Thursday, February 28, 2019

မျိုးစေ့အရည်အသွေးစစ်ဆေးရေးဓာတ်ခွဲခန်းများကို ပြည်ပအကူအညီများနှင့် အရည်အသွေးမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိ
Image may contain: one or more people
နေပြည်တော် ဖေဖော်ဝါရီ ၂၇
နိုင်ငံတော်၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပင်မအရင်းအမြစ် တစ်ခုဖြစ်သည့် မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လက်တွေ့ကျကျ အကျိုးရှိထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၈)ရက်မြောက်နေ့တွင် အတည်ပြုခဲ့သည်။
ကော်မတီအဖွဲ့ဝင်များ ပြောင်းလဲတာဝန်ပေးအပ်
အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က စီးပွား ရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင်အဖြစ် ခင်ဦးမဲဆန္ဒနယ် မှ ဒေါက်တာဦးဝင်းအောင်အား လည်းကောင်း၊ အစိုးရ၏ အာမခံချက်များ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အဖွဲ့ဝင်အဖြစ် ကြို့ပင် ကောက်မဲဆန္ဒနယ်မှ ဦးဌေးမင်းသိန်းအား လည်းကောင်း ပြောင်းလဲတာဝန် ပေးအပ်မည်ဖြစ်ပါကြောင်းနှင့် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ အဖွဲ့ဝင် ပြည်မဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည်နှင့် စီးပွား ရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ အဖွဲ့ဝင် စဥ့်ကိုင်မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ကြည်မို့မို့တို့အား သီးခြားတာဝန်ပေးအပ်ရန်ရှိသောကြောင့် ကော်မတီအဖွဲ့ဝင်များအဖြစ်မှ ပယ်ဖျက်ခြင်းတို့ကို လွှတ်တော်၏ ဆန္ဒရယူ အတည်ပြုသည်။
အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ
ကော်မတီ ဖွဲ့စည်း
ထို့နောက် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က အမျိုး သမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့် စပ်လျဉ်း၍ ဖတ်ကြားတင်ပြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုပါ ကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး လျာထားသည့် အဖွဲ့ဝင်များအဖြစ် ပြည် မဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည်၊ မိုးကောင်းမဲဆန္ဒနယ်မှ ဦးဝင်းနိုင်၊ ဘားအံမဲဆန္ဒနယ်မှ ဒေါ်နန်းသန်းသန်းလွင်၊ ရှားတောမဲဆန္ဒနယ်မှ ဒေါ်ဝင့်ဝါ ထွန်း၊ ထန်တလန်မဲဆန္ဒနယ်မှ ဒေါ်နီရွှေလျန်း၊ ရွှေဘိုမဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်အေဇင်လတ်၊ လောင်းလုံမဲဆန္ဒနယ်မှ ဒေါ်ခင်စန္ဒီ၊ ပေါင်မဲဆန္ဒနယ်မှ ဒေါ်မိကွန်ချမ်း၊ ဂန့်ဂေါ မဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်၊ နွားထိုးကြီးမဲဆန္ဒနယ်မှ ဦးနိုင်ထူးအောင်၊ ကွန်ဟိန်းမဲဆန္ဒနယ်မှ ဒေါ်နန်းခင်စော၊ ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေ၊ ပဲခူးမဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်ရွှေပုံ၊ စဥ့်ကိုင် မဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်ကြည်မို့မို့လွင်နှင့် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီး မြင့်ချို၊ ကော်မတီဥက္ကဋ္ဌအဖြစ် ပြည်မဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည်နှင့် အတွင်းရေးမှူးအဖြစ် စဥ့်ကိုင်မဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်ကြည်မို့မို့လွင်တို့အား တာဝန်ပေးအပ်ရန် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း လွှတ်တော်သို့ တင်ပြသည်။
ဝိုင်းမော်မဲဆန္ဒနယ်မှ ဦးလဂန်ဇယ်ဂျုံး၏ ဝိုင်းမော်မြို့နယ်တွင်ရှိသော ဝါရှောင်ရေလွှဲဆည်ကို အကြီးစားပြုပြင်တည်ဆောက်ပေးရန်နှင့် မြေသား တူးမြောင်းမကြီးအား ဆည်မြောင်းပုံစံကျ ကွန်ကရစ်အုတ်စီနံရံ တည်ဆောက် ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဝါရှောင်ရေလွှဲဆည်နှင့် ဆည်ရေသောက်စနစ် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ပြည်ထောင်စုသာမန်အသုံးစရိတ်ရန်ပုံငွေ ခွဲဝေရရှိမှုအပေါ် မူတည်၍ ဦးစားပေး လုပ်ငန်းများ သတ်မှတ်ကာ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရေလွှဲဆည်အကြီးစားပြုပြင်ခြင်းလုပ်ငန်းများနှင့် တူးမြောင်းမကြီး၏ လိုအပ်သည့် အပိုင်း များတွင် ကွန်ကရစ်လိုင်နင်စီခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်မှစ၍ ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေတွင် ထည့်သွင်း တောင်းခံ၍ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားသည်။
ဗန်းမောက်မဲဆန္ဒနယ်မှ ဦးကျော်စိုး၏ ဗန်းမောက်မြို့နယ်အတွင်း နယ်စပ် ရေးရာဝန်ကြီးဌာနမှ စီမံဆောင်ရွက်နေသော စာခမ်း-ဟော်ယောလမ်း ကျောက်ချောလမ်းခင်းခြင်း(၅)မိုင်အား ပြီးစီးအောင် ဆောင်ရွက်ခြင်းမရှိ သည့်အတွက် အရေးယူဆောင်ရွက်ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က လုပ်ငန်း ဆောင်ရွက်ရန်အတွက် လုပ်ငန်းနေရာအနီးရှိ ကျောက်များသည် သက်တမ်းနု ၍ ပိုမိုကောင်းမွန်သော ကျောက်များရရှိနိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက် သည့် နေရာနှင့် ၁၅ မိုင်ခန့်ကွာဝေးသည့် နေရာမှ သယ်ဆောင်ရခြင်း၊ ကျောက် သယ်ယူပို့ဆောင်ရာတွင် မိုးတွင်းကာလ၌ လမ်းပျက်စီးမှုများဖြစ်ပေါ်ခြင်း ကြောင့် လုပ်ငန်းဆောင်ရွက်ခြင်းများ ရပ်ဆိုင်းထားရခြင်းဖြစ်သည်ကို စိစစ် တွေ့ရှိရပါကြောင်း။
ကုမ္ပဏီမှ ပွင့်လင်းရာသီရောက်ရှိချိန်၌ ကျောက်စုပုံခြင်း၊ အောက်ခံမြေသား လမ်းပြုပြင်ခြင်းနှင့် ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက် လျက်ရှိပါကြောင်း၊ စာခမ်း-ဟော်ယောလမ်း ၅ မိုင် ကျောက်ခင်းခြင်းလုပ်ငန်း အား ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပြီးစီးအောင် ဆောင်ရွက်မည်ဖြစ် ကြောင်း ကုမ္ပဏီဒါရိုက်တာမှ ကတိဝန်ခံချက်ပြုခဲ့၍ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဖွံ့ဖြိုးကြီးကြပ်ရေးရုံးတို့၏ အနီးကပ်ကြီးကြပ်မှုဖြင့် လုပ်ငန်း ပြီးစီးအောင် မျက်ခြည်မပြတ်တွန်းအားပေး ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း။
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်းမရှိသည့် ကုမ္ပဏီအား စစ်ကိုင်းတိုင်းဒေသကြီး အတွင်း နောင်ပြုလုပ်မည့်တင်ဒါလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခွင့် ပိတ်ပင် သွားမည်ဖြစ်ပြီး ကတိဝန်ခံချက်အတိုင်း၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပြီးစီးမှုမရှိပါက ကုမ္ပဏီနှင့် ဒါရိုက်တာအဖွဲ့ဝင်အားလုံးအား ( Black Lis) ကြေညာ၍ စာချုပ်ပါ စည်းမျဉ်းစည်းကမ်းအတိုင်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ရှင်းလင်း ဖြေကြားသည်။
ဆက်လက်၍ ဆားလင်းကြီးမဲဆန္ဒနယ်မှ ဦးဝင်းသိန်းဇော်၊ လွိုင်ကော် မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်စည်သူ၊ ကျွန်းစုမဲဆန္ဒနယ်မှ ဒေါ်တင်တင်ရီ၊ နန်းယွန်းမဲဆန္ဒနယ်မှ ဦးဝမ်းလှနှင့် မယ်စဲ့မဲဆန္ဒနယ်မှ ဦးသန်းသန်းလင်းတို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးများဖြစ်သည့် ဦးလှကျော်နှင့် ဗိုလ်ချုပ် သန်းထွဋ်တို့က ရှင်းလင်းဖြေကြားကြသည်။
ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုး တိုးတက်ရေးကော်မတီအတွင်းရေးမှူး ဦးမောင်မောင်ဦးက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကြမ်းကို တင်သွင်းပြီး ဥပဒေကြမ်းကော်မတီဝင် ဦးစိုင်းထွန်းအေးက အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆိုတင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဆက်လက်၍ ချောင်းဆုံမဲဆန္ဒနယ်မှ ဦးအောင်ကြည်သိန်း တင်သွင်းသည့် နိုင်ငံတော်၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပင်မအရင်းအမြစ် တစ်ခုဖြစ်သည့် မျိုးစေ့ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် လက်တွေ့ကျကျ အကျိုး ရှိထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက် ပေးပါရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
မိုင်းပန်မဲဆန္ဒနယ်မှ ဦးစိုင်းကျော်မိုးက စိုက်ပျိုးရေးကဏ္ဍအတွက် အဓိက အခြေခံအကျဆုံး လိုအပ်ချက်သည် မျိုးစေ့ဆိုသည်ကို အားလုံးလက်ခံရမည့် အချက်ဖြစ်ပါကြောင်း၊ သီးနှံထွက်နှုန်း တိုးတက်စေလိုပါက အခြေခံအကျဆုံး ဖြစ်သည့် မျိုးစေ့လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဦးစားပေးတိုးချဲ့ လုပ်ကိုင်ဆောင် ရွက်ရမည်ဖြစ်ပါကြောင်း၊ အမြင်ကျယ်ကျယ်ထားပြီး မဆောင်ရွက်ပါက ကျန်သည့် သွင်းအားစုများဖြစ်သည့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးတို့ မည်မျှ ပင် ကောင်းနေပါသော်လည်း အခြေခံဗီဇမကောင်းသည့် မျိုးစေ့ကြောင့် အထွက်နှုန်းကို မျှော်မှန်းထားသည့်အတိုင်း ထွက်ရှိလာမည် မဟုတ်ပါ ကြောင်း။
မြောက်မြားလှသည့် သီးနှံအုပ်စုများအကြားတွင် ယခုလက်ရှိ သုတေသန လုပ်ငန်းပမာဏနှင့် ဆောင်ရွက်ရန် ပြည့်စုံလုံလောက်မှုမရှိနိုင်ဟု သုံးသပ်မိပါ ကြောင်း၊ ထို့ကြောင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါလှ သည့် မျိုးစေ့ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့် အလေးထား ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းအဆိုကို ထောက်ခံပါကြောင်း ဆွေးနွေး သည်။
အလားတူ မောက်မယ်မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်း၊ ရပ်စောက် မဲဆန္ဒနယ်မှ ဦးခင်မောင်မြင့်၊ ဖာပွန်မဲဆန္ဒနယ်မှ ဦးစောထွန်းမြအောင်၊ မိတ္ထီလာ မဲဆန္ဒနယ်မှ ဒေါက်တာမောင်သင်း၊ လဲချားမဲဆန္ဒနယ်မှ ဦးစိုင်းဥက္ကာ၊ မအူပင် မဲဆန္ဒနယ်မှ ဦးစိန်ဝင်း၊ ဘီးလင်းမဲဆန္ဒနယ်မှ ဦးတင်ကိုကိုဦးနှင့် ကျောင်းကုန်း မဲဆန္ဒနယ်မှ ဦးသိန်းထွန်းတို့က ဆက်လက်ဆွေးနွေးကြသည်။
ယင်းအဆိုနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးလှကျော်က မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်ဘတ်ဂျက်၏ ရန်ပုံငွေအားအပြင် နိုင်ငံတကာအကူအညီ အထောက် အပံ့များနှင့်လည်း စီမံကိန်းများ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အရည်အသွေးကောင်း မျိုးစေ့များ၊ တောင်သူလယ်သမားများ တိုးမြှင့်သုံးစွဲ လာသည်နှင့်အမျှ အထွက်နှုန်းနှင့် အရည်အသွေးကောင်း သီးနှံများ တိုးတက် စိုက်ပျိုးထုတ်လုပ်လာနိုင်မည်ဖြစ်သည့်အလျောက် နေပြည်တော်၊ ရန်ကုန်နှင့် မ္တလေးတိုင်းဒေသကြီးအတွင်းတွင် မျိုးစေ့အရည်အသွေး စစ်ဆေးရေး ဓာတ်ခွဲ ခန်းများကိုလည်း ပြည်ပအကူအညီများနှင့် အရည်အသွေးမြှင့်တင် ဆောင်ရွက် ပေးလျက်ရှိပါကြောင်း။
လက်ရှိအနေအထားတွင် တောင်သူလယ်သမားများ မျိုးကောင်း၊ မျိုးစေ့၊ မျိုးသန့်များ သုံးစွဲနိုင်ရန်အတွက် စပါးသီးနှံသာမက အခြားအရေးကြီးသီးနှံများ ဖြစ်သည့် ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံတို့ကိုလည်း ပြည်တွင်းစားသုံးမှုသာမက ပြည်ပဈေးကွက်ကို ထိုးဖောက်ဝင်ရောက်နိုင်ရန် အတွက် လုံလုံလောက်လောက် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကလက်နက်ကောင်း တစ်ခုဖြစ်သည့် မျိုးစေ့ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်နေ သည့် ကာလဖြစ်သည့်အလျောက် ယခုတင်သွင်းသည့် အဆိုသည် နိုင်ငံတော် အစိုးရ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ တိုးတက်လာရန်အတွက် ဦးတည်ပြီး ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို အရှိန်အဟုန်ကောင်းကောင်း နှင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးကို များစွာ အထောက်အကူပြုရာ ရောက်သည်ဟု သုံးသပ်ရရှိသည့်အတွက် လွှတ်တော်မှ အတည်ပြုပေးသင့် သည့် အဆိုဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုရှင်၏ သဘောထားရယူရာ အဆိုရှင်က အတည်ပြုပေးပါရန် ပြောကြားသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုနှင့်စပ်လျဉ်း၍ အတည် ပြုရန် လွှတ်တော်၏ ဆန္ဒရယူရာ သဘောမတူသူမရှိသည့်အတွက် အဆိုကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့ကို မတ် ၁ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အေးအေးသန့်(သတင်းစဉ်)

No comments:

Post a Comment