Wednesday, February 6, 2019

Shaw Brothers Pictures International Ltd က ရန်ကုန်မြို့တွင် ရုပ်ရှင်ဇာတ်ကား လာရောက်ရိုက်ကူးမည်

Image may contain: 12 people, people smiling, people standing
နေပြည်တော် ဖေဖော်ဝါရီ ၅
Shaw Brothers Pictures International Ltd က ၄င်းတို့၏ အထူး အောင်မြင်သော Line Walker ရုပ်ရှင်ဇာတ်ကား၏ အဆက်ဖြစ်သည့် Line Walker - 2 အတွက် အဓိကဇာတ်ဝင်ခန်းအချို့ကို မကြာမီ ရန်ကုန် မြို့တွင် လာရောက်ရိုက်ကူးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရုပ်ရှင်ဇာတ်ကားရိုက်ကူးနိုင်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က အဖွင့်အမှာစကားပြောကြားသည်။
လိုက်နာဆောင်ရွက်ရန်လို
ပြည်ထောင်စုဝန်ကြီးက ဟောင်ကောင်၏ အကျော်ကြားဆုံး ကုမ္ပဏီဖြစ် သည့် Shaw Brothers Pictures International Ltd အနေဖြင့် နိုင်ငံတကာအဆင့်မီ ရုပ်ရှင်ဇာတ်ကားရိုက်ကူးခြင်းဖြစ်ရာ နိုင်ငံ၏ပုံရိပ်ကို ပိုမိုမြှင့်တင်ပေးနိုင်မည်ဟု မြင်ပါကြောင်း၊ မြန်မာပရိသတ်တို့အဖို့လည်း မြို့ပြများအတွင်း ရုပ်ရှင်ရိုက်ကူးပုံများကို လက်တွေ့ရှုမြင်ရမည်ဖြစ်သည့် အတွက် စိတ်ဝင်စားကြ၊ နှစ်သက်ကြလိမ့်မည်ဟု မြင်ပါကြောင်း၊ တစ်ဖက်တွင် အများပြည်သူအတွက် အနှောင့်အယှက်၊ အခက်အခဲများ မဖြစ်ပေါ်ရန် ဂရုစိုက် ရမည်ဖြစ်ပါကြောင်း၊ လူမျိုးရေး၊ ဘာသာရေးအရ ထိခိုက်ငြိစွန်းမှုများ မရှိ အောင်လည်း အထူးသတိပြုရန် လိုအပ်ပါကြောင်း၊ ရိုက်ကူးရေးအဖွဲ့များ ဝင်/ထွက်လုပ်ဆောင်မှု၊ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ၊ ရိုက်ကူးရေး သုံးပစ္စည်းများ ထုတ်/သွင်းပြုလုပ်မှုများကို စနစ်တကျ ပြုလုပ်ပေးရန်နှင့် တည်ဆဲဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း အဖွင့် အမှာစကားတွင် ထည့်သွင်းပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးရဲနိုင်က Line Walker-2 ဇာတ်ကားရိုက်ကူးရာတွင် ကဏ္ဍအလိုက် ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားပြီး Yangon Synthesis Productions ကုမ္ပဏီလီမိတက် မန်နေဂျင်းဒါရိုက်တာ ဦးမင်းစိုးသီဟနှင့် Shaw Brothers Pictures International Ltd မှ တာဝန်ရှိသူများက ရိုက်ကူးရေးအစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်းနှင့် အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်တို့က ဖြည့်စွက်ဆွေးနွေးပြီး ပေါင်းစပ်ညှိနှိုင်းပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်

No comments:

Post a Comment