Tuesday, February 5, 2019

ဝန်ကြီးဌာနပေါင်းစုံ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
Image may contain: 1 person, sitting, table and indoor
နေပြည်တော် ဖေဖော်ဝါရီ ၎
ဝန်ကြီးဌာနပေါင်းစုံ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲကို ဖေဖော်ဝါရီ ၁၉ ရက် (၁၃၈၀ ပြည့်နှစ် တပို့တွဲလပြည့်နေ့)တွင် နေပြည်တော်၌ စည်ကား သိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။
ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိ
ထိုကဲ့သို့ ဝန်ကြီးဌာနများ စုပေါင်းပြီး မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြား ရေးဝန်ကြီးဌာန၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် က "မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနဲ့ ပျော်ပွဲရွှင်ပွဲကို ဝန်ကြီးဌာနအချင်းချင်း အကြား အပြန်အလှန် ချစ်ကြည် ရင်းနှီးမှု ဖြစ်ထွန်းဖို့နဲ့ ပျော်ရွှင်စေဖို့ နေပြည်တော်မှာ ကျင်းပခြင်းဖြစ်ပါတယ်။ ထမနဲထိုးတယ်ဆိုတာ မြန်မာ့ရိုးရာ ဓလေ့တစ်ခုဖြစ်ပါတယ်။ ဒီလိုထမနဲထိုးရာမှာလည်း စုပေါင်းလုပ်ဆောင်ရတဲ့ အတွက် ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေပါတယ်။ ဒါကြောင့် ဝန်ကြီးဌာန အချင်းချင်းအကြားမှာလည်း ချစ်ကြည် ရင်းနှီးမှု ပိုမိုရရှိစေမှာ ဖြစ်ပါတယ်။ ပြီးတော့ အများပြည်သူကြားမှာ ပိုမိုပြန့်ပွားအောင်နဲ့ တခြားနိုင်ငံ တွေက မြန်မာနိုင်ငံရဲ့ ရိုးရာဓလေ့တစ်ခုအဖြစ် သိမြင်အောင် ရည်ရွယ်ကျင်းပတာ ဖြစ်ပါတယ်"ဟု ပြောသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင် ရွက်ရမည့်ကိစ္စများကို အကြံပြုဆွေး နွေးပြီး အစည်းအဝေး တက်ရောက်လာကြ သည့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်သွားမည့်ကိစ္စရပ်များကို ဆက်လက်တင်ပြဆွေးနွေးကြသည်။
သွားရောက်ကြည့်ရှု
အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အစည်းအဝေး တက်ရောက် လာကြ သည့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူ များသည် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲ ကျင်းပမည့် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ တာဝေးစက်ဘီးအားကစားကွင်းသို့ သွားရောက်ကြည့်ရှု ကြသည်။
ဝန်ကြီးဌာနပေါင်းစုံ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲကို ဖေဖော်ဝါရီ ၁၉ ရက်(၁၃၈၀ ပြည့်နှစ် တပို့တွဲလပြည့်နေ့) ညနေပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ တာဝေးစက်ဘီးအားကစားကွင်း၌ ကျင်းပမည် ဖြစ်ရာ ဝန်ကြီးဌာနကိုယ်စားပြုအသင်းများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဝန်းရံအားပေးသည့် ဖျော်ဖြေမှုများအပြင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား မှလည်း ဖျော်ဖြေမည်ဖြစ်သည်။
မြန်မာ့ရိုးရာယဉ်ကျေးမှု ၁၂ လရာသီပွဲတော်တွင် ပါဝင်သည့် တပို့တွဲလ ထမနဲပွဲကို ဝန်ကြီးဌာနများ စုပေါင်း၍ ပထမဆုံးအကြိမ်အဖြစ် နေပြည်တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်လျက်ရှိရာ ပွဲတော်သို့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများနှင့် နိုင်ငံတကာ အဖွဲ့ အစည်းများမှ တာဝန်ရှိသူများကိုလည်း ဖိတ်ကြားရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment