Tuesday, February 5, 2019

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကျင်းပ
Image may contain: 1 person, sitting
အစိုးရစက်မှုလက်မှုကျောင်းများနှင့် နည်းပညာကျောင်းများတွင် မော်တော်ယာဉ် အစီး ၃၀ ဖြန့်ဝေပေးရန် စီစဉ်
နေပြည်တော် ဖေဖော်ဝါရီ ၎
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ကြယ်ပွင့်ပြမေး ခွန်းများမေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ ဥပဒေကြမ်း(၂)ခု ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။
ပညာရေးဝန်ကြီးဌာနနှင့်စပ်လျဉ်းသည့်
မေးခွန်းများ ဖြေကြား
အစည်းအဝေးတွင် ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးစောစိန်ထွန်း၏ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ ဒေါတမငယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ကို အခြေခံပညာ အထက်တန်း ကျောင်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမငယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ထက်ဆင့်သင် ကျောင်းသား၊ ကျောင်းသူ ၁၇၇ ဦးသာရှိသည့်အပြင် အနီးဆုံး အထက်တန်း အဆင့်သင်ကျောင်းဖြစ်သော ဒီးမော့ဆို အခြေခံပညာ အထက်တန်းကျောင်းနှင့်(၁)မိုင်ခန့်သာ ကွာဝေးသည်ကိုစိစစ်တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အဆင့်တိုးမြှင့်ရန် ဦးစားပေးသတ်မှတ် ထားခြင်းမရှိပါကြောင်း၊ လက်ရှိ တွင်လည်း အခြေခံပညာ အထက်တန်း အဆင့်ပညာရပ်များလည်း သင်ကြားခွင့်ရှိနေပါကြောင်း ဖြေကြားသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်၏ ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ်၊ ဆင်အိုးချိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အား အခြေခံပညာအထက်တန်း ကျောင်း အဖြစ် ၂၀၁၉ - ၂၀၂၀ပညာသင်နှစ်တွင် အဆင့်တိုးမြှင့်ပေးရန် အစီ အစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ရခိုင် ပြည်နယ် ကျောက်တော်မြို့နယ် ဆင်အိုးချိုင် - အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)တွင် အထက်တန်းအဆင့်သင် ကျောင်းသား ကျောင်းသူ ၆၇ ဦးသာ ရှိသည့်အပြင် အနီးဆုံးအထက်တန်းအဆင့်သင်ကျောင်းဖြစ်သော အပေါက်ဝအခြေခံ ပညာအထက်တန်းကျောင်းနှင့် (၆)မိုင်ခန့်သာ ကွာဝေး သည်ကို တွေ့ရပါကြောင်း၊ ထို့်ကြောင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် ဦးစားပေး သတ်မှတ်ထားခြင်း မရှိပါကြောင်း၊ လက်ရှိတွင်လည်း အခြေခံပညာအထက်တန်း ပညာရပ်များ သင်ကြားခွင့်ရှိနေပါကြောင်း ဖြေကြားသည်။
မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးလှဆန်း၏ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် အတွင်းရှိ အမှတ်(၅)စက်မှုသင်တန်းကျောင်း (မကွေး)တွင် အသက်မွေးဝမ်းကျောင်းအတတ်ပညာ လက်တွေ့သင်ကြား ပြသမှုအတွက် အထောက်အကူပြု မော်တော်ယာဉ်များ အသုံးပြုပြီး စီမံ ဆောင်ရွက်သကဲ့သို့ မြန်မာနိုင်ငံအတွင်းရှိ အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း များ၊ အစိုးရနည်းပညာ အထက်တန်းကျောင်းများတွင် အထောက်အကူပြု မော်တော်ယာဉ်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက လွှတ်တော် ကိုယ်စား လှယ် တင်ပြသကဲ့သို့ သံရည်ကျိုအဆင့် ကားများကို နိုင်ငံတော်သမ္မတ ရုံးသို့တင်ပြပြီး ရရှိရေး ဆောင်ရွက်လျက်ရှိရာ ခွင့်ပြုသည့်အတွက် မကြာမီ တွင် အစိုးရ စက်မှုလက်မှုသိပ္ပံ(အင်းစိန်)အတွက် ယာဉ်(၅)စီး၊ အစိုးရစက်မှု လက်မှုသိပ္ပံ(ရွှေပြည်သာ)အတွက် (၅)စီး၊ အစိုးရစက်မှု လက်မှုသိပ္ပံ (မ္တလေး) အတွက် (၅)စီး၊ အစိုးရစက်မှုလက်မှု သိပ္ပံ(ပြင်ဦးလွင်)အတွက် (၅)စီး၊ ဂျပန်- မြန်မာ အောင်ဆန်း သက်မွေးပညာသင်တန်းကျောင်းအတွက် (၅)စီး၊ နည်းပညာမြှင့်တင်ရေးသင်တန်းကျောင်းဌာန ဆရာအတတ်သင်သိပ္ပံအတွက် (၅)စီး စုစုပေါင်းမော်တော်ယာဉ်အစီး (၃၀)ကို ထုတ်ယူပြီး ဖြန့်ဝေ ပေးရန် စီစဉ်ထားပါကြောင်း၊ ကျန်သော ကျောင်းများအတွက်လည်း ယခုကဲ့သို့ ဆက်လက် တင်ပြပြီး ရရှိပါက ခွဲဝေဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဖြေကြား သည်။
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ဆွေးနွေး
ထို့နောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စား လှယ်များက ဆွေးနွေးကြသည်။
တပ်မတော်သားကိုယ်စားလှယ် ဗိုလ်ကြီးဒေါ်သန်းသန်းဝင်းက ထိမ်းမြားလက်ထပ်ခြင်းသည် ကာယ ကံရှင် (၂)ဦးနှင့် တိုက်ရိုက်ပတ်သက်သည့် လူမှုရေးကိစ္စဖြစ်သော်လည်း လူ့အသိုက် အဝန်း တစ်ခုလုံးနှင့်လည်း သက်ဆိုင် သည့် ကိစ္စဖြစ်ပါကြောင်း၊ ထို့ကြောင့် ထိမ်းမြားလက်ထပ်ရေး သတ်မှတ် ချက် များကို ဥပဒေနှင့်ပြဋ္ဌာန်း သတ်မှတ်ပေးကြပါကြောင်း၊ ယခုပြဋ္ဌာန်းမည့် ဥပဒေသည် ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေဖြစ်သောကြောင့် ကလေးသူငယ်များ၏အခွင့်အရေးကို အပြည့် အဝ ကာကွယ်ပေးနိုင်ရန် အပိုဒ် ၂၃ ၏ အဆိုပြုပြဋ္ဌာန်းချက်အစား အမျိုးသားနှင့် အမျိုး သမီးတို့၏ ထိမ်းမြားလက်ထပ်နိုင်သော အသက်သည် ၁၈ နှစ် ပြည့်ပြီးဖြစ်ရမည်ဟု ပြင်ဆင်လိုပါကြောင်း ရှင်းလင်းဆွေးနွေးသည်။
တပ်မတော်သားကိုယ်စားလှယ် ဗိုလ်ကြီး ဒေါ်သဇင်လှိုင်က အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်ခြင်း ကြောင့် မိခင်နှင့်ကလေး သေဆုံးမှုနှုန်း များပြားလာခြင်း၊ မိခင်ရော ကလေးပါ ရောဂါဖြစ်ပွားမှုနှုန်း မြင့်မားလာခြင်းနှင့် နိုင်ငံ၏ အနာဂတ်အတွက် ကျန်းမာဖွံ့ဖြိုးသည့် လူငယ်၊ လူရွယ်များ နည်းပါး လာစေခြင်း များဖြစ်ပေါ်စေနိုင်သည့်အတွက်ကြောင့် သော်လည်းကောင်း၊ အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်ခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် Óဏ်ရည် ပိုင်းဆိုင်ရာများတွင်ပါ ဖွံ့ဖြိုးမှုနောက်ကျသည့် ကလေးငယ်များကို မွေးဖွားလာ နိုင်သည့်အတွက်ကြောင့် သော်လည်းကောင်း၊ ယခု ဥပဒေကို ရေးဆွဲသည့် အခါတွင် အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်ခြင်းကြောင့် မွေးဖွားလာသည့် ကလေး ငယ်များတွင် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကိုလည်း ထည့်သွင်း စဉ်းစားပြီး ရေးဆွဲစေလို သည့်အတွက်ကြောင့် သော်လည်းကောင်း၊ ထို့ပြင် ယခုပြဋ္ဌာန်းမည့် ဥပဒေသည် ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ ဖြစ်သည့် အားလျော်စွာ ကလေးသူငယ်များ၏ အခွင့်အရေးကို ထိထိ ရောက်ရောက် ဆောင်ရွက်စေလိုသည့်အတွက်ကြောင့် သော်လည်းကောင်း၊ ဥပဒေကြမ်းမှ ထိမ်းမြားလက်ထပ်ခြင်းနှင့် သက်ဆိုင်သည့် အခန်း ၇၊ အပိုဒ် ၂၃ ပါ အဆိုပြုပြဋ္ဌာန်းချက်အစား အမျိုးသားနှင့် အမျိုးသမီးတို့၏ ထိမ်းမြား လက်ထပ်နိုင်သည့် အသက်သည် ၁၈နှစ်ပြည့်ပြီးဖြစ် ရမည်ဟူသော စကားရပ် ဖြင့် ပြင်ဆင်လိုပါကြောင်း ရှင်းလင်းဆွေးနွေးသည်။
ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်ကြီးဒေါ်ဝင်းသီရိဆွေ၊ တပ်မ တော်သားကိုယ်စားလှယ် ဗိုလ်မှူး ဇာနည်ထက်အောင် နှင့် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီး နိုင်ဦးတို့က ဆက်လက်ဆွေးနွေး ကြသည်။
ယင်းနောက် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမောင်မောင်အုန်းက ဆွေးနွေးသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်း အဝေး နဝမနေ့ကို ဖေဖော်ဝါရီ ၇ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်(သတင်းစဉ်)

No comments:

Post a Comment