Thursday, February 7, 2019

အခြေခံဥပဒေသည် ပြည်သူ့အတွက်...


မြန်မာ့အလင်းအယ်ဒီတာအာဘော်





မြန်မာနိုင်ငံ    ဖွဲ့စည်းပုံအခြေခံဥပဒေ   ပြင်ဆင်ရေးအတွက်  ပူးပေါင်း ကော်မတီတစ်ရပ်ဖွဲ့စည်းရန် အရေးကြီးအဆိုကို ဖေဖော်ဝါရီ ၆ ရက်က ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ များသဖြင့် အဆိုအတည်ဖြစ်ခဲ့၏။
မဲဆန္ဒပေးခွင့်ရှိသူပေါင်း ၆၂၁ ဦးတွင် ဆန္ဒမဲအရေအတွက် စုစုပေါင်း ၆၁၁ မဲရှိသည့်အနက် ထောက်ခံဆန္ဒမဲပေါင်း ၄၁၄ မဲ၊ ကန့်ကွက်ဆန္ဒမဲပေါင်း ၁၉၁ မဲ၊ ကြားနေဆန္ဒမဲပေါင်း ၆ မဲဟု သိရှိရပါသည်။
မြန်မာနိုင်ငံတွင် ဂျပန်ခေတ် ဖွဲ့စည်းပုံအခြေခံဥပဒေမှ အပဆိုလျှင် ၁၉၄၇ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၊  လမ်းစဉ်ပါတီခေတ် ၁၉၇၄ အခြေခံဥပဒေနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟု သုံးမျိုးရှိခဲ့ ပါသည်။
၁၉၄၇ အခြေခံဥပဒေသည် မြန်မာနိုင်ငံ  လွတ်လပ်ရေးရခါနီး၌ တိုင်းပြုပြည်ပြုလွှတ်တော်     ရွေးကောက်ပွဲများပြုလုပ်၍     ပြည်သှူ ကိုယ်စားလှယ်များက   တိုင်းပြည်ပြုလွှတ်တော်ခေါ်ယူကာ   ရေးဆွဲခဲ့ပြီး ၁၉၆၂  တော်လှန်ရေးကောင်စီ အာဏာသိမ်းချိန်တွင်  ဖျက်သိမ်းခံခဲ့ရ သည်။   တော်လှန်ရေးကောင်စီက   မြန်မာ့ဆိုရှယ်လစ်   လမ်းစဉ်ပါတီ စနစ်ဖြင့် နိုင်ငံထူထောင်မည်ဟုဆိုကာ ၁၉၇၄ ဆိုရှယ်လစ် အခြေခံဥပဒေ တစ်ရပ်ရေးဆွဲပြီး    ပြည်သူ့ဆန္ဒခံယူပွဲဖြင့်   အတည်ပြုခဲ့ပြီး      ၁၉၈၈  ပြည်သှူဒီမိုကရေစီအရေးတော်ပုံကြီး  ပေါ်ပေါက်လာသည့်အခါ  အလို အလျောက် ပျက်ပြယ်သွားခဲ့ရသည်။
ယခု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည်လည်း အမျိုးသားညီလာခံ တစ်ရပ်ခေါ်ယူကာ ရေးဆွဲခဲ့ပြီး ၂၀၀၈ နာဂစ်မုန်တိုင်းပြီးခါစအချိန်တွင် ပြည်သူ့ဆန္ဒခံယူပွဲပြုလုပ်ကာ အတည်ပြုခဲ့သည်။ စတင်ရေးဆွဲစဉ်ကပင် ပြည်သှူကိုယ်စားလှယ်များ၏    ပါဝင်ပတ်သက်ခွင့်    နည်းပါးမှုအပေါ် အငြင်းပွားဖွယ်ရာများဖြစ်ခဲ့ပြီး   အတည်ပြုစဉ်ကလည်း   မုန်တိုင်းဒဏ် ကြောင့်   ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ   နေရာတော်တော်များများမှာ သဘာဝဘေးဒဏ်များ   ခံစားနေရချိန်ဖြစ်သည့်အတွက်   ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ ပြောစရာ ဆိုစရာ များစွာရှိနေခဲ့သည်။
ယခုအခါမူ    ပြည်သှူကိုယ်စားလှယ်များက   ထိုအခြေခံဥပဒေကို ပြင်ဆင်ရေးသားကြရန် လိုအပ်ပြီဟူသည့် မူဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက်  ပူးပေါင်းကော်မတီတစ်ရပ်ဖွဲ့စည်းရန် အရေးကြီး အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။
ယခင်အစိုးရလက်ထက်   ၂၀၁၂   ကြားဖြတ်ရွေးကောက်ပွဲကာလ ကတည်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်  လူထုအဖွဲ့ အစည်းများက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ခေါင်းစဉ်တင်ကာ ပြောဆို လာခဲ့ခြင်းဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကို နိုင်ငံရေးလုပ်ငန်းစဉ်အဖြစ် တင်ခဲ့ပါသည်။ ပြည်သူ လူထုက   ထောက်ခံဆန္ဒမဲပေးခဲ့သည့်အတွက်  ပြည်သူလူထု၏   သဘော ဆန္ဒကို ဆက်လက်အကောင်အထည်ဖော်ရန် ကြိုးစားခြင်းဟု ဆိုပါမည်။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ နိုင်ငံတော်အား မည်သို့ မည်ပုံ ဖွဲ့စည်းမည်၊ မည်သို့သောမူများဖြင့် အုပ်ချုပ်မည်၊ လုပ်ပိုင်ခွင့်နှင့် အာဏာ တို့ကို   လွှတ်တော်များ၊   အစိုးရအဖွဲ့အစည်းများကြားတွင်   မည်ကဲ့သို့ ခွဲဝေတာဝန်ယူရမည်၊ ပြည်သူလူထုက အချုပ်အခြာအာဏာကို မည်သို့ ကိုင်တွယ်ထားပြီး   ပြည်သှူကိုယ်စားလှယ်များနှင့်   အစိုးရတို့ကို  မည်သို့ ထိန်းချုပ်ထားမည်၊ ခေတ်အခါအားလျော်စွာ မူများ၊ ဥပဒေများကို လိုအပ် ပါက   ပြည်သူလူထုက   မည်သို့ပြုပြင်ပြောင်းလဲနိုင်မည်  စသည်တို့ကို စည်းမျဉ်း စည်းကမ်းနှင့် ဥပဒေများ အဖြစ် တိတိကျကျရေးဆွဲထားသည့် ပဋိညာဉ် စာချုပ် ဖြစ်ပါသည်။ တစ်နည်းအားဖြင့်ဆိုသော် ပြည်သှူကိုယ်စား လှယ်များနှင့် အစိုးရတို့ကို ပြည်သူတို့က ၎င်းတို့ပိုင်သည့် အချုပ်အခြာ အာဏာကို   မည်သို့ခွဲဝေတာဝန်ပေးပြီး   မည်သို့တာဝန်က   ရုပ်သိမ်း နိုင်သလဲဆိုသည့် သဘောတူစာချုပ်ဖြစ်သည်။
အခြေခံဥပဒေဟူသည် လူတစ်ဦး တစ်ဖွဲ့ ကောင်းစားရေး မဟုတ်ပါ။ အစိုးရအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များ မည်သို့ပြောင်းလဲသွားကြ သည်ဖြစ်စေ ပြည်သူလူထုက အချုပ်အခြာအာဏာကို မြဲမြဲပိုင်ဆိုင်ထား နိုင်ရေးက အခရာဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုသော် နိုင်ငံ့အရေး ဆောင်ရွက်ကြရာတွင် ပြည်သူ လူထု၏ဆန္ဒကို အသိအမှတ်ပြုကြရေးပင် အာဏာရပါတီ၊ အတိုက်အခံ ပါတီ၊   တိုင်းရင်းသားအင်အားစုများ   အသီးသီးကြားမှာ   ပြည်သူလူထု အကျိုးအတွက် ဦးတည်ရေးဟူသည့် အခြေခံမူကို ချမှတ်ပြင်ဆင်ခြင်းဖြင့် ငြိမ်းချမ်းသာယာသော    အနာဂတ်နိုင်ငံတော်ကို     မျှော်မှန်းနိုင်မည်ဟု ယုံကြည်ပါကြောင်း။         ။

No comments:

Post a Comment