Thursday, February 28, 2019

မိမိတို့နိုင်ငံ၏ Tele Density မှာ ၁၀၀ ရာခိုင်နှုန်းကျော်ရှိပြီး အင်တာနက်အသုံးပြုမှုမှာ ၈၀ ရာခိုင်နှုန်းကျော်ရှိ e-Government ဦးဆောင်ကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား



Image may contain: 6 people, indoor and text
 နေပြည်တော် ဖေဖော်ဝါရီ ၂၇



e-Government ဦးဆောင်ကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ e-Government ဦးဆောင်ကော်မတီနာယက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးတွင် ဦးဆောင် ကော်မတီနာယက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် သတ်မှတ် ထားသည့် စီးပွားရေးရည်ရွယ်ချက် ၁၂ ရပ်ထဲတွင် e-Government ကိစ္စပါဝင် ပါကြောင်း၊ ၎င်းတို့မှာ Data ID Card System ၊ Digital Government Strategy နှင့် e-Government System ထူထောင်ရန် ဖြစ်ပါကြောင်း၊ ထိုသို့ ထူထောင်ခြင်းအားဖြင့် မိမိတို့ နိုင်ငံသည် တိုးတက်နေသည့် ကမ္ဘာကြီး ထဲသို့ ဝင်လာရုံတင်မကဘဲ မိမိတို့ရင်ဆိုင် နေရသည့် ပြဿနာများအတွက်ပါ ကျော်လွှားနိုင်မည့် အခွင့်အရေးများရရှိနိုင်ပါကြောင်း၊ ထို့ကြောင့် e-Gover- nment စနစ်ကို အမြန်ဆုံး ထူထောင်ရန် အလွန်အရေးကြီးပါကြောင်း။
စိန်ခေါ်မှုများ ပို၍တိုးလာ
ယခုဆိုလျှင် လုပ်ငန်းကော်မတီကို ဖွဲ့စည်းထားပြီးဖြစ်သည့်အတွက် လုပ်ငန်း များကို သွက်သွက်လက်လက် အရှိန် အဟုန်ဖြင့် ရှေ့ကိုဆက်တက်နိုင်မည်ဟု ထင်ပါကြောင်း၊ e-Government အတွက် အခြေခံကျသည့်ကိစ္စမှာ e-Government Integrated Data Center (e-GIDC) ဖြစ်ပါကြောင်း၊ ယင်းစီမံကိန်းနှင့်ပတ်သက်ပြီး အဘက် ဘက်က စဉ်းစားရပါကြောင်း၊ ယင်းData Center တွင် ပြည်သူပြည်သားများနှင့်ပတ်သက်သည့်၊ သတင်းအချက်အလက် များနှင့် Data များ ရှိမည်ဖြစ်သည့်အတွက် လုံခြုံရေးသည် အရေးကြီးပါကြောင်း၊ ယနေ့ ဒီဂျစ်တယ်ခေတ်ကြီးတွင် ဆက်သွယ်ရေးစနစ်များ အင်မတန် တိုးတက်နေသည့် တစ်ချိန်တည်းတွင် စိန်ခေါ်မှုများသည်လည်း ပို၍များလာပါ ကြောင်း၊ ယင်းတိုးတက်မှုများကို အပြု သဘောဆောင်သည့် တိုးတက်မှုများ ဖြစ်အောင် အစဉ်တစိုက် ထိန်းသိမ်းသွား ရမည်ဖြစ်ပါကြောင်း။
အရေးတကြီးလုပ်ဆောင်ရန် လိုအပ်
e-Government Master Plan တွင်ပါဝင်နေသည့် အစိုးရ၏ Electronic ဝန်ဆောင်မှုများကို ပြည်သူအားလုံး သိရှိ နားလည်ရေးအတွက် မြန်မာဘာသာ စကားဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် ကွန်ပျူတာသုံး မြန်မာဘာသာစကား စနစ်ကို ပြုပြင်ရန်လိုအပ်ပါကြောင်း၊ ယခုအသုံးပြုနေသည့် Myanmar-3 Font ကိုမသုံးဘဲ International Standard Organization 10646 နှင့် ပိုမိုကိုက်ညီသည့် PyiDaungSu Fontစနစ်နှင့် Keyboard ကိုအသုံးပြု ရန် ဦးတည်ရမည်ဖြစ်ပါကြောင်း၊ နောင်တွင် တိုင်းရင်းသားဘာသာစကား များဖြင့်ပါ e-Government System ထိထိရောက်ရောက်သုံးနိုင်မည့် အခြေ အနေကို ရောက်ရှိမည်ဖြစ်သည့်အတွက် ယင်းစနစ်ကို အရေးတကြီးလုပ်ဆောင်ရန် လိုအပ်ပါကြောင်း။
အကောင်းဆုံးနည်းလမ်းများ ရွေးချယ်
မိမိတို့နိုင်ငံ၏ Tele Density မှာ ၁၀၀ ရာခိုင်နှုန်းကျော်ရှိပြီး Internet အသုံးပြုမှုမှာ ၈၀ ရာခိုင်နှုန်းကျော်ရှိပါ ကြောင်း၊ မိမိတို့နိုင်ငံရှိ ပြည်သူပြည်သား များသည် ခေတ်နှင့်အညီလိုက်၍ နည်းပညာများကို အသုံးပြုနိုင်ပါကြောင်း၊ ထို့ကြောင့် မိမိတို့၏ စနစ်များသည်လည်း ခေတ်နှင့်အညီဖြစ်ရန် အရေးကြီးပါ ကြောင်း၊ Data Security ၊ Data Privacy ၊ Data Sharingစသည့် ကိစ္စ ရပ်များတွင် ပြည်သူပြည်သားများနှင့် နိုင်ငံ၏လုံခြုံမှုကို ကာကွယ်သည့်အနေ ဖြင့် လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ Cyber Law and Policy အပေါ်တွင် အများပြည်သူ၏ သဘောထားများကို တောင်းခံပြီး ပြည်တွင်းပြည်ပက အသိ ပညာရှင်များက ဝိုင်းဝန်းအကြံပြုနေသည် ဟု သိရပါကြောင်း၊ ယင်းအကြံပြုချက် များထဲမှ မိမိတို့နိုင်ငံအတွက် သင့်တော် သည့် အကောင်းဆုံးနည်းလမ်းများကို ရွေးချယ်ပြီး အနာဂတ်အတွက် ပြင်ဆင် သွားရမည်ဖြစ်ပါကြောင်း။
သတိပြုရန်အရေးကြီး
မိမိတို့လုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်မှုသည် အလွန် အရေးကြီးပါကြောင်း၊ ပြည်ထောင်စု အစိုးရ၊ တိုင်းဒေသကြီး^ပြည်နယ်အစိုးရ၊ သက်ဆိုင်ရာဌာနများ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုရှိမှသာ မြန်မြန် ဆန်ဆန် ထိထိရောက်ရောက် ဆောင်ရွက် နိုင်မည်ဖြစ်ပါကြောင်း၊ ဆက်သွယ်ရေး ကဏ္ဍနှင့်ပတ်သက်ပြီး ဆက်သွယ်ရေး လုပ်ငန်းလိုင်စင်ရယူပြီး လုပ်ငန်းဆောင် ရွက်နေသည့် မိုဘိုင်လ်းအော်ပရေတာများ နှင့် ကုမ္ပဏီအသီးသီးကို ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ လိုက်နာဆောင် ရွက်ရန် ပြောကြားထားပြီးဖြစ်ပါကြောင်း၊ အလုပ်လုပ်ရာတွင် လွယ်ကူအောင် ဆောင်ရွက်ပေးခြင်းသည် မိမိတို့နိုင်ငံတွင် ရင်းနှီးမြှုပ်နှံစေလို၍ ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ တိုးတက်စေလို၍ ဖြစ်ပါကြောင်း၊ သို့သော် စည်းကမ်းရှိရမည် ဖြစ်ပါကြောင်း၊ တိုးတက်စေလိုသည်၊ ရင်းနှီးမြှုပ်နှံစေလို သည်ဆိုသည့် စိတ်တစ်ခုတည်းဖြင့် "လုပ်ချင်တာလုပ်ပါစေ" ဟု အားလုံး အလိုလိုက်နေပါက ရေတိုတွင် အကျိုး အမြတ်ရှိနိုင်သော်လည်း ရေရှည်တွင် ပြဿနာများစွာ ပေါ်လာနိုင်သည်ကို မိမိတို့အနေဖြင့် သတိပြုရန်အရေးကြီးပါ ကြောင်း။
ယခုလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် တစ်ဖွဲ့ နှင့်တစ်ဖွဲ့၊ တစ်ဦးနှင့်တစ်ဦး ပူးပေါင်း ဆောင်ရွက်မှုသည် အဓိကကျပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှု မရှိခြင်းသည် မိမိ တို့နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို အထိခိုက်ဆုံး ကိစ္စတစ်ခုဖြစ်သည်ဟု အကြိမ်ကြိမ် ပြောကြားခဲ့ပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အချင်းချင်း အကြားတွင် ပူးပေါင်းဆောင်ရွက်မှုရှိရ မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး^ ပြည်နယ်နှင့် ပြည်ထောင်စုအစိုးရ အကြားတွင်လည်း ပူးပေါင်းဆောင်ရွက်မှု ရှိရမည်ကို သတိပေးလိုပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုရှိမှသာ မြန်မြန် ဆန်ဆန် တိုးတက်နိုင်မည်ဖြစ်ပါကြောင်း။
ပြဿနာများ ကျော်လွှားသွားနိုင်
e-Government အကောင် အထည်ဖော်ရာတွင် ID ကတ်များသည် အရေးကြီးပါကြောင်း၊ မိမိတို့နိုင်ငံ၏ ပြဿနာတချို့သည် ID စနစ်ရှိခြင်း အားဖြင့် များစွာသော ပြဿနာများကို ကျော်လွှားသွားနိုင်မည်ဖြစ်ပါကြောင်း၊ ယင်းကို သတိပြုစေလိုပါကြောင်း၊ ယင်းကို မြန်မြန်ဆန်ဆန်ဆောင်ရွက် စေလိုပါကြောင်း၊ e-Government စနစ် စတင်အသုံးပြုနေသည့်ဌာနများနှင့် မသုံးရသေးသည့် ဌာနများအကြားတွင် ဆွေးနွေးစေလိုပါကြောင်း၊ အသုံးပြုခြင်း အားဖြင့် မည်သည့်အကျိုးအမြတ်များ ရှိသည်၊ မည်သည့်အားနည်းချက်များ ရှိသည်ကို အဓိကထား ဆွေးနွေးစေလိုပါ ကြောင်း ပြောကြားသည်။
လုပ်ငန်းတာဝန် (၅) ရပ် ချမှတ်
ထို့နောက် ဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက နိုင်ငံတော် အစိုးရအနေဖြင့် e-Government စနစ်အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်အတွက် e-Government ဦးဆောင်ကော်မတီကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နာယကအဖြစ်ဦးဆောင်၍ လုပ်ငန်း တာဝန် (၅) ရပ် ချမှတ်ကာ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ထို့ပြင် ဦးဆောင်ကော်မတီ၏လုပ်ငန်းတာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် e-Government အကောင်အထည် ဖော်ရေးလုပ်ငန်းကော်မတီနှင့် e-ID စနစ်လုပ်ငန်းကော်မတီကို ဖွဲ့စည်းပြီး e-Government အကောင်အထည် ဖော်ရေးလုပ်ငန်းကော်မတီအောက်တွင် ဆပ်ကော်မတီ (၈)ခု၊ e-ID စနစ်လုပ်ငန်း ကော်မတီအောက်တွင် ဆပ်ကော်မတီ (၆)ခုနှင့် နေပြည်တော် / တိုင်းဒေသ ကြီး/ ပြည်နယ်ဦးဆောင်ကြီးကြပ်မှု အဖွဲ့နှင့် နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုတို့တွင် လုပ်ငန်းအဖွဲ့အဆင့်ဆင့်ကို ဖွဲ့စည်းပြီး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်
ပထမအကြိမ်အစည်းအဝေးတွင် e-Government ဦးဆောင်ကော်မတီ နာယက က “e-Government စနစ် မြန်မြန်တိုးတက်အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရာ တွင် အဓိကကျသည့် အချက်(၃)ချက်ဖြစ် သည့် ကျွမ်းကျင်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့တွင် ပူးပေါင်း ဆောင်ရွက်မှုအပိုင်းကို စတင်လုပ်ဆောင် ရန်နှင့် အစိုးရဌာနအားလုံးက ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားမှသာ အောင် မြင်နိုင်မည်ဖြစ်ကြောင်း" လမ်းညွှန်ခဲ့ မှုအပေါ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
ပြီးစီးအောင် အကောင်အထည်ဖော်
ပထမအကြိမ်အစည်းအဝေးတွင် ဆုံးဖြတ်ချက်(၅)ချက်ချမှတ်ခဲ့ရာ ဆောင် ရွက်ပြီးစီးမှု (၂) ချက်ရှိခဲ့ပြီး ရေရှည် စဉ်ဆက်မပြတ် ဆောင်ရွက်ရမည့် ဆုံးဖြတ်ချက် (၃)ချက်အပေါ် အချိန်တစ်ခု သတ်မှတ်၍ ပြီးစီးအောင် အကောင် အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်မည် ဖြစ်ပါကြောင်း။
ဒုတိယအကြိမ်အစည်းအဝေးတွင် ဆုံးဖြတ်ချက်(၂၁)ချက်ချမှတ်ခဲ့ရာ (၅)ချက်ကို အကောင်အထည်ဖော်ဆောင် ရွက်ပြီးဖြစ်ပါကြောင်း၊ ဆောင်ရွက်ဆဲ (၁၆) ချက်အပေါ်တွင်လည်း သက်ဆိုင်ရာ ဌာန၊ လုပ်ငန်းကော်မတီများ၊ ဆပ် ကော်မတီများကလည်း အမြန်ပြီးစီးရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း။
ဆောင်ရွက်ဆဲလုပ်ငန်းများအနက် တစ်ခုဖြစ်သည့် ကိုရီးယားသမ္မတနိုင်ငံ Economic Development Coo-peration Fund (EDCF) မှ ချေးငွေ အမေရိကန်ဒေါ်လာ ၉၃ ဒသမ ၇၇၉ သန်း ဖြင့် တည်ဆောက်မည့် e-Govern-ment Integrated Data Center (e-GIDC) အကောင်အထည်ဖော်နိုင် ရန်အတွက် အချိန်ကာလ ၃ နှစ် ကျော် ခန့် ကြာမြင့်မည်ဟု သိရှိရပါကြောင်း၊ ချေးငွေရရှိရေးကိုလည်း ညှိနှိုင်းဆောင် ရွက်လျက်ရှိပါကြောင်း၊ e-Gover-nment စနစ်ကို အမြန်အကောင်အထည် ဖော်နိုင်ရေးအတွက် မြန်မာနိုင်ငံအတွင်းရှိ အဆင့်မီသည့် ပုဂ္ဂလိက Data Center တစ်ခုကို ငှားရမ်းအသုံးပြုနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ငှားရမ်းအသုံးပြုနိုင်ရေးအတွက်"အဆင့်မီပုဂ္ဂလိက Data Center ငှားရမ်းနိုင်ရေး စိစစ်ရေးကော်မတီ" (၁) ခုကို စနစ်တကျဖွဲ့စည်းပြီး ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ e-Govern-ment ဆောင်ရွက်ရာတွင် အဓိကအရေး ကြီးသည်မှာData Center ဖြစ်ပါ ကြောင်း၊ ချေးငွေရရှိရန် စောင့်ဆိုင်းစဉ် ကာလအတွင်း ပြည်တွင်းတွင် အဆင့်မီ သည့် Data Center ကို ငှားရမ်းသုံးစွဲ ပါက e-Government စနစ်ကို အလျင် အမြန်အကောင်အထည်ဖော်နိုင်မည် ဖြစ်ပါကြောင်း။
အကြံဉာဏ်များပေး
ထို့ပြင် ISO (International Standard Organization) 10646 ဖြင့် ကိုက်ညီသည့် မြန်မာUnicode ကို စံစနစ်အဖြစ် "အမျိုးသားစံချိန်စံညွှန်း ကောင်စီ" က ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်တွင် အမိန့်ကြော်ငြာစာအမှတ်၊ ၂၂/၂၀၁၉ ဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်သည့် အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ပြေးညီအသုံးပြုနိုင်ရေး လိုက်နာ ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါ ကြောင်း(Information Techno- logy) နှင့် ပတ်သက်ပြီး ဥပဒေ၊ နည်း ဥပဒေများ ရေးဆွဲထုတ်ပြန်နိုင်ရန်အတွက် ကမ္ဘာ့ဘဏ်အကူအညီဖြင့် ဆိုက်ဘာ ဥပဒေထွက်ရှိအောင် ဆောင်ရွက်နေခြင်း အပေါ် လိုအပ်သည့်အကြံဉာဏ်များပေး ကြစေလိုပါကြောင်း၊ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီတစ်ခုချင်းအနေဖြင့် လို အပ်ချက်များ၊ အခက်အခဲများရှိပါက အခြားဆပ်ကော်မတီများဖြင့် ညှိနှိုင်း ပူးပေါင်းပြီး အချိန်နှင့်တစ်ပြေးညီ တင်ပြ ပြီး ဆုံးဖြတ်ချက်ရယူကာ ဆောင်ရွက် သွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း။
e-Government ဦးဆောင် ကော်မတီအနေဖြင့်လည်း လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများကို နိုင်ငံတော်သမ္မတ ရုံးသို့ လစဉ်တင်ပြနေရသည့်အတွက် ဌာနဆိုင်ရာများ၊ လုပ်ငန်းကော်မတီ များနှင့် ဆပ်ကော်မတီများအနေဖြင့် e-Government လုပ်ငန်းများအား အလေးအနက်ထား ဆောင်ရွက်ကြပြီး တိုးတက်မှုအစီရင်ခံစာကို ဦးဆောင် ကော်မတီသို့ လစဉ်မပျက်မကွက် အချိန် မီ ပေးပို့တင်ပြသွားကြရန် တိုက်တွန်းပါ ကြောင်း ပြောကြားသည်။
ဆောင်ရွက်ပြီးစီးမှုများ ရှင်းလင်းတင်ပြ
ယင်းနောက် ဦးဆောင်ကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးသာဦး က e-Government ဦးဆောင် ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များ နှင့်စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြသည်။
ဆုံးဖြတ်ချက်ရယူ
ထို့နောက် သက်ဆိုင်ရာဌာနများနှင့် ဆပ်ကော်မတီမှ တာဝန်ရှိသူများက Radio Frequency Identification (RFID) စနစ် အသုံးပြုနိုင်ရေးကိစ္စ၊ နိုင်ငံတကာ Unicode စံ ISO 10646 ဖြင့် ကိုက်ညီသော PyiDaungSu Font စနစ်နှင့် Keyboard တို့ကို အစိုးရ ရုံးဌာနများ၌ လက်ရှိအသုံးပြုနေသောMyanmar-3 Font နေရာတွင် အစား ထိုးအသုံးပြုနိုင်ရေးကိစ္စ၊ နိုင်ငံတကာ Unicode pH ISO 10646 ဖြင့် ကိုက်ညီ သော မြန်မာ Unicodeစနစ်ကို မြန်မာ နိုင်ငံတွင် အသုံးပြုနိုင်ရန် ဆောင်ရွက်မည့် Migration အစီအစဉ်၊ ဝန်ကြီးဌာန များ၊ နိုင်ငံတော်အဖွဲ့အစည်းများအတွက် Domain Name နှင့် e-mailလိပ်စာ သတ်မှတ်နိုင်ရေးကိစ္စတို့ကို ရှင်းလင်း တင်ပြကြပြီး e-Government ဦးဆောင်ကော်မတီ၏ ဆုံးဖြတ်ချက်ကို ရယူကြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များ၊ ဖိတ်ကြားထားသူများ က e-Government လုပ်ငန်းစဉ်များကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင် ရွက်ရန် လိုအပ်ချက်များနှင့် အကြံပြုချက် များကို ဆွေးနွေးတင်ပြကြရာ ဦးဆောင် ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။
ယင်းနောက် e-Government ဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ e-Government ဦးဆောင်ကော်မတီဝင်များ ဖြစ် ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ မြန်မာ နိုင်ငံကွန်ပျူတာအသင်းချုပ် နာယက ဦးသောင်းတင်၊ အသိပညာရှင်၊ အတတ် ပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်

No comments:

Post a Comment