊ မိမိတို့ဘက်မှ အချို့စာအုပ်များကို လှူဒါန်းခဲ့သည့်အတွက် စေတနာရှင်များ ဘက်မှ သိန်း ၆၀ ကျော်သာ ဝယ်ရပါကြောင်း၊ အဓိက ပြောချင်တာက ကလေးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စေတနာထက်သန်သည့် ပုဂ္ဂိုလ်များရှိခြင်းကို ပြောချင်တာဖြစ်ပါ ကြောင်း၊ ထိုသို့ ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် ကလေးစာပေ ပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခြင်းဖြစ်ပါ ကြောင်း။
အချုပ်ဆိုရသော် ကလေးများဖွံ့ဖြိုးတိုးတက်ပြီး လူတော် လူကောင်းများဖြစ်လာစေရန်၊ တိုင်းပြည်၏အနာဂတ် ပိုမို တောက်ပြောင်စေရန်အတွက် ကလေးစာပေပွဲတော်များကို ရည်ရွယ်ကျင်းပခြင်းဖြစ်သည့်အတွက် တက်ရောက်လာကြသည့် ပုဂ္ဂိုလ်များအနေဖြင့် ဒီပွဲတင်သာမက စာပေဖွံ့ဖြိုးတိုးတက်ရေး၊ ကလေးများစာဖတ်ရေး၊ အသိပညာပြန့်ပွားရေးတွင် တတ်နိုင် သည့်ဘက်မှ ဝိုင်းဝန်းပြီးကူညီဆောင်ရွက်ပေးကြရန် ထပ်ဆင့် မေတ္တာရပ်ခံအပ်ပါကြောင်း ပြောကြားသည်။
ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေ
ထို့နောက် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကျောင်းသား ကျောင်းသူများက ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေ ကြသည်။
ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်
ယင်းနောက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ကျေးဇူးတင်စကား ပြောကြားရာတွင် ပဲခူးတိုင်း ဒေသကြီး ပဲခူးတက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် ကလေးစာပေ ပွဲတော်တွင် အနာဂတ်၏ ခေါင်းဆောင်များဖြစ်သည့် ကလေး များကို ဉာဏ်ရည်ဉာဏ်သွေး ဗဟုသုတများ ထက်မြက်လာ စေရန်နှင့် တီထွင်ဖန်တီးလိုစိတ်များ ရင့်သန်လာစေရန်၊ ကလေး များ စာပေ၌ရင်းနှီးပြီး စာဖတ်ဝါသနာ ပါလာစေရန်နှင့် ကလေး များ၏ ပျော်ရွှင်မှုကို စာဖတ်ခြင်းဖြင့် ပျော်ရွှင်လာစေရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပသည့် ပွဲတော်ကြီးကို စည်ကား သိုက်မြိုက်စွာ တက်တက်ကြွကြွဖြင့် ကဏ္ဍအသီးသီးမှ ဝိုင်းဝန်း အားပေးကူညီပေးပါသော ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာများမှ ပုဂ္ဂိုလ်များ၊ မြို့မိမြို့ဖများ၊ ပဲခူး တက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ အထူးသဖြင့် ဖျော်ဖြေရေးကဏ္ဍတွင် ပါဝင် ဖြည့်ဆည်းပေးပါသော အခြေခံပညာကျောင်းများမှ တာဝန်ရှိသူ များ အားလုံးကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား မိမိအနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ ကလေးစာပေအပါအဝင် နှလုံးပြည့်ဝ၊ ပညာဉာဏ်ပြည့်ဝသော နိုင်ငံသူ၊ နိုင်ငံသားများ ဖြစ်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြသူများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားသည်။
လှည့်လည်ကြည့်ရှုအားပေး
ထို့နောက် နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးထင်ကျော်နှင့် အဖွဲ့သည် ပွဲတော်တွင် ခင်းကျင်းပြသထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ပါဝင်ဆင်နွှဲ
ကလေးစာပေပွဲတော်(ပဲခူး)ကို မတ် ၂၈ ရက်မှ ၃၀ ရက် အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပဲခူးတက္ကသိုလ်၌ ကျင်းပသွားမည်ဖြစ်ရာ မည်သူမဆို ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။


သတင်းစဉ်

No comments:

Post a Comment