Wednesday, February 6, 2019

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကျင်းပ


Image may contain: 1 person, sitting
၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းရန်အဆိုကို ဆွေးနွေး
နေပြည်တော် ဖေဖော်ဝါရီ ၅
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်း ကော်မတီတစ်ရပ်ကို ဖွဲ့စည်းရန် အဆိုကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် (၃၀) ဦးတို့က ဆွေးနွေးခဲ့ကြသည်။
လျော်ကန်သည့် ကိစ္စရပ်ဖြစ်
အစည်းအဝေးတွင် မကွေးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဦးအောင်ကြည်ညွန့် တင်သွင်းသည့် "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေးလုပ်ငန်းများကို ဆောလျင် စွာ ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီတစ်ရပ်ကို သင့်လျော်သည့်ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းရန် ပြည်ထောင်စု လွှတ်တော်သို့ တိုက်တွန်းကြောင်း" အရေးကြီးအဆိုကို ပေါင်မဲဆန္ဒနယ်မှ ဒေါ်မိကွန်ချမ်းက ဆွေးနွေးရာတွင် ခေတ်စနစ်နှင့်မညီတော့သည့် ဥပဒေ များအစား ယခုအချိန်အခါတွင် ဒီမိုကရေစီဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး တည်ဆောက်နိုင်ရန် လိုက်လျောညီထွေ ဖြစ်မည့် ဥပဒေတစ်ရပ်ပေါ်ပေါက်ရန်အတွက် ပြည်ထောင်စုလွှတ်တော်တွင် ပြည်သူမှ ရွေးကောက်တင်မြှောက်သည့် ကိုယ်စားလှယ်များ ပါဝင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းခြင်းသည် လျော်ကန်သည့် ကိစ္စရပ်ဖြစ်ပြီး တိုင်းရင်းသား ပြည်သူလူထုလိုလားသည့် ဆန္ဒနှင့်လည်း တစ်ထပ်တည်း ကျရောက်နေပါကြောင်း။
အစပျိုးသည့်လုပ်ငန်းတစ်ခုသာဖြစ်
အဆိုရှင် တင်ပြထားသည့်အတိုင်း ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေးအတွက် ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းခြင်းသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးတည်ဆောက်ခြင်းတို့အတွက် မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းတစ်ခုဖြစ်ပါ ကြောင်း၊ ယခုကဲ့သို့ ပူးပေါင်းကော်မတီ ဖွဲ့စည်းခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန် အစပျိုးသည့် လုပ်ငန်း တစ်ခုသာ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်အတွင်းရှိ တိုင်းရင်းသားပေါင်းစုံပါဝင်သည့် လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံပေး ခြင်းဖြင့် တာဝန်ကျေပွန်ရာရောက်မည်ဖြစ်ပါကြောင်း ထောက်ခံဆွေးနွေးသည်။
ပြင်ဆင်ဖြည့်စွက်ရေးကို အရေးတကြီးဆောင်ရွက်စေလို
ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၅)မှ ဦးမြင့်နိုင် က အရေးကြီးအဆို၏ ရည်ရွယ်ချက်မှာ ၂၀ဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေးဖြစ်သည့်အတွက် မူအားဖြင့် ထောက်ခံပါကြောင်း၊ ပြည်သူတစ်ရပ်လုံးလည်း တောင်းဆိုနေမှုဖြစ်ပါကြောင်း၊ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် မိမိတို့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုချင်နေသည့် စစ်မှန်သည့် ဖက်ဒရယ်ဆိုင်ရာအချက်အလက်များကို ပါဝင် အောင် ပြင်ဆင်ဖြည့်စွက်ရေးကို အရေးတကြီးဆောင်ရွက်စေလိုပါကြောင်း၊ အရေးကြီးသည့်အချက်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးတွင် အရေးကြီးသည့် ဥပဒေပုဒ်မများကို ပြင်ဆင်နိုင် ရန် အလွန်အရေးကြီးပါကြောင်း။
ဖွဲ့စည်းပုံပြင်ဆင်မှုတွင်လည်း ပွင့်လင်းမြင်သာမှုရှိရှိနှင့် မိမိတို့ တိုင်းရင်း သားထုတစ်ရပ်လုံးလိုချင်နေကြသည့် စစ်မှန်သည့်ဖက်ဒရယ်မူများနှင့် ပြင်ဆင် နိုင်ပါမှ နှစ်ပေါင်း ၇၀ ခန့် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ကို ချုပ်ငြိမ်းနိုင်မည်ဖြစ် ပါကြောင်း၊ အတုအယောင်ဖက်ဒရယ်မဖြစ်ရန် အရေးကြီးပါကြောင်း၊ လက်ရှိ တိုင်းရင်းသားဒေသများတွင် ပြည်တွင်းစစ်ပွဲများ ဖြစ်ပွားနေသည့် အဓိက အကြောင်းအရင်းမှာ မညီမျှမှု၊ တန်းမတူမှုများကိုသာ အခြေခံပါကြောင်း၊ ထို့ကြောင့် ၂၀ဝ၈ ဖွဲ့စည်းပုံကို ပြင်ဆင်ရာတွင် တန်းတူညီမျှမှုကို အခြေခံကျကျ စဉ်းစားပြီး အားလုံးပါဝင်သည့် ပွင့်လင်းမြင်သာပြီး ဖက်ဒရယ်ဆိုင်ရာ အခြေခံ မူများကို ဥပဒေပုဒ်မများအဖြစ် ပြင်ဆင်နိုင်ကြပါစေကြောင်း ဆွေးနွေးသည်။
ပဏာမလုပ်ငန်းစဉ်တစ်ရပ်သာဖြစ်
တောင်ကုတ် မဲဆန္ဒနယ်မှ ဒေါ်နီနီမေမြင့်က ယခုအဆိုသည် လက်ရှိမိမိတို့ မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည့် ကိစ္စရပ်များနှင့် တိုက်ရိုက်သက်ဆိုင်သော အရေးကြီးအဆိုဖြစ်ပါကြောင်း၊ ဒီမိုကရေစီစနစ်သည် အစိုးရအပေါ် အားလုံး လွှမ်းမိုးသက်ရောက်မှုရှိလာနိုင်ပြီး ဒီမိုကရေစီစနစ်ကို စွဲမြဲခိုင်မာစွာ ကျင့်သုံး ခြင်းကို မဖြစ်မနေပြောင်းလဲရမည်ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂)တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅ တို့နှင့် သက်ဆိုင်ခြင်းမရှိသေးဘဲ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၆၆ အရ လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံတော်၏ မျက်မှောက်အခြေအနေနှင့် နိုင်ငံသားများ၊ တိုင်းရင်းသားများအားလုံးမျှော်မှန်းသည့် အနာဂတ်နိုင်ငံတော် ပုံဖော်ရေးကို ချောမွေ့စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန် အထောက် အကူပြုမည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ဖြစ်ပေါ်လာစေရန် ပဏာမ လုပ်ငန်းစဉ်တစ်ရပ်သာ ဖြစ်ပါကြောင်း။
ယင်းလုပ်ငန်းစဉ်ထဲတွင် ဒီမိုကရေစီစနစ်အရ တာဝန်အပ်နှင်းခံထားရသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက ပြည်သူတစ်ရပ်လုံး၏ သဘောထားဆန္ဒများအပေါ်တွင် အခြေခံပြီး ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ဆွေးနွေး ပြင်ဆင်ခွင့်များ ရရှိလာမည်ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ ပေါ်ပေါက်လာခြင်းသည် တစ်နည်းအားဖြင့် ပြည်သူလူထု၏ သဘောဆန္ဒကို ဖြည့်ဆည်းပေးရန်ဆိုသည့် ကောင်းမွန်သည့် ရည်ရွယ်ချက် တစ်ခု ဖြစ်ပါကြောင်း၊ မိမိတို့ တိုင်းရင်းသားပြည်သူလူထု၏ အကြီးမားဆုံး ဆန္ဒဖြစ်သည့် ငြိမ်းချမ်းရေးနှင့်လည်း တိုက်ရိုက်ဆက်စပ်နေပါကြောင်း၊ ယခုလို မိမိတို့နိုင်ငံတွင် တိုင်းရင်းသားအားလုံးက ထာဝရငြိမ်းချမ်းရေးကို တည်ဆောက် ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ဖြစ်လာ စေရန် အုတ်မြစ်ချနေချိန်တွင် မငြိမ်းချမ်းသည့် တိုင်းရင်းသားဒေသများမှ လွှတ်တော်ကိုယ်စားလှယ်များပါ ပါဝင်ဆွေးနွေးနိုင်တော့မည် ဖြစ်သည့်အတွက် အဆိုအားထောက်ခံပါကြောင်း ဆွေးနွေးသည်။
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဦးလှဦးက ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအတွက် တိုင်းရင်းသားကိုယ်စားလှယ်များ၊ တပ်မတော်သား ကိုယ်စားလှယ်များ၊ ပြည်ထောင်စုကိုယ်စားလှယ်များ ပါဝင်နေသောကြောင့် ပြည်ထောင်စုကော်မတီကြီးက ၂၀ဝ၈ ဖွဲ့စည်းပုံတွင် ပါဝင်သည့်ဥပဒေများကို မိမိတို့ကိုယ်တိုင် ဆန်းစစ်လေ့လာနိုင်ပါကြောင်း၊ ပြည်သူများ၏ လိုအပ်ချက် များအရ ပြင်ဆင်၊ ပယ်ဖျက်၊ ဖြည့်စွက်နိုင်ပါကြောင်း၊ ပြည်ထောင်စုကော်မတီ ဖွဲ့စည်းခြင်း၏ အကျိုးရလဒ်သည် မြန်မာနိုင်ငံသားအားလုံးအတွက် အကျိုး ကျေးဇူးကိုဖြစ်စေပါကြောင်း၊ ပြည်ထောင်စုကြီးတစ်ခုလုံးအတွက် ငြိမ်းချမ်းရေး အတွက်လည်း အထောက်အကူဖြစ်စေပါကြောင်း၊ ပြည်သူများ၏ ဆန္ဒအမှန်ကို ပြည်ထောင်စုလွှတ်တော်က ဖြည့်ဆည်းရာလည်းရောက်သည့်အတွက် အဆို အားထောက်ခံပါကြောင်း ဆွေးနွေးသည်။

ဥပဒေနှင့်ညီ၊ မညီ ဆိုသည်ကို ဂရုပြုရမည်

ပျော်ဘွယ် မဲဆန္ဒနယ်မှ ဦးသောင်းအေးက မိမိတို့သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကို မကန့်ကွက်ပါကြောင်း၊ နိုင်ငံတော်၏ အမျိုးသားအကျိုး စီးပွားအတွက် ပြင်ဆင်သင့်သည့်အချက်များကို ပြင်ဆင်သင့်သည့်အချိန် ကာလတွင် ပြင်ဆင်ရန် သဘောထားရှိပြီးဖြစ်ပါကြောင်း၊ ဥပဒေနှင့်အညီ လုပ်စေလိုပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်အနေဖြင့် ဥပဒေနှင့်ညီ၊ မညီ ဆိုသည်ကို ဂရုပြုရမည်ဖြစ်ပါကြောင်း၊ အမျိုးသားရင်ကြားစေ့ရေးဟုြွေကးကြော်နေသည့် အစိုးရအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်အညီ တည်ငြိမ်အေးချမ်းစွာ အားလုံးနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်းသည်သာ အကောင်းဆုံးဖြစ်ပါကြောင်း၊ မိမိတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၂၅ ပါ ဇယား (၄)နှင့်အညီ ကတိ သစ္စာပြုထားသူများ ဖြစ်ပါကြောင်း၊ မိမိနှင့် ကိုယ်စားလှယ်အချို့တို့၏ ဆွေးနွေး ချက်အရ အဆိုသည် ဥပဒေနှင့် ကိုက်ညီခြင်းမရှိဟု ဆိုသည့်အတွက် လက်ခံ နိုင်ခြင်းမရှိပါက ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားသော နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်နှင့် သဘောထားရယူပေးပါ ရန် ဆွေးနွေးသည်။
ပူးပေါင်းကော်မတီဖွဲ့စည်းခြင်းဆိုသည်မှာ ထင်ရှား
ကျောင်းကုန်း မဲဆန္ဒနယ်မှ ဦးသိန်းထွန်းက မိမိတို့သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကို သဘောမတူခြင်းမဟုတ်ပါကြောင်း၊ ပြင်ဆင်ရေးကို သဘောတူပါကြောင်း၊ နိုင်ငံတကာတွင် ကျင့်သုံးနေသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် ထာဝရပြည့်စုံမှန်ကန်သည်မှာ မရှိပါကြောင်း၊ သက်ဆိုင်ရာ နိုင်ငံများအလိုက် ပြောင်းလဲနေသည့် လူမှုရေး၊ စီးပွားရေး၊ အခြားအခြေအနေ အရပ်ရပ် ပြောင်းလဲမှုကို လိုက်လျောညီထွေအောင် ပြင်ဆင်ကြမည်ကို လက်ခံ ထားပါကြောင်း၊ အရေးကြီးအဆိုသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၂) တွင် ဖော်ပြထားသည့် ဖွဲ့စည်းပုံပြင်ဆင်ခြင်း ပုဒ်မများနှင့် သက်ဆိုင်ခြင်းမရှိဟု ထည့်သွင်းရှင်းလင်းသွားသော်လည်း အဆို၏ အဓိကအစိတ်အပိုင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းခြင်းဆိုသည် မှာ ထင်ရှားနေပါကြောင်း။
အဓိကအချက်သည် အခြေခံဥပဒေ အခန်း ၁၂ ပါ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်းပုဒ်မများနှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ များ အပိုဒ် ၁၃၃၊ ၁၃၄၊ ၁၃၅၊ ၁၃၆ တို့နှင့် တိုက်ရိုက်ပတ်သက်နေသည့်အတွက် အဆိုရှင်တင်သွင်းသော အဆိုကို ဥပဒေနှင့်အညီ ဆောင်ရွက်သင့်ပါကြောင်း အကြံပြုဆွေးနွေးသည်။
ပူးပေါင်းပါဝင်စေလို
မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၇)မှ ဦးနိုင်သီဟက နှစ် ၇၀ ကျော် ဖြစ်ပွားနေသော ပြည်တွင်းစစ်ကို ချုပ်ငြိမ်းစေပြီး ရေရှည်တည်တံ့သော ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရာတွင်လည်းကောင်း၊ အနာဂတ်ကာလတွင် စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရာတွင် လည်းကောင်း၊ ဖွံ့ဖြိုးတိုးတက်ပြီး ငြိမ်းချမ်းသာယာဝပြောသော နိုင်ငံတော်ကြီးတည်ဆောက် ရာတွင်လည်းကောင်း၊ တိုင်းရင်းသားများလိုလားသော တန်းတူကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ကို အာမခံပေးနိုင်သော စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေးကို အထောက်အကူပြုနိုင်ရန်အတွက် လည်းကောင်း၊ တိုင်းရင်းသားများ၏ ပညာရေးကဏ္ဍကို မိခင်ဘာသာစကားအခြေပြု ပညာရေးသင်ကြားခွင့်များ ပိုမိုထောက်ပံ့မှုများ ရရှိနိုင်ရန်အတွက် လည်းကောင်း စသည့်အချက်များကို အထောက်အကူဖြစ်စေရန်အတွက် အစုအဖွဲ့များပါဝင်ပြီး လွှတ်တော်အတွင်းရှိ နိုင်ငံရေးပါတီများမှ ကိုယ်စားပြုသူများအနေဖြင့် ၂၀ဝ၈ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ဖွဲ့စည်းရေး ကို ပူးပေါင်းပါဝင်စေလိုပါကြောင်း ထောက်ခံဆွေးနွေးသည်။
ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်းက လက်ရှိအချိန်တွင် အေးချမ်းတည်ငြိမ်ပြီး ခိုင်မာတောင့်တင်းသည့် နိုင်ငံတော် ကြီးဖြစ်စေရန်အတွက် မျှော်မှန်းတည်ဆောက်နေရသည့်ကာလဖြစ်သကဲ့သို့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုမှ ဒီမိုကရေစီရင့်သန်ခိုင်မာသည့်အဆင့်သို့ ရောက်ရှိရန် ကြိုးပမ်းနေရဆဲလည်းဖြစ်ပါကြောင်း၊ မိမိတိုင်းပြည်တိုးတက် ကြီးပွား သာယာငြိမ်းချမ်းရန်အတွက် ရင်းနှီးစွာဆွေးနွေးညှိနှိုင်းအဖြေရှာ နိုင်ရန် အခြေအနေတစ်ရပ် အမှန်လိုအပ်ပါကြောင်း။
ယခုတင်သွင်းသည့် အဆိုနှင့်ပတ်သက်၍ လတ်တလောဆောင်ရွက်ရမည့် ကိစ္စလည်းဖြစ်သကဲ့သို့ ပြည်သူလူထုအတွက် အရေးကြီးသည့် ကိစ္စလည်း ဖြစ်သည်နှင့်အညီ ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ခံယူရမည့်ကိစ္စ အဖြစ်လည်း အကျုံးဝင်နေသောကြောင့် ပြည်ထောင်စုလွှတ်တော် နည်းဥပဒေ ၆၆ အရ တင်သွင်းခဲ့ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် လိုအပ်ချက်များရှိပါက ပြင်ဆင်နိုင်ရန် စစ်ဆေးသုံးသပ်ပြင်ဆင်ရ မည့် အချိန်အခါကောင်းတစ်ခုအဖြစ် အားလုံးဝိုင်းဝန်းဆွေးနွေးတိုင်ပင် အဖြေရှာနိုင်ရန်အတွက် ရည်ရွယ်ပြီး တင်သွင်းခဲ့သည့် ယင်းအဆိုကို ထောက်ခံ ပါကြောင်း ဆွေးနွေးသည်။
သီပေါ မဲဆန္ဒနယ်မှ ဦးစိုင်းသန့်ဇင်က နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများကို ရေးဆွဲပြဋ္ဌာန်းနိုင်ခွင့်သည် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၏ အနှစ်သာရသာမက နိုင်ငံရေးအာဏာအားလုံး၏ အချုပ်အခေါင် ဖြစ်ပါကြောင်း၊ တိုင်းရင်းသားများနှင့် ပတ်သက်သည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တိုက်ရိုက်ပတ်သက်နေသည့် နိုင်ငံရေး ပြဿနာဖြစ်သည့်အတွက်ကြောင့်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားများ၏မွေးရာပါ အခွင့်အရေးအဖြစ် ပိုင်ဆိုင်ထားသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ဖော်ဆောင်ပေး ကြရပါကြောင်း။
တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရ ပြည်နယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်ခြင်းမရှိစေဘဲ ပြည်နယ်များက သီးခြားလွတ်လပ်စွာ ရေးဆွဲပြဋ္ဌာန်းနိုင်ရေး၊ တိုင်းရင်းသား လူမျိုးများ၏ အမျိုးသားပြဿနာများကို လွတ်လပ်စွာ ထိန်းသိမ်းစောင့်ရှောက် ပြီး တိုးတက်ရှင်သန်အောင် ဆောင်ရွက်နိုင်စေရေးတို့သည် တိုင်းရင်းသားများ ထာဝရငြိမ်းချမ်းရေးရရှိစေရန်အတွက် ထည့်သွင်းစဉ်းစားပေးကြရမည်ဖြစ်ပါ ကြောင်း၊ ထည့်သွင်းစဉ်းစားပေးနိုင်ရန်အတွက်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းခြင်းသည် မရှိမဖြစ်လိုအပ်ပါ ကြောင်း ဆွေးနွေးသည်။
သိန္နီမဲဆန္ဒနယ်မှ ဦးစိုင်းဦးခမ်းက ယနေ့ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံကို ဦးဆောင်ပြီး ကျင်းပ လျက်ရှိပါကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်း ကျင်၊ လုံခြုံရေးကဏ္ဍငါးရပ်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအစုအဖွဲ့၊ နိုင်ငံရေးပါတီအစုအဖွဲ့ တို့မှ ကိုယ်စားလှယ်များက ပါဝင်ဆွေးနွေးလျက်ရှိသကဲ့သို့ အခြေခံသဘော တူညီချက် (၃၇)ချက် ပါဝင်သည့် ပြည်ထောင်စု သဘောတူညီစာချုပ် အစိတ် အပိုင်း(၁)ကိုလည်းကောင်း၊ အခြေခံ သဘောတူညီချက် (၁၄) ချက်ပါဝင် သည့် ပြည်ထောင်စုသဘောတူညီချက်စာချုပ် အစိတ်အပိုင်း(၂)ကို လည်းကောင်း လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး မိမိတို့ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေးခဲ့ပြီးဖြစ်ပါကြောင်း။

ဖက်ဒရယ်စနစ်၏ စံနှုန်းများပါဝင်ရန် အလေးထားပြုပြင်ကြရမည်

ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် အဆိုပါအခြေခံမူများသည် အရေးပါလာမည် ဖြစ်ပါကြောင်း၊ ယင်းဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရခြင်း အကြောင်းရင်းထဲ တွင် အနာဂတ်ဖက်ဒရယ်နိုင်ငံရေးစနစ်၌ မြန်မာနိုင်ငံနှင့် ကိုက်ညီသည့်အချက် များကို အလေးအနက်ထည့်သွင်းစဉ်းစားရန် လိုအပ်သကဲ့သို့ လူ့ဂုဏ်သိက္ခာ တန်းတူညီမျှမှု၊ အပြန်အလှန်ယုံကြည်မှု၊ လေးစားအသိအမှတ်ပြုမှု၊ စာနာ နားလည်မှု၊ သည်းခံခွင့်လွှတ်မှု စသည့် အခြေခံတန်ဖိုးများပါဝင်ပြီး ဖက်ဒရယ် စနစ်၏ စံနှုန်းများကို ပါဝင်စေရန် အလေးထားပြုပြင်ကြရမည် ဖြစ်ပါကြောင်း၊ အဆိုရှင် တင်ပြခဲ့သကဲ့သို့ နိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အကောင်း ဆုံး ကာကွယ်စောင့်ရှောက်ရေးသည် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံတော်၏ မျက်မှောက်အခြေအနေနှင့် နိုင်ငံသားများ၊ တိုင်းရင်းသားများအားလုံး မျှော်မှန်း သည့် အနာဂတ်နိုင်ငံတော်ပုံဖော်ရေးကို ချောမွေ့စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန် အထောက်အကူပြုစေမည့် ဖွဲ့စည်းပုံအခြေခံတစ်ရပ် ဖြစ်ပေါ်လာ ရေးကို ရည်မှန်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ထောက်ခံဆွေးနွေးသည်။
ဆက်လက်ဆွေးနွေး
ယင်းအရေးကြီးအဆိုကို အိမ်မဲ မဲဆန္ဒနယ်မှ ဒေါ်သ္တာ၊ မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေ၊ ကော့ကရိတ် မဲဆန္ဒနယ်မှ ဦးစိုးဌေး၊ ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဝေစိန်အောင်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးလားလ်မင်းထန်၊ မိုင်းရှူးမဲဆန္ဒနယ်မှ ဦးစိုင်းထွန်းအေး၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးဝင်းကြိုင်၊ မအူပင်မဲဆန္ဒနယ်မှ ဦးစိန်ဝင်း၊ မက်မန်းမဲဆန္ဒနယ်မှ ဦးတင်အေး၊ မြောက်ဦး မဲဆန္ဒနယ်မှ ဦးဦးလှစော၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၅)မှ ဦးညီစိန်၊ မင်းတပ်မဲဆန္ဒနယ်မှ ဦးနေလင်းအောင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ ဦးတင်အောင်ထွန်း၊ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ဦးဆီဟူးဒွေ့၊ အင်ဂျန်းယန်မဲဆန္ဒနယ်မှ ဦးလမာနော်အောင်၊ စေတုတ္တရာ မဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၊ ရှားတောမဲဆန္ဒနယ်မှ ဒေါ်ဝင့်ဝါထွန်း၊ နမ့်ဆန် မဲဆန္ဒနယ်မှ ဦးဝင်းထူးနှင့် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၃)မှ ဒေါက်တာမြတ်ဥာဏစိုးတို့က ဆက်လက်ဆွေးနွေးကြသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်း အဝေး ဆဋ္ဌမနေ့ကို ဖေဖော်ဝါရီ ၆ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။

အောင်ရဲသွင်၊ အေးအေးသန့် (သတင်းစဉ်)

No comments:

Post a Comment