Wednesday, February 6, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တာချီလိတ်နှင့် မိုင်းယောင်းမြို့နယ်တို့မှ ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံ

Image may contain: 1 person, sitting

တာချီလိတ် ဖေဖော်ဝါရီ ၅
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးမင်းသူ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာကြရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ရောက်ရှိကြသည်။
ကြိုဆိုနှုတ်ဆက်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့များက တာချီလိတ်လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် တာချီလိတ်မြို့ မြို့တော်ခန်းမ၌ ဒေသခံ ပြည်သူလူထုနှင့် တွေ့ဆုံသည်။
အင်မတန်မှဝမ်းသာ
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က "ကျွန်မ တာချီလိတ်ကို မရောက်တာ နှစ်ပေါင်း တော်တော် ကြာသွားပါပြီ။ မရောက်တာ တော်တော်ကြာပြီဆိုပေမယ့်လည်း တခြားအပြောင်းအလဲတွေ ရှိပေမယ့် ပြည်သူလူထုက နွေးနွေးထွေးထွေးနဲ့ အရင်အတိုင်းပဲ ကြိုဆိုတဲ့အတွက် ကျွန်မ အင်မတန်မှ ဝမ်းသာပါတယ်၊ ကျေးဇူးလည်း တင်ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံ မြောက်ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်း ကို ရောက်ပြီးသွားပါပြီ။ မြောက်ပိုင်းဆိုတာ မကြာခင်က
ကချင်ပြည်နယ်ကို ရောက်ခဲ့ပါတယ်။ နောက်ပြီးတော့ အနောက်ပိုင်းမှာရှိတဲ့ ချင်း ပြည်နယ်၊ အခုကျတော့ အရှေ့ပိုင်းမှာ ရှမ်း ပြည်နယ်၊ ရှမ်းအရှေ့ပိုင်းကို ရောက်လာတာပါ။
ဒီလိုအရှေ့၊ အနောက်၊ တောင်၊ မြောက် ကျွန်မတို့နိုင်ငံကိုသွားတဲ့အခါ ဘယ်ပဲသွား သွား ကျွန်မတို့နိုင်ငံဟာ ပြည်ထောင်စုကြီးပဲလို့ ယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဘယ်ပဲ သွားသွား ပြည်သူလူထုရဲ့လိုအပ်ချက်တွေက အတူတူပဲ။ ဒါကျွန်မ ဟိုးအရင် ၁၉၈၈ ခုနှစ် ကစပြီးတော့ နိုင်ငံရေးထဲမှာပါဝင်လာခဲ့တာကနေစပြီး သတိပြုမိပါတယ်။ ဘယ်နေရာ မှာပဲဖြစ်ဖြစ် ကျွန်မတို့ ပြည်ထောင်စုသူ၊ ပြည်ထောင်စုသားတို့ရဲ့ လိုအပ်ချက်တွေက အတူတူပါပဲ။ အဲဒါကို မမေ့စေချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ၁၉၈၈ ခုနှစ် နိုင်ငံရေး လောကထဲ ဝင်လာတဲ့အခါကနေစပြီးတော့ ပြည်သူလူထုနဲ့ ထိတွေ့ မှုရှိဖို့ ကြိုးစားပါတယ်။ ကြိုးစားတဲ့အခါကျတော့ ပြည်သူတွေ ဘာအလိုအပ်ဆုံးလဲဆိုတာ ကျွန်မအမြဲတမ်း မေးပါတယ်။ မေးတဲ့အခါ ဘယ်မှာပဲဖြစ်ဖြစ် အရှေ့၊ အနောက်၊ တောင်၊ မြောက်နေရာမရွေး ပြည်သူတွေရဲ့လိုအပ်ချက်တွေက အတူတူပဲ၊ တစ်ထပ်တည်းပဲဆိုတာကို ကျွန်မသတိပြု မိတယ်။
ဖွံ့ဖြိုးတိုးတက်ဖို့လိုသေးတယ်ဆိုတာကို ဖော်ပြနေ
အထူးသဖြင့် ကျွန်မ ဟိုတုန်းက ကျိုင်းတုံ လာတဲ့အခါ ကျိုင်းတုံက တောင်သူ လယ်သမားတွေနဲ့ ပြောဆိုဆွေးနွေးတဲ့အခါမှာ မြန်မာနိုင်ငံအလယ်ပိုင်းက အညာဒေသမှာ တောင်သူလယ်သမားတွေပြောတာနဲ့ အတူ တူပဲ။ ဘာတွေ အလိုအပ်ဆုံးလဲဆိုရင် အားလုံး နံပါတ်တစ်ပြောတာက ရေမရတဲ့နေရာမှာဆို ရေလိုချင်တယ်။ ဒါအင်မတန်မှ အဓိက ကျပါတယ်။ ရေကအဓိကကျတဲ့လိုအပ်ချက်ပါ။ ဒုတိယဟာ ရေပြီးရင် လမ်းပန်းဆက်သွယ် ရေး၊ တတိယဟာ လျှပ်စစ်၊ စတုတ္ထဟာ ပညာရေး၊ ပဉမဟာ ကျန်းမာရေး ဒီအတိုင်းပဲ ပြောတယ်။ အဲဒီဟာ တော်တော်စိတ်ဝင်စား စရာကောင်းပါတယ်။ ကျွန်မတို့ နိုင်ငံမှာ ဘယ်နေရာသွားသွား မြို့တွေပဲသွားသွား၊ ရွာတွေပဲသွားသွား ပြည်သူလူထုရဲ့ အခြေခံ လိုအပ်ချက်တွေက ဒါတွေပဲ။ ဒါက ဘာကို ပြသလဲဆိုတော့ ကျွန်မတို့နိုင်ငံဟာ ဖွံ့ဖြိုး တိုးတက်ဖို့ လိုသေးတယ်ဆိုတာကို ဖော်ပြနေ တာပဲ ဖြစ်ပါတယ်။
ဒီလိုရေရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းခြင်း၊ လျှပ်စစ်ရရှိခြင်း၊ နောက်ပြီး ပညာရေး၊ ကျန်းမာရေးဘက်မှာ ပြည့်ပြည့်ဝ၀ ဖေးမနိုင်ခြင်းဆိုတာဟာ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာ လုပ်နိုင်တဲ့ကိစ္စတွေပါ။ ဒီလို ကျွန်မတို့ရဲ့ ပြည်ထောင်စုသူ၊ ပြည်ထောင်စု သားများအားလုံးဟာ ဖွံ့ဖြိုးတိုးတက်စေချင် တယ်ဆိုတာကို ထောက်ပြနေတာ ဖြစ်ပါ တယ်။ ဒါကြောင့်မို့ ကျွန်မတို့ရဲ့အစိုးရ တာဝန် ယူနေတဲ့ နိုင်ငံအတွက် လိုအပ်ချက်တွေထဲမှာ ပထမဦးဆုံး လိုအပ်ချက်ကတော့ အမြဲပြော သလို တရားဥပဒေစိုးမိုးရေး၊ တချို့က တရား ဥပဒေစိုးမိုးရေးကို ဘာဖြစ်လို့ထိပ်တန်းက တင် သလဲဆိုတာကို မေးပါတယ်။ တရားဥပဒေစိုးမိုး ရေးရှိမှ နောက်ကျွန်မတို့ရဲ့ လိုအပ်ချက်တွေ ဖြစ်တဲ့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ကျွန်မတို့ ရေရှည်တည်တံ့ခိုင်မြဲအောင်လို့ လုပ်ပေးနိုင်မှာပါ။ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ဆိုင် တဲ့လုပ်ငန်းတွေကို ဖြည့်ဆည်းပေးဖို့ဆိုရင် အားလုံးက ဝိုင်းဝန်းပြီး လုပ်ဖို့လိုပါတယ်။
ငြိမ်းချမ်းရေးဆိုတာလည်း ထိုနည်းလည်း ကောင်းပါပဲ။ ငြိမ်းချမ်းရေးဆိုတာ အားလုံးဝိုင်း ဝန်းပြီး လုပ်မှရမယ့်ကိစ္စပါ။ ဖွံ့ဖြိုးရေးဆိုတာ လည်း အားလုံးဝိုင်းပြီးလုပ်ရမယ့်ကိစ္စပါ။ အဲဒီ အရာတွေရဖို့အတွက် တရားဥပဒေစိုးမိုးဖို့ဆို တာလည်း ကျွန်မတို့တွေအားလုံး ဝိုင်းပြီးတော့ လုပ်မှရမယ့်ကိစ္စဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ တရားဥပဒေစိုးမိုးမှုမရှိရင် နိုင်ငံသူနိုင်ငံသား များဟာ ဘယ်တော့မှ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာရော လုံခြုံမှုရှိနိုင်မှာ မဟုတ် ပါဘူး။ လုံခြုံမှုမရှိရင် တည်ငြိမ်မှုမရှိနိုင်ဘူး။ တည်ငြိမ်မှုမရှိရင် တိုးတက်မှုမရှိနိုင်ဘူး။ တိုးတက်မှုဆိုတာဟာ ဖွံ့ဖြိုးတိုးတက်ခြင်းကိုပဲ ပြောတာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မ ဘယ်သွားသွား ကျွန်မတို့နိုင်ငံဟာ ပြည်ထောင်စုဆိုတာကို မမေ့ပါနဲ့လို့ ထပ်တ လဲလဲသတိပေးပါတယ်။ ကျွန်မတို့ရဲ့ နိုင်ငံသူ နိုင်ငံသားတွေဟာ မနက်မိုးလင်းတာနဲ့ ငါတို့ ဟာ ပြည်ထောင်စု၊ ငါတို့ဟာ ပြည်ထောင်စု ဆိုတာကို ရွတ်ပြီးတော့ ညအိပ်တဲ့အခါ မှာလည်း ငါတို့ဟာပြည်ထောင်စု၊ ငါတို့ဟာ ပြည်ထောင်စုဆိုတာကို ရွတ်ပြီးတော့ အိပ်စေ ချင်ပါတယ်။ အဲဒီပြည်ထောင်စုစိတ်ဓာတ်ကို စွဲစွဲလမ်းလမ်းဖြစ်အောင်လို့ လုပ်စေချင်ပါ တယ်။ ကျွန်မတို့နိုင်ငံမှာဆိုရင် တိုင်းရင်းသား လူမျိုးပေါင်းစုံရှိပါတယ်။ ပြောတဲ့ဘာသာ စကားတွေကလည်း စုံတယ်။ ကိုးကွယ်တဲ့ ဘာသာတွေကလည်း စုံတယ်။ ကိုယ့်ရဲ့ဓလေ့ ထုံးစံတွေကလည်းစုံတယ်။ သမိုင်းတွေက လည်း အားလုံးတစ်ထပ်တည်းတော့ မဟုတ် ဘူး။ သို့သော်ငြားလည်း ကျွန်မတို့ရဲ့ခေတ်သစ် နိုင်ငံရေးသမိုင်းမှာတော့ အားလုံးအတွက် အတူတူပါပဲ။
ဘယ်လောက်ထိ အောင်မြင်သလဲဆိုတာ စဉ်းစားဖို့လို
အခုကျွန်မတို့နိုင်ငံဟာ လွတ်လပ်ရေးရခဲ့ တာ၊ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု အဖြစ် တည်ရှိခဲ့တာဟာဆိုရင် နှစ် ၇၀ ကျော် သွားပါပြီ။ မကြာမီကာလအတွင်းဆိုရင် ၇၅ နှစ်ပြည့်တော့မယ်။ ၇၅ နှစ်ပြည့်တဲ့နှစ်မှာဆိုရင် ကျွန်မတို့နိုင်ငံဟာ နှစ် ၁၀ဝ ပြည့်ဖို့၊ လွတ်လပ်တဲ့ပြည်ထောင်စုနိုင်ငံအနေနဲ့အနှစ် တစ်ရာပြည့်ဖို့ ၂၅ နှစ်ပဲလိုတော့မှာ ဖြစ်ပါ တယ်။ ဒီလိုအချိန်ရောက်ရင် အားလုံးက စဉ်းစားနေပြီး ဒို့က ဘယ်အချိန်ရောက်နေပြီ လဲ။ ဒို့ရဲ့ရည်ရွယ်ချက်တွေက ဘယ်လောက်ထိ အောင်မြင်သလဲဆိုတာ စဉ်းစားဖို့လိုပါပြီ။ သာမန်လူတွေဆိုရင် အသက် ၇၅ နှစ်ရောက်ပြီ ဆိုရင် ဒါတွေစဉ်းစားဖို့ အချိန်လည်းရောက် လာပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ အသက် ၇၅ နှစ်ဆိုတာဟာ မငယ်တော့ဘူး။ တချို့ဆိုရင် အသက် ၇၅ နှစ်အထိ နေနိုင်ရင်တောင်မှ ကံကောင်းတယ်လို့ သတ်မှတ်ရတဲ့အခြေအနေ မှာရှိပါတယ်။ ပြီးတော့ ကျွန်မတို့ဟာ လူတစ်ယောက်ရဲ့ အသက် ၇၅ နှစ်မှာ ဘယ် လောက်ထိ ကိုယ့်ဆောင်ရွက်ချက်တွေရှိ သလဲလို့ သုံးသပ်ဖို့ လိုပါတယ်။ ကျွန်မတို့နိုင်ငံရဲ့ သမိုင်းမှာလည်း ဒီလိုပဲသုံးသပ်ရပါမယ်။ ဒီလိုပဲ သုံးသပ်ဖို့အချိန်ဟာ မကြာတော့ ပါဘူး။
ကျွန်မတို့ဟာ လူတစ်ယောက်ရဲ့အသက် ၇၅ နှစ်မှာ ဘယ်လောက်ထိ ဆောင်ရွက်ချက် တွေရှိသလဲလို့ သုံးသပ်ပြီးမှ ကျွန်မတို့နိုင်ငံရဲ့ သမိုင်းကိုလည်း ဒီလိုပဲ သုံးသပ်ရမယ့်အချိန် ဟာ မကြာတော့ပါဘူး။ အခု ကျွန်မတို့ ၇၅ နှစ်မပြည့်ခင် ကျန်သေးတဲ့အချိန်မှာ အားလုံး စည်းစည်းလုံးလုံးနဲ့ ဒီနိုင်ငံတိုးတက်ဖို့အတွက် လုပ်စေချင်ပါတယ်။ နိုင်ငံတစ်နိုင်ငံတိုးတက်ဖို့အတွက် အရေးကြီးဆုံးကတော့ ပြည်သူ လူထုရဲ့စိတ်ဓာတ်အင်အားပါပဲ။ ပြည်သူ လူထုရဲ့ စိတ်ဓာတ်အင်အားပြည့်စုံမယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာ ဘယ်လိုပြဿနာအခက်အခဲ တွေပဲရှိရှိ ကျွန်မတို့ကျော်လွှားနိုင်မှာဖြစ်ပါတယ်။
အချင်းချင်းမေတ္တာပွားဖို့အရေးကြီး
ကျွန်မတို့အစိုးရဟာ စစ်မှန်တဲ့ဖက်ဒရယ် ပြည်ထောင်စုကြီးကို ထူထောင်ချင်ပါတယ် လို့ ကျွန်မတို့ပြောပါတယ်။ ကျွန်မတို့နိုင်ငံနဲ့ အသင့်တော်ဆုံးဖြစ်တယ်လို့ ယူဆလို့ပဲဖြစ်ပါ တယ်။ ဒီနိုင်ငံလို တိုင်းရင်းသားလူမျိုးပေါင်းစုံ နဲ့ ဖွဲ့စည်းထားတဲ့ မတူကွဲပြားမှုတွေအပေါ်မှာ ညီညွတ်မှုကို တည်ဆောက်ရမယ့် နိုင်ငံ အတွက်ဆိုရင် ကျွန်မတို့ဟာ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိဖို့လိုတယ်။ တစ်ယောက်နဲ့ တစ်ယောက် လေးစားဖို့ဆိုတာ အင်မတန်မှအရေးကြီးပါတယ်။ ကိုယ့်လူမျိုးကို ချစ်တာချစ်ပါ၊ ကိုယ့်လူမျိုးကိုချစ်လို့ တခြား လူမျိုးကို မုန်းတယ်ဆိုတာတော့ ဒါက အင်မတန်မှ မှားပါတယ်။ မေတ္တာဆိုတာ မေတ္တာနဲ့ပွားယူလို့ရတယ်။ မေတ္တာကို ဒေါသ နဲ့ပွားယူလို့မရဘူး။ ဒေါသကို မေတ္တာက အောင်မြင်ပါတယ်။ မေတ္တာကိုတော့ ဒေါသက မအောင်မြင်ပါဘူး။ ဒါကြောင့် ကျွန်မတို့ အချင်းချင်းမေတ္တာပွားဖို့ အင်မတန်မှ အရေး ကြီးပါတယ်လို့ အသိပေးပါရစေ။
အတိတ်ကိုသင်ခန်းစာယူ
အထူးသဖြင့် လူငယ်တွေပါ၊ လူငယ်တွေ ကနေစပြီးတော့ စိတ်ထားမှန်မှန်ထားဖို့က သိပ်အရေးကြီးပါတယ်။ လူငယ်တွေက လူကြီး တွေနဲ့ယှဉ်လိုက်ရင် အားသာချက် တစ်ခုက ဘာလဲဆိုတော့ အတိတ်ရဲ့စိုးမိုးမှုက ပိုပြီး တော့နည်းပါတယ်။ အတိတ်ရဲ့ စိုးမိုးမှုကြောင့် ပစ္စုပ္ပန်နဲ့အနာဂတ်ကို အထိနာသွားတာတွေ ရှိပါတယ်။ ဒါကြောင့် အတိတ်ဆိုတာကိုတော့ ကျွန်မတို့ မမေ့သင့်ဘူး။ အတိတ်ကဟာကို သင်ခန်းစာယူရပါမယ်။ အတိတ်တုန်းက အမှားတွေ၊ ကိုယ့်ရှေ့က သူတွေရဲ့ အမှားတွေ ကို ကိုယ်ပြန်ပြီးတော့ မကျူးလွန်ဖို့ဆိုပြီးတော့ လူငယ်တွေက ဆင်ခြင်ရမယ်။ ငါတို့ခေတ်မှာ ငါတို့ရဲ့ ဘိုးဘွား တွေပိုပြီးတော့ ငါတို့အကြောင်း စဉ်းစားလိုက် ရင် စိတ်ချမ်းသာနိုင်မယ့်ခေတ် ဖြစ်စေချင် တယ်။ ငါတို့ဘိုးဘွားတွေက မအောင်မြင်ခဲ့တဲ့ ကိစ္စတွေကို ငါတို့အောင်မြင်အောင် လုပ်ပေးဖို့ တာဝန်ရှိတယ်ဆိုတဲ့ လုပ်ပေးချင်တဲ့ ဆန္ဒ လည်းရှိတယ်ဆိုတဲ့ ခိုင်မာတဲ့သန္နိဋ္ဌာန်နဲ့သာ ကျွန်မတို့လူငယ်တွေ တည်ဆောက်သွားမယ် ဆိုရင် နိုင်ငံရဲ့အနာဂတ်အတွက် လုံးဝပူပင် ရမှာမဟုတ်ပါဘူး။
အသုံးအစွဲမှန်မှ စုပုံထားတဲ့ပိုက်ဆံတွေက တန်ဖိုးရှိ
ကျွန်မတို့နိုင်ငံဟာ ဒေသတွင်းမှာဆိုရင် တချို့နိုင်ငံတွေနဲ့ယှဉ်ရင် တိုးတက်မှုနည်း တယ်ဆိုတာ လာကြည့်တဲ့သူတွေထက် တာချီလိတ်လိုနေရာမျိုးမှာနေတဲ့ ပြည်သူ ပြည်သားတွေ အသိဆုံးပါ။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုဆိုတာ အချိန်မရွေးပြုပြင်ပြောင်း လဲလို့ရပါတယ်။ အားလုံးဝိုင်းပြီးတော့လုပ်မယ် ဆိုရင် ပြုပြင်ပြောင်းလဲနိုင်ပါတယ်။ ကျွန်မ တို့ရဲ့ ပြည်သူပြည်သားတွေကို လုံးဝ ယုံကြည်မှုရှိတယ်။ တကယ်တော့ တခြားနိုင်ငံ တွေနဲ့ယှဉ်ရင်၊ က္ဘာနဲ့ယှဉ်ရင် ကျွန်မတို့ ပြည်သူပြည်သားတွေက မညံ့ပါဘူး။ ပညာ ရေးစနစ်အားနည်းမှုကြောင့်မို့ တချို့နေရာ တွေမှာနောက်ကျကျန်နေခဲ့တယ်ဆိုပေမယ့် ကျွန်မတို့နိုင်ငံသူနိုင်ငံသားတွေက စိတ်ဓာတ် အင်အား၊ လုံ့လ၊ ဝီရိယတွေနဲ့ ကာယအစွမ်း၊ ဥာဏစွမ်းအားအရဆိုရင် အားငယ်စရာ ဘာမှမရှိပါဘူး။ ဒါပေမယ့် အစွမ်းတွေက ဘယ်လောက်ပဲရှိရှိ ထုတ်သုံးမှအရာရောက် မှာပါ။ ထုတ်သုံးမှ အကျိုးရှိမှာပါ။ တချို့တွေက ပိုက်ဆံကိုစုတယ်ဆိုတာ ပိုက်ဆံစုပြီးတော့ မသုံးရက် မစားရက်နဲ့ ပိုက်ဆံတွေကို စုပုံပြီး တော့ သေတ္တာကြီးနဲ့ ထည့်ထားလို့တော့ ဘာမှအကျိုးမရှိဘူး။ ကိုယ်ရတဲ့ပိုက်ဆံနဲ့ ကိုယ့်အကျိုးလည်းရှိအောင်၊ အများအကျိုး လည်းရှိအောင် လုပ်ရမယ်။ ဒီပိုက်ဆံတွေကို ရင်းနှီးနိုင်ရင် ရင်းနှီးရမယ်၊ ပေးကမ်းစွန့်ကြဲ သင့်ရင် ပေးကမ်းစွန့်ကြဲရမယ်။ စားသောက် သင့်ရင် စားသောက်ရမယ်။ အသုံးအစွဲမှန်မှ စုထားတဲ့ပိုက်ဆံတွေက တန်ဖိုးရှိမှာဖြစ်ပါ တယ်။
အရည်အချင်းနဲ့အစွမ်းအစတွေထုတ်သုံး
အိန္ဒိယနိုင်ငံက လွတ်လပ်ရေး ခေါင်းဆောင်ကြီးက ပြောပါတယ်။ ဘဏ်ထဲ မှာ ထားတဲ့ပိုက်ဆံက ကိုယ့်ပိုက်ဆံမဟုတ်ဘူး။ သုံးပြီးတဲ့ပိုက်ဆံကသာ ကိုယ့်ပိုက်ဆံလို့ပြော တယ်။ ပြောချင်တာက ဘဏ်ထဲမှာထားတဲ့ပိုက်ဆံကကိုယ်သုံးနိုင်တဲ့ အခြေအနေရောက် သလား၊ မရောက်ဘူးလားဆိုတာ ဘယ်သူမှ ခန့်မှန်းလို့မရဘူး။ ကိုယ်သုံး နိုင်တဲ့အခြေအနေ ရောက်ချင်မှရောက်မယ်။ ဒီခေါင်းဆောင်က သူဌေးကြီးပါ။ သူဌေးကြီးက မျိုးရိုးကြောင့် ချမ်းသာတာမဟုတ်ပါဘူး။ သူ့ရဲ့အစွမ်းအစ ကြောင့် သူ့ကိုယ့်သူချမ်းသာအောင်လုပ်ခဲ့တဲ့ ရှေ့နေကြီးတစ်ယောက်ပါ။ ဒီလောက်ချမ်းသာ အောင်လုပ်ခဲ့ပေမယ့် ဒီပိုက်ဆံတွေကို မသုံး ရက်မစွဲရက်နဲ့ ဘဏ်ထဲမှာထည့်ထားရင် သူတမလွန်ဘဝကူးသွားတဲ့ အခါကျတော့ ဘယ်သူ့လက်ထဲရောက်မယ်ဆိုတာ သေသေ ချာချာပြောလို့ရ မှာမဟုတ်ဘူး။ သူ့သားသမီး လက်ထဲရောက်ချင်ရောက်မယ်။ သားသမီး လက်ထဲကနေပြီးတော့ တခြားလက်ထဲ ရောက်ချင်ရောက်သွားမယ်။ အဲဒီတော့ သူကပြောတယ်၊ သုံးပြီးသားပိုက်ဆံဟာ ကိုယ်တကယ်ပိုင်တဲ့ပိုက်ဆံပါ။ ကျွန်မပြော ချင်တာက အရည်အချင်းနဲ့အစွမ်းအစတွေဟာ ထုတ်သုံးမှ ကိုယ်ပိုင်တဲ့ အရည်အချင်း ထိရောက်တဲ့ အစွမ်းအစဖြစ်နေမှာပါ။ အခြေခံအားဖြင့် ကျွန်မတို့မှာ အရည်အချင်း အစွမ်းအစတွေ ပြည့်စုံရဲ့သားနဲ့ ဒါတွေ ကျွန်မတို့ ထုတ်မသုံးဘူးဆိုရင်၊ ပိုက်ဆံဟာ ထုတ်မသုံးဘူးဆိုရင် စက္ကူတစ်ရွက်လိုပဲ ကျွန်မတို့ရဲ့ အစွမ်းအစတွေဟာ တန်ဖိုးမရှိဖြစ် သွားပါလိမ့်မယ်။
အစွမ်းအစတွေကို ရင်းနှီး
ဒါကြောင့် ကျွန်မတို့ရဲ့ ပြည်ထောင်စု သားအားလုံးက ကိုယ့်ပြည်ထောင်စုကြီး တိုးတက်ရေးအတွက်၊ ကိုယ့်ပြည်ထောင်စုကြီး ဖွံ့ဖြိုးသာယာရေးအတွက် အားလုံးက ဝိုင်းပြီး ကြိုးစားကြပါ။ ကိုယ့်ရဲ့အစွမ်းအစတွေကို ထုတ်သုံးလိုက်ပါ။ ကိုယ့်ရဲ့စွမ်းအားတွေကို ထုတ်သုံးလိုက်ပါ။ စွမ်းအားတွေ၊ အစွမ်းအစ တွေကို မှန်မှန်ကန်ကန်သုံးလိုက်ရင် နည်း သွားမှာမဟုတ်ပါဘူး။ ပိုက်ဆံလိုမဟုတ်ပါဘူး။ ပိုက်ဆံတောင်ရင်းနှီးလိုက်ရင် ပွားလာတယ်။ မရင်းနှီးဘဲနဲ့ ထုတ်ထုတ်သုံးနေရင်တော့ အားလုံးကုန်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ဟာ အစွမ်းအစတွေကို ရင်းနှီးရမယ်။ ကျွန်မတို့နိုင်ငံအတွင်းမှာ ရင်းနှီးရမယ်။ လူမှုအသိုင်းအဝိုင်းအတွင်းမှာ ရင်းနှီးဖို့က အင်မတန်မှ အရေးကြီးပါတယ်။ ဘယ်လိုပုံစံနဲ့ ရင်းနှီးကြမလဲဆိုတော့ အားလုံးဝိုင်းပြီးတော့ သဘောတူညီချက်ယူမှ ဒီမိုကရေစီဆိုတာ ဒါပါပဲ။
ကျွန်မတို့နိုင်ငံတိုးတက်အောင်၊ ချမ်းသာ အောင် အကောင်းဆုံးနည်းက ဘာလဲဆိုတာ ပြည်သူပြည်သားအားလုံး တစ်ဦးချင်း၊ တစ်ဦး ချင်းကနေ ပါဝင်ပြီးတော့ ဆုံးဖြတ်နိုင်ခွင့်ကို ပေးထားတာ ဒီမိုကရေစီပါပဲ။ ဒါကိုကျွန်မ ပြောခြင်းအားဖြင့် နိုင်ငံရေးအရ ဆုံးဖြတ်နိုင် ခြင်းတစ်ခုလို့ ကျွန်မပြောတာမဟုတ်ပါဘူး။ နိုင်ငံရေးအရ ဆုံးဖြတ်တယ်ဆိုတာကတော့ ရွေးကောက်ပွဲကနေတစ်ဆင့် ဆုံးဖြတ်တာ ဖြစ်ပါတယ်။ ဒါပေမယ့် တခြားနည်းတွေနဲ့ လည်း အများကြီးဆုံးဖြတ်နိုင်ပါတယ်။ ပြည်သူ တွေကို ပေးထားတဲ့အခွင့်အရေးတွေကို မှန်မှန်ကန်ကန်သုံးတဲ့နည်းတွေနဲ့ ကျွန်မတို့ အများကြီးပါဝင်ပြီးတော့ လုပ်ဆောင်ပေးနိုင် ပါတယ်။
ဥပမာ-စောစောကပြောတဲ့ အချက် ငါးချက်မှာ တစ်နိုင်ငံလုံးကလိုအပ်ပါတယ် ဆိုတဲ့ ရေရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းခြင်း၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ ပညာရေး၊ ကျန်းမာရေးများကောင်းမွန်ခြင်း အဲဒီဟာတွေနဲ့ပတ်သက်လို့ ကျွန်မတို့ ပြည်သူပြည်သားတွေအားလုံးပါဝင်မှဖြစ်မှာပါ။ ကျွန်မကတော့ ရိုးရိုးရှင်းရှင်းပဲ အယူအဆ တစ်ခုရှိတယ်။ ဒီလောကကြီးမှာ၊ ဒီဘဝမှာ ဘာမှအလကားမရဘူး။ ဘယ်တော့မှ အလကားမရဘူး။ တန်ရာတန်ကြေးပေး ရတာပဲ။ ကိုယ်အလကားရတယ်လို့ ထင်နေတဲ့ ကိစ္စတွေတောင်မှ အလကားမရဘူး။ အဲဒီ နောက်ကနေပါလာတဲ့ တာဝန်တွေ၊ ဝတ္တရား တွေ၊ ဝန်ထုပ်ဝန်ပိုးတွေဆိုတာအမြဲ ရှိပါတယ်။
အားလုံးသဘောတူတဲ့နေရာကိုရွေး
ဒါကြောင့် ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လူမှုရေးလုပ်ငန်းတစ်ခု အဖြစ် ရေတွင်းတွေတူးပေးတဲ့ အလုပ်လုပ်ခဲ့ပါ တယ်။ တချို့ရွာတွေမှာ ရေရှားပါးမှု ဖြစ်ပါ တယ်။ ပထမလိုအပ်ချက်က ရေပဲဖြစ်ပါတယ်။ သောက်ရေ၊ သုံးရေရှားပါးမှုအတွက် ရေတွင်း တွေတူးပေးပါတယ်။ ဒါပေမယ့် ကျွန်မတို့ ဘယ်တော့မှအလကား မတူးဘူး။ ဘာလို့လဲ ဆိုတော့ တန်ဖိုးမထားမှာစိုးလို့၊ ကိုယ်ကိုယ် တိုင်ပါဝင်တဲ့ လုပ်ငန်းဆိုမှ တကယ်လေးစား ကာ သံယောဇဉ်ရှိတယ်ဆိုတာ လူ့သဘာဝ တွေမို့ ကျွန်မတို့ကနေပြီးရွေးတယ်။ ဒီရွာမှာ လည်း ရေတွင်းလိုတယ်၊ ဟိုရွာမှာလည်း ရေတွင်းလိုတယ်။ ပထမဆုံး ကျွန်မတို့တွေးတဲ့ အတွေးက ဒီရေတွင်းကိုတူးတဲ့အခါမှာ ဝိုင်းဝန်း ပြီးတော့ ပြည်သူလူထုက ကူညီချင်တဲ့စိတ်ရှိ လား၊ မရှိဘူးလားဆိုတာ ကျွန်မတို့ကြည့်ပါတယ်။
အဲဒီလို ရွာသူရွာသားတွေ ပါဝင်ပြီးတော့ ဒီရေတွင်းကို တူးတဲ့အခါမှာ တတ်နိုင် သလောက်ကူညီမယ်၊ ပံ့ပိုးလိုစိတ်ရှိတဲ့ဟာကို ရွေးပါတယ်။ ဒုတိယအားဖြင့် အဲဒီရွာတွေထဲ မှာ ရေတွင်းတူးရမယ့် နေရာကောင်းကောင်း ရှိသလား၊ နေရာကောင်းကောင်းဆိုတာက ဒီရေတွင်းကို တစ်ရွာလုံးကနေပြီးတော့သုံးနိုင် တဲ့ အနေအထားရှိသလား၊ လူတစ်ဦး တစ်ယောက်ရဲ့ခြံထဲမှာ တူးပေးဖို့ဆိုတာ မသင့်တော်ပါဘူး။ အဲဒီခြံပိုင်ရှင်က ဘယ်သူ မှမလာနဲ့ငါခေါင်းရှုပ်တယ်၊ ဒီနေ့တော့ ဘယ်သူမှမတွေ့ချင်ဘူးဆိုပြီး တံခါးပိတ်ထား ရင်၊ ကျန်တဲ့သူတွေက ရေယူလို့မရဘူးဆိုရင် ဒီရေတွင်းရဲ့အကျိုးကျေးဇူးက အင်မတန်မှ နည်းသွားပါလိမ့်မယ်။ နောက်တစ်ခုက ရေတွင်းကို ရွာထိပ်မှာသွားထားရင် နောက် တစ်ဖက်ထိပ်က ရွာသူရွာသားတွေအတွက် အခက်အခဲဖြစ်တယ်။ နေရာကိုလည်း အားလုံး သဘောတူမှန်ကန်တဲ့နေရာကို ရွေးနိုင်မှ ရေတွင်းတူးပေးဖို့ဆိုတာ သဘောတူတယ်။
ဆက်ပြီးတော့ထိန်းသိမ်း
တတိယအချက်က ရေတွင်းတူးပေးပြီးရင် ထိန်းသိမ်းရေးအဖွဲ့တစ်ခုကို ရွာသူ ရွာသား တွေအထဲကပဲ ဖွဲ့နိုင်ရမယ်။ ဒီသုံးချက်ပါ။ ပထမဦးဆုံးအားလုံးကနေ ဝိုင်းဝန်းကူညီရ ပါမယ်။ အားလုံးဆိုတာ တစ်ရာရာခိုင်နှုန်း မဟုတ်ပါဘူး။ လူ့သဘာဝအရ ဘယ်တော့ မှတစ်ရာရာခိုင်နှုန်း သဘောတူညီမှုဆိုတာ မရနိုင်ပါဘူး။ အများစုက ဒီလိုစိတ်ဓာတ်ရှိပြီ ဆိုရင် မှန်ကန်တဲ့နေရာကိုရွေးဖို့သဘောတူတယ်ဆိုရင် ဒီရွာမှာ ရေတွင်းတူးခွင့်ပေးမှာပါ။
နောက်ဆုံးကတော့ တူးပြီးရင်ထိန်းသိမ်း မလား။ ကိုယ့်ရွာအတွက် တူးပေးထားတဲ့ ရေတွင်းဟာ ကိုယ့်တာဝန်ဖြစ်တယ်ဆိုတဲ့ စိတ်ဓာတ်ရှိမှ ကျွန်မတို့တူးပေးမှာပါ။ အဲဒီ လိုလုပ်ပေးခြင်းအားဖြင့် ဘာတွေ့ရသလဲဆို တော့ ရွာသူရွာသားတွေက ဒီရေတွင်းကို အလကားရခဲ့တာ မဟုတ်ဘူး။ ဒီသောက် ရေသုံးရေကို အလကားရခဲ့တာ မဟုတ်ဘူး။ သူတို့ရဲ့စိတ်ဓာတ်နဲ့၊ သူတို့ရဲ့ပါဝင်မှုနဲ့၊ သူတို့ရဲ့ စွမ်းဆောင်ရည်တွေနဲ့ ဖြစ်အောင်လုပ်ထား တဲ့ရေတွင်းဆိုတော့ ပိုပြီးတော့လည်း တန်ဖိုး ထားတယ်။ နောက်ပြီး အရင်သူတို့နဲ့သဘော တူညီမှုအရ ဆက်ပြီးတော့ထိန်းသိမ်းမယ်။
ဒါကို ကျွန်မဘာလို့ ပြောချင်တာလဲ ဆိုတော့ နိုင်ငံတစ်နိုင်ငံ တိုးတက်ရေးအတွက် ဘယ်လို ဘယ်ပုံစံပဲလုပ်လုပ် ဒီလိုပုံစံမျိုးပဲ ဖြစ်ရမယ်။ နံပါတ်(၁)ပြည်သူပြည်သား တွေက ပါဝင်ချင်တဲ့စိတ်ရှိရမယ်။ နံပါတ်(၂)အများအတွက် အကောင်းဆုံးဟာကို
ရွေးချင်တဲ့စေတနာနဲ့ ရွေးတတ်တဲ့ပညာ ရှိရမယ်။ နောက်ဆုံးကတော့ ဆက်ပြီး ထိန်းသိမ်းထားဖို့ လုံ့လ၊ ဝီရိယကို စိုက်ထုတ် ထားရမယ်။ အဲဒီအချက်သုံးချက်နဲ့သာ ကျွန်မတို့နိုင်ငံကို တိုးတက်အောင်လုပ်ပေးဖို့ ဖြစ်ပါတယ်။
တိုးတက်အောင်မြင်တဲ့နိုင်ငံ
လမ်းပန်းဆက်သွယ်ရေးဆိုရင်လည်း ဒီလိုပါပဲ။ လမ်းပန်းဆက်သွယ်ရေးဟာ အစိုးရ များရဲ့တာဝန်ဆိုတာ မှန်ပါတယ်။ အဓိက အားဖြင့် နိုင်ငံကိုအုပ်ချုပ်တဲ့ တာဝန်ယူထားတဲ့ အစိုးရအဖွဲ့များဟာ နိုင်ငံရဲ့ လမ်းပန်း ဆက်သွယ်ရေးအတွက် တတ်နိုင်သလောက် လုပ်ပေးရမယ်။ ဒါပေမယ့်လည်း ပြည်သူ ပြည်သားတွေက ပါဝင်ပေးရမယ်။ ကိုယ့်အတွက်ဆောက်ထားတဲ့ လမ်းတွေ မပျက်စီးရေးကို ကိုယ်ကလည်း စည်းကမ်းနဲ့ ထိန်းသိမ်းသွားရမယ်။ တတ်နိုင်တဲ့ဘက်ကနေ ဝင်ပြီးပံ့ပိုးရမယ်။ ဒါကလည်း ဆက်ပြီး ထိန်းသိမ်းထားချင်တဲ့စိတ်၊ စပြီးထူထောင် ချင်တဲ့စိတ် ဒါတွေ ပြည်သူပြည်သားတွေ ကြားထဲမှာရှိမှ ကျွန်မတို့နိုင်ငံဟာ တကယ်ကို တိုးတက်အောင်မြင်တဲ့နိုင်ငံဖြစ်ပါမယ်။
ကျွန်မတို့ ပြည်သူပြည်သားတွေရဲ့ လိုအပ် ချက်တွေဟာ စောစောကပြောတဲ့အတိုင်း ဒီ ၅ ချက်ဆိုတာလည်း သိပြီးပြီ။ ဒါပေမယ့် တစ်ခါတလေလည်း အသေးစိတ်အနေနဲ့ ဒေသအသီးသီးမှာ ပြည်သူပြည်သားများ ဘာတွေလိုအပ်ချက်တွေရှိသလဲ၊ ဘယ်လို ခံစားမှုတွေရှိသလဲဆိုတာ အစိုးရကို တာဝန် ယူတဲ့ပုဂ္ဂိုလ်များဟာ သိဖို့လိုပါတယ်။ ဒါမှ လည်း ပြည်သူပြည်သားနဲ့ အစိုးရတွေကြားမှာ တစ်ခါတည်း တက်ညီလက်ညီနဲ့ စိတ်တူ သဘောတူ နိုင်ငံ့တိုးတက်ရေးအတွက် လုပ်ဆောင်ချင်တဲ့ အနေအထားတစ်ခု ဖြစ်ပေါ်ဖို့ပဲဖြစ်ပါတယ်။
တစ်ဦးနဲ့တစ်ဦး နားလည်မှုရှိ
ရောက်တဲ့နေရာတိုင်းမှာ ရပ်မိရပ်ဖတွေ၊ ပြည်သူပြည်သားတွေနဲ့တွေ့ဖို့ ကြိုးစားပါတယ်။ ကြိုးစားနေတယ်ဆိုတာ ပထမကတော့ ပြည်သူတွေရဲ့အသံကို နားထောင်ချင်လို့ပါ။ နောက်ပြီး ပြည်သူတွေအနေနဲ့ ကျွန်မတို့ကို ပိုပြီးတော့ နားလည်နိုင်အောင်၊ အစိုးရရဲ့ ရည်ရွယ်ချက်တွေကို ပိုပြီးသိရှိလာအောင်၊ တစ်ဦးနဲ့တစ်ဦးကြားမှာ ရင်းနှီးမှုရအောင် ဆိုပြီး ဒါကိုဦးတည်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံသူ၊ နိုင်ငံသားနဲ့ အစိုးရအလုပ်ကို တာဝန်ယူထားတဲ့ အဖွဲ့အစည်းအကြားမှာ တကယ့်ကို တစ်ဦးနဲ့တစ်ဦး နားလည်မှုရှိတယ်၊ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုရှိတယ်ဆိုရင် ဒီနိုင်ငံအနေနဲ့ မလုပ်နိုင်တဲ့ကိစ္စဆိုတာ ဘာမှ မရှိပါဘူး။
ကိုယ့်တာဝန်ကို အလေးထား
တာချီလိတ်ရောက်လာတဲ့အခါမှာလည်း တာချီလိတ်မြို့သူ၊ မြို့သားများရဲ့ လိုအပ်ချက် တွေက ဘယ်လိုရှိတယ်၊ မျှော်လင့်ချက်တွေက ဘယ်လိုရှိတယ်၊ စိုးရိမ်ကြောင့်ကြမှုတွေက ဘယ်လိုရှိတယ်၊ ဒါတွေလည်းကျွန်မတို့ သိချင်ပါတယ်။ ကျွန်မတို့ရဲ့ အစိုးရအနေနဲ့ ပြည်သူပြည်သားတွေကို တန်ဖိုးထားတယ်။ တန်ဖိုးထားတယ်ဆိုရာမှာ အမြဲပဲ ကျွန်မတို့ နိုင်ငံသူ၊ နိုင်ငံသားတွေနဲ့ ပတ်သက်လို့ ပြောတယ်။ တချို့တွေက အခွင့်အရေးကို အမြဲပဲပြောတယ်။ အခွင့်အရေးကဘာရှိသလဲ။ ဘာရမယ်။ ဘာလုပ်ရမယ်။ နောက်ပြီး ကျွန်မက တာဝန်ကို အမြဲပဲ ဦးစားပေးပြီး ပြောပါတယ်။ လူတိုင်းလူတိုင်းဟာ တာဝန် ယူချင်မှ ဒီက္ဘာကြီးဟာ ငြိမ်းချမ်းမှာပါ။ လူတိုင်းလူတိုင်းဟာ ကိုယ့်တာဝန်ကို အလေး ထားမှ ဒီက္ဘာကြီး တိုးတက်နိုင်မှာပါ။ ဒါကြောင့် ငါ့ရပိုင်ခွင့် ငါရရမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့မဟုတ်ဘဲ ငါပေးရမယ်၊ ငါဟာ ပေးနိုင်စွမ်းရှိတဲ့ လူသားတစ်ယောက်၊ ဒီက္ဘာ ကြီးမှာ မွေးလာကတည်းက၊ ဒီလောကကြီးမှာ လူဖြစ်လာကတည်းက ငါ့မှာပေးနိုင်စွမ်းတွေနဲ့ လူဖြစ်လာတယ်ဆိုတဲ့ စိတ်ဓာတ်တွေ ခိုင်မာ အောင် လုပ်စေချင်တယ်။ ငါ့မှာပေးနိုင်စွမ်း ရှိတယ်ဆိုတဲ့မာနဟာ မှန်ကန်တဲ့မာန၊ ကောင်းတဲ့မာနပဲ။ ငါယူနိုင်စွမ်းရှိတယ်ဆိုတာ ဟာ ရှက်စရာကောင်းပါတယ်။ ငါဘယ်လောက် ယူနိုင်တယ်ဆိုတာဟာ ဂုဏ်ယူစရာကိစ္စလည်း မဟုတ်ပါဘူး။ တစ်ဦးချင်းရဲ့ စိတ်ထားကို အင်မတန်မှ ကျဉ်းမြောင်းပြီးတော့ သေးသိမ် သွားစေတဲ့ကိစ္စပဲဖြစ်ပါတယ်။
ဒါကြောင့် ကျွန်မတို့ လူကြီးများဟာလည်း လူငယ်များကို တာဝန်သိစိတ်ရှိဖို့ သင်ပေး သလို ကိုယ့်ကိုယ်ကိုယ် တာဝန်သိစိတ်ရှိတဲ့ လူကြီးများဖြစ်လာအောင် ပြုစုပျိုးထောင်ပါ။ ဒီလိုလုပ်နိုင်မယ်ဆိုရင် ကျွန်မတို့တစ်နိုင်ငံလုံး မှာရှိတဲ့ နေရာအနှံ့အပြားမှာ ကျွန်မတို့နိုင်ငံ ဟာ ခိုင်မာတဲ့ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကို ထူထောင်နိုင်မှာဖြစ်ပါတယ်။
ဆင်ခြင်စရာတွေရှိ
ပထမဆုံး တင်ပြထားပြီးကိစ္စတွေကို ကျွန်မတတ်နိုင်သလောက် ဖြေပါ့မယ်။ နောက်ပြီး ပရိသတ်ထဲက ပြည်သူပြည်သား တွေအနေနဲ့ ထပြီးမေးစေချင်ပါတယ်။ ပရိသတ်ထဲမှာ ဝန်ထမ်းတွေ၊ ဝန်ထမ်း မဟုတ်တဲ့ မြို့မိမြို့ဖတွေ၊ လူငယ်တွေကိုလည်း တွေ့ရပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် အားလုံး ဘက်က မေးခွန်းတွေထုတ်တာ ကြားချင်ပါ တယ်။ ဝန်ထမ်းတွေအတွက်တော့ အခက်အခဲ ရှိမယ်။ ဝန်ထမ်းဆိုတာ ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းအရ အလုပ်လုပ်ရတယ်။ နိုင်ငံတော်ရဲ့သစ္စာကို စောင့်ထိန်းရတယ်။ အဲဒီဟာတွေအပေါ်မှာ အခြေခံပြီးတော့ ဝန်ထမ်းတွေအနေနဲ့ မေးခွန်းမေးချင်တယ် ဆိုရင်တော့ ဆင်ခြင်စရာတွေရှိတယ်ဆိုတာ သတိပေးပါရစေ။ ဒါကိုလည်း ပြည်သူ ပြည်သားတွေက နားလည်မယ်လို့ထင်ပါတယ်။
ယဉ်ကျေးသိမ်မွေ့မှုကိုတန်ဖိုးထား
ကျွန်မတို့ ပြည်သူပြည်သားတွေအနေနဲ့ တော့ ပွင့်ပွင့်လင်းလင်း မေးစေချင်တယ်။ ပွင့်ပွင့်လင်းလင်း ကိုယ့်ရဲ့မျှော်လင့်ချက်တွေ၊ စိုးရိမ်ကြောင့်ကြမှုတွေအကြောင်းကို ပြောစေ ချင်ပါတယ်။ ပြောရဲရမယ်။ ဒါပေမယ့် တစ်ခု တော့ သတိပေးပါရစေ။ ပြောရဲတယ်ဆိုတာ ရိုင်းရိုင်းစိုင်းစိုင်းပြောတာကို ပြောတာ မဟုတ်ပါဘူး၊ မှန်မှန်ကန်ကန်ပြောရဲတာကို ပြောတာပါ။ ရိုင်းစိုင်းတယ်ဆိုတာ ဂုဏ်ယူစရာ ကိစ္စလည်းမဟုတ်ပါဘူး။ ဒါဟာ ကျွန်မတို့ရဲ့ ယဉ်ကျေးမှုနဲ့ ဖီလာဆန့်ကျင်ဖြစ်ပါတယ်။ ကျွန်မတို့ယဉ်ကျေးမှုမှာ ကောင်းတဲ့ကိစ္စတွေ အများကြီးရှိပါတယ်။ အဲဒီကောင်းတဲ့ကိစ္စတွေ ထဲမှာ ယဉ်ကျေးသိမ်မွေ့မှုကို တန်ဖိုးထား တာဟာ ကောင်းတဲ့ကိစ္စတစ်ခုပါ။ မေးစရာ ရှိတာကို ပွင့်ပွင့်လင်းလင်း တိတိကျကျမေးပါ။ မေးခွန်းမေးပါဆိုရာမှာ တိုတိုနဲ့လိုရင်းမေးပါ ပြောတာပါ။ တိုတိုနဲ့လိုရင်းကို မေးတတ်ဖို့ ဆိုတာ ကျွန်မတို့အားလုံး ကိုယ့်ကိုယ်ကိုယ် သင်ယူရမယ့်အရာဖြစ်ပါတယ်။
ဒီမှာတင်ပြထားတဲ့ အချက်တွေကတော့ "မိုင်းဆတ် - တာချီလိတ်လမ်း ရာသီမရွေး သွားလာနိုင်ရေးအတွက် ကတ္တရာလမ်း (သို့မဟုတ်)ကွန်ကရစ်လမ်းအဖြစ် အဆင့် မြှင့်တင် ဆောင်ရွက်ပေးစေချင်ပါတယ်။}} ကျွန်မပြောခဲ့ပါတယ်၊ ရေရတဲ့နေရာမှာဆိုရင် ပထမဦးစားပေးက လမ်းပန်းဆက်သွယ်ရေး ဖြစ်ပါတယ်။ တာချီလိတ်က ရေရှားတဲ့ပုံစံတော့ မရှိဘူး။ လမ်းပန်းဆက်သွယ်ရေးကိစ္စ ဒီမှာ တက်လာတယ်ဆိုတာ မထူးဆန်းပါဘူး။ ပြည်နယ်အစိုးရကနေ ဘယ်လိုဆောင်ရွက်မှု တွေရှိသလဲဆိုတာ ပြည်နယ်အစိုးရကနေ အဖြေတစ်ခါတည်း ပြင်ဆင်ထားပေးပုံရပါ တယ်။ "၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာရေးနှစ် အတွင်း ပြည်နယ်ရန်ပုံငွေ ၅၅၃ သန်းဖြင့် မိုးရာသီသွားလာရန်ခက်ခဲနေသောနေရာနှင့် အတက်အဆင်းမတ်စောက်သည့်နေရာများ ကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၁၉-၂၀၂၀ ခုနှစ် ဘဏ္ဍာရေးနှစ်တွင်လည်း ပြည်ထောင်စုရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။" ဒါကို ရိုးရိုးတည့်တည့်ပြောရရင် လမ်းကြီးတစ်ခုလုံး ကို ကတ္တရာလမ်းဖြစ်ဖို့ ချက်ချင်းမလုပ်ပေးနိုင် ပါဘူး။ အဆိုးဆုံးနေရာတွေကို စပြီးပြင်ပေးပါ့ မယ်။ မိုးရာသီမှာ ခက်ခက်ခဲခဲမဖြစ်အောင် အဲဒီနေရာတွေက စပြီးပြင်ပေးပါ့မယ်။ နောက်ဘဏ္ဍာနှစ်မှာ ပိုပြီးပြင်ပေးပါ့မယ်။ အဲဒီအတိုင်း ပြည်နယ်အစိုးရက လုပ်ပေးသွား မယ်လို့ ကျွန်မယုံကြည်ပါတယ်။
မှန်ကန်တဲ့လမ်း
တစ်ခုပဲသတိပေးချင်တယ်။ အုပ်ချုပ်ရေး ယ္တရားထဲမှာပါတဲ့သူတွေအားလုံးကို သတိ ပေးချင်ပါတယ်။ ပြည်သူလူထုကို ကတိကဝတ် လွယ်လွယ်နဲ့မပေးပါနဲ့။ ပေးတဲ့ကတိဆို တည်ပါစေ၊ ကိုယ်မသေချာဘဲ ကတိမပေးပါနဲ့၊ လုပ်ပေးမယ်၊ ရမယ်၊ ဖြစ်စေရမယ်၊ နောင် မဖြစ်မြောက်ရင် ပြည်သူတွေရဲ့ယုံကြည်မှုကို ဆုံးရှုံးရမယ်။ မဖြစ်နိုင်တဲ့ကိစ္စကို မဖြစ်နိုင် သေးဘူး၊ ဘာကြောင့်မဖြစ်နိုင်သေးသလဲ ဆိုတာ သေသေချာချာရှင်းပြတာကို ကျွန်မ အနေနဲ့မှန်ကန်တဲ့လမ်းလို့ တခြားအစိုးရ အဖွဲ့ဝင်တွေကို သတိပေးချင်ပါတယ်။
ညှိနှိုင်းဆောင်ရွက်
ဒုတိယတင်ပြလာတာက တာချီလိတ်မြို့ မြို့ရှောင်လမ်းဖောက်လုပ်ရာတွင် လမ်း နယ်နိမိတ်အတွင်းပါဝင်သွားသည့် နေအိမ် အဆောက်အဦပိုင်ရှင်များ၊ မြေကွက်အစားထိုး ပေးအပ်နိုင်ရေးအတွက် ရန်အောင်မြင်ရပ်ကွက် အတွင်း ၃၈ ဧကခန့်ရှိ စိုက်ပျိုးရေးသုတေသန ခြံအတွင်းမှ လိုအပ်သည့် မြေဧရိယာအား ပြန်လည်စွန့်လွှတ်ပေးရေး စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ပေးနိုင်ပါရန်ဆိုရာမှာ တာချီလိတ် မြို့ရှောင်လမ်းဖောက်လုပ်ရာတွင် မြေယာ လျော်ကြေးရယူလိုခြင်းမရှိဘဲ မြေကွက် အစားထိုးရယူလိုခြင်း တင်ပြလာသည့် တောင်သူ ၂၅ ဦးအား ရန်အောင်မြင်ရပ်ကွက် အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာနပိုင် ၃၈ ဒသမ ၈၇ ဧကခန့်ရှိ မြေဧရိယာအတွင်းမှ ပြန်လည် ပေးအပ်နိုင်ရေး စိုက်ပျိုးရေးဝန်ကြီးဌာနကို တင်ပြသွားပါမယ်။
ဒီအဖြေကတော့ ရှင်းတယ်ထင်ပါတယ်။ တချို့က လျော်ကြေးယူလိုက်တယ်။ တချို့က ငွေနဲ့လျော်ကြေးမလိုချင်ဘူး။ နောက်နေရာပဲ လိုချင်တယ်ဆိုတော့ စိုက်/မွေးဝန်ကြီးဌာနနဲ့ ညှိနေပါတယ်။ စိုက်/မွေးဝန်ကြီးဌာနက လည်း သဘောထားကြီးကြီးနဲ့ စဉ်းစားပေးမယ်လို့ ယုံကြည်ပါတယ်။ ကတိကဝတ်တော့မပေးဘူး။ ဟိုဘက်က မသေချာဘဲတော့ ဖြစ်နိုင်ပါတယ် မပြောဘူး။ ဖြစ်နိုင်အောင်တော့ ကြိုးစား ပေးမယ်လို့ ပြောပါရစေ။
ဖြည့်ဆည်းပေးစေချင်
တတိယအချက်က တာချီလိတ်ဆေးရုံ ကြီးတွင် လိုအပ်လျက်ရှိသည့် လက်ထောက် ဆရာဝန်များ ဖြည့်ဆည်းပေးပါရန်။တာချီလိတ်ဆေးရုံကြီးတွင် လိုအပ်လျက်ရှိ သည့် လက်ထောက်ဆရာဝန်များ ခန့်ထား ပါရန်အတွက် ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်နယ်ကုသရေးဦးစီးဌာနက နေပြည်တော် ကုသရေးဦးစီးဌာနကို ၂၉-၁၀-၂၀၁၈ ရက်စွဲပါ စာအမှတ်နဲ့ တင်ပြပြီးဖြစ်ပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းမှာ ဆရာဝန်တွေ၊ သူနာပြုဆရာမတွေ၊ ကျောင်းဆရာတွေ၊ ဆရာမတွေ လိုအပ်နေပါတယ်။ လိုအပ်နေတဲ့ အခါ နေရာတိုင်းကို ချက်ချင်း မဖြည့်ဆည်းပေး နိုင်ပါဘူး။ တချို့က ကျွမ်းကျင်တဲ့ပုဂ္ဂိုလ် လိုတယ်။ နောက်တစ်ခုက ပိုက်ဆံလည်းလိုပါ တယ်။ ကျွန်မတို့ ပိုက်ဆံရှာနိုင်ရင်တောင် လူမရှာနိုင်ရင် တချို့နေရာတွေ ဖြေရှင်းလို့ မရဘူး။ ဒါတွေအမြန်ဆုံးဖြစ်အောင်လုပ်ရ မယ်။ ဝေးလံခေါင်သီတဲ့ ပြည်ထောင်စု အစိတ် အပိုင်းတွေမှာ တာဝန်ထမ်းဆောင်ဖို့ ဝန်မလေး ကြပါနဲ့။ အဲဒီဟာကို တာဝန်တစ်ခုကျေအောင် လုပ်မယ်ဆိုတဲ့စိတ်ဓာတ်နဲ့ဝင်ပြီး ဖြည့်ဆည်း ပေးစေချင်ပါတယ်။ တချို့ဆရာဝန်၊ ဆရာမတွေ တခြားဝန်ထမ်းတွေက ခက်ခဲတဲ့နေရာကို မသွားချင်ကြဘူး။ ဒါကို အပြစ်ဆိုတာမဟုတ်ပါ ဘူး။ သဘာဝပါပဲ။ ခက်ခက်ခဲခဲ နေရမယ့်နေရာ ကို ဘယ်သူမှမသွားချင်ကြဘူး။ သက်သက် သာသာနေရမယ့်နေရာဆို သွားချင်ကြတယ်။ ဒါပေမယ့် စိတ်ကျေနပ်မှုအရ စဉ်းစားကြည့်ပါ၊ သက်သက်သာသာနေရတဲ့ နေရာမှာ သက်သက်သာသာနေရတာနဲ့၊ အင်မတန် ခက်ခဲတဲ့နေရာမှာ ကိုယ့်ရဲ့အခက်အခဲတွေကို နိစ္စဓူဝရင်ဆိုင်နေရတဲ့ ပြည်သူပြည်သားတွေနဲ့ အတူရုန်းကန်ပြီး သူတို့ရဲ့ဘဝမြင့်မားရေး အတွက် လုပ်ပေးနိုင်ခြင်းက ပိုပြီးတော့ ကျေနပ်မှုမများဘူးလား။
မေတ္တာစေတနာစိတ်
လူတိုင်းလူတိုင်း ဒီလောကကြီးမှာ အနိစ္စ တရားနဲ့ စွန့်ခွာသွားကြရမှာ။ အဲဒီလို စွန့်ခွာ တဲ့အချိန်မှာ ငါတစ်သက်လုံး သက်သက် သာသာနေခဲ့ရတယ်ဆိုတာ ဘယ်လောက် ကျေနပ်မှုရနိုင်မှာလဲ။ ငါ့ဘဝမှာ ဒီလောက ကြီးရဲ့ သက်တမ်းနဲ့စာရင် အင်မတန်တိုတောင်း တဲ့သက်တမ်းမှာ လိုအပ်နေတဲ့ ပြည်သူ ပြည်သားတွေအတွက် ဘယ်လောက်လုပ်ပေး နိုင်တယ်ဆိုတာ ပြန်စဉ်းစားရင် အများကြီး ကျေနပ်မှုရနိုင်ပါတယ်။ ဒါကြောင့် ဝေးလံ ခေါင်သီတဲ့နေရာမှာ အလုပ်လုပ်ဖို့ မကြောက် ပါနဲ့၊ တစ်သက်လုံး သွားဖို့ပြောတာ မဟုတ် ပါဘူး။ တာဝန်ထမ်းဆောင်ချိန်အတွင်းမှာ အဲဒီနှစ်ပိုင်း အချိန်ကာလအတွင်းမှာ၊ ကိုယ့် နိုင်ငံအတွက် ၊ ပြည်သူပြည်သားတွေအတွက်၊ လူသားတွေအတွက် တကယ့်မေတ္တာစေတနာ စိတ်နဲ့ မလုပ်ပေးချင်ဘူးလား။ လုပ်ပေးနိုင် သမျှ လုပ်ပေးကြပါလို့ ကျွန်မအနေနဲ့ ဒီကနေ အခွင့်အရေးရှိတုန်း မေတ္တာရပ်ခံချင်ပါတယ်။
အဲဒီလို လုပ်ပေးမယ်ဆိုရင် ဒေသခံတွေ ကလည်း အင်မတန်ပျော်ပါတယ်။ ကျွန်မတို့ နိုင်ငံ နယ်ဘက်မှာ ဆရာဝန်တွေ၊ ကျောင်းဆရာ ဆရာမတွေကို နယ်သူ နယ်သားတွေ၊ ရွာသူရွာသားတွေ အင်မတန် လေးစားတယ်၊ ချစ်ခင်တယ်၊ နွေးနွေး ထွေးထွေးနဲ့ ဝန်းရံထားတယ်။ အဲဒါတွေကို တန်ဖိုးထားကြပါ၊ မြို့ကြီးမှာလို တိုက်ပေါ်မှာ နေတာနဲ့မတူဘူးဆိုပေမယ့် တိုက်ပေါ်မှာနေလို့ရတဲ့နွေးထွေးမှုနဲ့ ရွာထဲမှာနေလို့ရတဲ့ နွေးထွေးမှုက မတူပါဘူး။
ကျွန်မတို့ဆေးရုံကြီးမှာ လိုအပ်နေတဲ့ ဆရာဝန်၊ ဆရာမတွေကို ဖြည့်ဆည်းပေးဖို့ အတွက် ကြိုးစားပါ့မယ်။ ဘယ်လောက်မြန်မြန် လုပ်ပေးနိုင်မလဲဆိုတာကိုတော့ ဘယ်လိုမှ အာမမခံနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တစ်တိုင်းပြည်လုံး လိုအပ်ချက်တွေရှိနေတဲ့ အခါကျတော့ ကျွန်မတို့က ချိန်ဆပြီးတော့ ပို့ရမယ်။ ဘယ်တွေမှာပိုပြီးတော့ အလိုအပ်ဆုံး လဲဆိုတာကို ကြည့်ပြီးတော့ ကျန်းမာရေး ဝန်ကြီးဌာနကနေ ဒီဟာကို ဆောင်ရွက်ရ ပါတယ်။
ဝိုင်းဝန်းကူညီ
ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေး ကလည်း အမြဲပဲ ဒါကိုစဉ်းစားပါတယ်။ အင်မတန်မှ အလေးထားပါတယ်။ အခုဆိုရင် ဆေးရုံတွေတင်မကဘူး၊ ဆေးရုံထဲမှာ တာဝန် ထမ်းဆောင်နေတဲ့ ဆရာဝန်တွေ၊ ဆရာမတွေ အတွက် နေရာထိုင်ခင်း အဆင်ပြေဖို့တွေ လိုတယ်ဆိုတာ အဲဒါတွေကိုလည်း ထည့်တွက် ပါတယ်။ တစ်ခါတလေ ဆရာဝန်တွေ၊ ဆရာမတွေအစား သူနာပြုဆရာတွေ လွှတ်လိုက်ပေမယ့် နေရာထိုင်ခင်း အဆင် မပြေလို့ မနေချင်ကြ၊ အဆင်မပြေကြ၊ ဒါမျိုး တွေ မဖြစ်စေချင်ပါဘူး။ အမြန်ဆုံးဖြစ်မြောက် ရေး ကြိုးစားပေးပါ့မယ်။
နံပါတ်(၄) တင်ပြချက်ကတော့ တာချီလိတ်မြို့နယ် ကြိုးတံတား ကျေးလက် ကျန်းမာရေးဌာန(ခွဲ)ဖွဲ့စည်းဖို့ ပြင်ပ အဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာများ အတွက် ဆောင်ရွက်ရန် မြေနေရာရရှိပြီးဖြစ်၍ လိုအပ်ချက်များ စီစဉ်ဆောင်ရွက်ပေးပါ။ အဲဒါကလည်း ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနကို တင်ထားပါတယ်။ အဆောက် အဦဆောက်တယ်ဆိုတာ ဆောက်လုပ်ရေးက မိုးပေါ်ကကျလာတာ မဟုတ်ပါဘူး။ ဆောက်နေ တဲ့အခါကျရင်လည်း ဆောက်လုပ်ရေးအတွက် လိုအပ်တဲ့ပစ္စည်းတွေက အလိုလိုရောက်လာ တာ မဟုတ်ဘူး။ ကျွန်မတို့ ဝယ်ယူရတာ ဖြစ်ပါတယ်။ အဲဒါကြောင့် ငွေလိုပါတယ်။ အဲဒီတော့ ငွေများများရအောင် ကျွန်မတို့ တိုင်းသူပြည်သားတွေအားလုံး ဝိုင်းဝန်းပြီး ကူညီပေးကြပါ။
နိုင်ငံတစ်နိုင်ငံချမ်းသာဖို့ဆိုတာ ပြည်သူ ပြည်သားများရဲ့ စုပေါင်းချမ်းသာဖို့ပဲ ဖြစ်ပါ တယ်။ ကျွန်မတို့နိုင်ငံက မချမ်းသာသေးတဲ့ အတွက် ခြိုးခြံသင့်တဲ့နေရာမှာ ခြိုးခြံရပါမယ်။ မိသားစုတစ်စုလိုပါပဲ။ ချမ်းသာတဲ့မိသားစု ဆိုရင် ပိုက်ဆံကို သုံးရုံမကဘူး ဖြုန်းတယ်။ ချို့တဲ့တဲ့မိသားစုကျတော့ ဆင်ဆင်ခြင်ခြင်နဲ့ သုံးပါတယ်။ ဒါပေမယ့် ချို့တဲ့တဲ့မိသားစုက ကြီးပြင်းလာတဲ့ ကလေးတွေက စည်းကမ်းရှိပါ တယ်။ ပိုက်ဆံရဲ့တန်ဖိုးကို သိလာတယ်။ တစ်ယောက်နဲ့တစ်ယောက် ကူညီဖို့၊ မစဖို့ လိုအပ်တယ်ဆိုတာ သဘောပေါက်လာတယ်။ ဒါကြောင့်မို့ ကျွန်မတို့ဟာ ဖွံ့ဖြိုးရေးအတွက် ရုန်းကန်နေတဲ့ကာလဟာလည်း အရေးကြီး တယ်ဆိုတာဟာ ဖွံ့ဖြိုးမှုရဖို့အတွက် အရေးကြီး တာမဟုတ်ပါဘူး။ ကျွန်မတို့အားလုံး တစ်ဦးချင်း၊ တစ်ဦးချင်းရဲ့ စိတ်ထဲမှာ မှန်ကန်တဲ့ စံနှုန်းထားတွေ ပွားများနိုင်ဖို့ ပြောပြချင်ပါတယ်}}ဟု ပြောကြားသည်။
ပြန်လည်ရှင်းလင်း
ထိုသို့တွေ့ဆုံစဉ် ဒေသခံများက ဒေသ ဖွံ့ဖြိုးရေးအတွက်လိုအပ်သည့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လယ်ယာမြေကိစ္စရပ်များကို တင်ပြကြရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အမြန်ဆုံး ဆောင်ရွက်ပေးနိုင်သည့် ကိစ္စရပ်များနှင့် အချိန်ယူ၍ ကြိုးစားဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို ပြန်လည်ရှင်းလင်းဖြေကြား ကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဒေသလိုအပ်ချက်များ ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး အခမ်းအနားသို့ တက်ရောက် လာကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အဖွဲ့သည် မိုင်းယောင်းမြို့သို့ ရောက်ရှိကြပြီး မြို့တော်ခန်းမ၌ ဒေသခံ ပြည်သူလူထုနှင့် တွေ့ဆုံသည်။
အင်အားများတည်ဆောက်
အဆိုပါတွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တစ်နိုင်ငံလုံးတွင် ပြည်သူပြည်သားများ ရင်ဆိုင်နေရသည့် ပြဿနာများမှာ တူညီပါကြောင်း၊ ရင်ဆိုင် နေရသည့် ပြဿနာများသည် မိမိတို့နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးနှင့် ဆိုင်ပါ ကြောင်း၊ မိမိတို့နိုင်ငံသည် ပြည်ထောင်စုနိုင်ငံ ဖြစ်သည့်အတွက် အမှန်တကယ် ငြိမ်းချမ်းရေး ရရှိရန် နိုင်ငံသူနိုင်ငံသားများ၊ မတူကွဲပြားသည့် တိုင်းရင်းသားညီအစ်ကို မောင်နှမများအကြား တွင် အပြန်အလှန်နားလည်မှု၊ လေးစားမှုရှိရန် အရေးကြီးပါကြောင်း၊ ရှမ်းပြည်နယ်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံရှိသည့် ပြည်နယ် ဖြစ်သည့်အတွက် အားလုံး သဟဇာတရှိရှိ၊ ချစ်ချစ်ခင်ခင် နေထိုင်ရေးသည် မည်မျှ အရေးကြီးသည်ကို သဘောပေါက်ကြလိမ့်မည် ဖြစ်ပါကြောင်း။
အားလုံး တစ်ယောက်အပေါ်တစ်ယောက် နားလည်မှုရှိရန်နှင့် တစ်ယောက်၏တန်ဖိုးကို တစ်ယောက်က သိရန်လိုအပ်ပါကြောင်း၊ လူတိုင်းလူတိုင်းတွင် သူ့တန်ဖိုးနှင့်သူ ရှိပါ ကြောင်း၊ ရုပ်ပိုင်းဆိုင်ရာအရ ကွဲပြားမှုများ ရှိသည့်အတိုင်း စိတ်ပိုင်းဆိုင်ရာအရ၊ အထင် အမြင်အရလည်း ကွဲပြားမှု၊ ကွာခြားမှုများရှိပါ ကြောင်း၊ ကွာခြားမှုကြောင့် ကွဲပြားသွားစရာ မလိုပါကြောင်း၊ ယင်းကွာခြားမှုအပေါ်အခြေခံ ပြီး အင်အားများ တည်ဆောက်သွားရန်မှာ ပြည်ထောင်စုအတွက် ကြီးမားသည့် လိုအပ်ချက် ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်တွင် နေထိုင်ကြသည့် တိုင်းရင်းသူ တိုင်းရင်းသား များအား ငြိမ်းချမ်းရေးကို အထူးတန်ဖိုးထား ကြရန် တိုက်တွန်းလိုပါကြောင်း၊ ငြိမ်းချမ်းရေး ကို ဦးတည်ခြင်းသည် ယခုပစ္စုပ္ပန်အတွက်တင် မဟုတ်ဘဲ မိမိတို့နိုင်ငံ၏ အနာဂတ်အတွက် ဖြစ်ပါကြောင်း။
တရားဥပဒေစိုးမိုးမှု
မိမိတို့နိုင်ငံသည် သဘာဝအားသာချက် အရ စိုက်ပျိုးရေးတွင် ဖြစ်မြောက်နိုင်သည့် အခြေအနေရှိပါကြောင်း၊ ရေ၊ မြေ ကောင်းမွန် ပါကြောင်း၊ ထို့ပြင် သယံဇာတပစ္စည်းများ ပေါများပါကြောင်း၊ သယံဇာတပစ္စည်းများ၊ အရင်းအမြစ်များအပေါ် အားကိုးခြင်းကို အားမပေးပါကြောင်း၊ မိမိကိုယ်ကိုသာ အားကိုးရမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ အဖိုးတန်ဆုံး သယံဇာတမှာ ပြည်သူပြည်သား များသာ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျန်းမာရေး၊ ပညာရေးကို အထူးဂရုစိုက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အုပ်ချုပ်ရေး ယ္တရားကို အကောင်အထည်ဖော်သည့် ဝန်ထမ်းများနှင့် ပြည်သူလူထုအကြားတွင် သဟဇာတဖြစ်ရန် အလွန်အရေးကြီးပါ ကြောင်း၊ မိမိတို့နိုင်ငံတွင် တရားဥပဒေစိုးမိုးရေး ကို အလေးထားခြင်းသည် ယင်းအကြောင်း အရာများကိုဦးတည်၍ အလေးထားခြင်း ဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးမှုရှိခြင်းသည် ပြည်သူပြည်သားများအား လုံခြုံရေး အာမခံချက် အပြည့်အဝပေးခြင်းဖြစ်ပါ ကြောင်း။
ပါဝင်ဆောင်ရွက်စေချင်
လူ့အသိုင်းအဝိုင်းအတွင်း၌ အေးအေး ချမ်းချမ်း နေထိုင်နိုင်ရန် ဥပဒေများ ချမှတ် ထားခြင်းဖြစ်ပါကြောင်း၊ တစ်ယောက်က အခြားတစ်ယောက်ကို မတရား မလုပ်နိုင်ရန်၊ ကောင်းကောင်းမွန်မွန် နေထိုင်သူများကို ဆက်လက်၍ ကောင်းကောင်းမွန်မွန် နေနိုင် ရေး အကာအကွယ်ပေးရန်ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်သည် ဖွံ့ဖြိုးတိုးတက်ရန် အင်မတန် အလားအလာကောင်းသည့် ဒေသဖြစ်ပါ ကြောင်း၊ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ၊ ချမ်းသာလာသည်နှင့်အမျှ ရာဇဝတ်မှုများ လည်း များပြားလာတတ်ပါကြောင်း၊ နိုင်ငံ ဖွံ့ဖြိုးလာချိန်တွင် တရားဥပဒေစိုးမိုးရေး သည်လည်း တစ်ချိန်တည်းတွင် ဖွံ့ဖြိုးလာရန် အလွန်အရေးကြီးပါကြောင်း၊ မိမိတို့အားလုံး စည်းကမ်းရှိကြရန် လိုအပ်ပါကြောင်း၊ ငယ်ငယ်ကတည်းက စည်းကမ်းရှိမှ အသက်ကြီးလာသည့်အခါ တရားဥပဒေကို စောင့်ထိန်းနိုင်ပြီး တရားဥပဒေစိုးမိုးရေးကို ပံ့ပိုးနိုင်မည်ဖြစ်ပါကြောင်း။
လူသားများ၏ သဘာဝအရ အစုအဝေး ဖြင့်နေမှ အောင်မြင်နိုင်မည်၊ ရှင်သန်နိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အားလုံး အစုအဝေးဖြင့်နေတတ်ရန် အလွန်အရေးကြီး ပါကြောင်း၊ ရှမ်းပြည်နယ်သည် အစုအဝေးဖြင့် နေသည့် လူနေမှုစနစ်တစ်ခု၏ ပြယုဂ်တစ်ခုဖြစ် သည်ဟု ပြော၍ရပါကြောင်း၊ တိုင်းရင်းသား လူမျိုးပေါင်းစုံ၊ ကိုးကွယ်သည့်ဘာသာပေါင်းစုံ၊ ဘာသာစကားပေါင်းစုံ အားလုံး စုဝေးပြီးနေနိုင် သည့် အနေအထားဖြစ်ပါကြောင်း၊ ထိုသို့ စုစုစည်းစည်းဖြင့်နေထိုင်ပြီး တိုးတက်ချမ်းသာ သွားသည့် နိုင်ငံများကို က္ဘာကြီးတွင် တွေ့နိုင် ပါကြောင်း၊ တခြားနိုင်ငံများတွင် ဖြစ်နိုင်သည့် အတွက် မိမိတို့နိုင်ငံတွင် မဖြစ်နိုင်စရာ အကြောင်း မရှိပါကြောင်း၊ အဓိကမှာ ဖြစ်ချင် သည့် စိတ်ရှိရန်လိုအပ်ပါကြောင်း၊ ဖြစ်ချင် သည့်စိတ်ကို စတင်ရာတွင် ငြိမ်းချမ်းရေးကို ရယူချင်သည့်စိတ်ဖြင့် စတင်ရမည်ဖြစ်ပါ ကြောင်း၊ ငြိမ်းချမ်းရေးသည် အားလုံးအတွက် အရေးကြီးပါကြောင်း၊ မိမိတို့အနေဖြင့် ကြိုးစားနေသည့် ငြိမ်းချမ်းရေးဖြစ်စဉ် အမြန်ဆုံး အောင်မြင်ရန်အတွက်လည်း အားလုံးဝိုင်းဝန်းကူညီကြရန် မေတ္တာရပ်ခံ ပါကြောင်းနှင့် ငြိမ်းချမ်းရေးရရှိရန် လူတိုင်း အနေဖြင့် မိမိဘာလုပ်ပေးနိုင်သည်ကို စဉ်းစား ပြီး ပါဝင်ဆောင်ရွက်စေချင်ပါကြောင်း ပြောကြားသည်။
ပေါင်းစပ်ညှိနှိုင်း
ထို့နောက် ဒေသခံများက ဒေသဖွံ့ဖြိုးရေး အတွက် လိုအပ်သည့် ပညာရေး၊ ကျန်းမာရေး၊ ကုန်သွယ်ရေး၊ ဝန်ထမ်းအိမ်ရာ လိုအပ်ချက် များကို တင်ပြကြရာ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က အစိုးရ၏မူဝါဒနှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး လုပ်ငန်းလိုအပ်ချက် များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ဒေသခံပြည်သူများအတွက် စားနပ်ရိက္ခာပစ္စည်းများကို ထောက်ပံ့ ပေးအပ်ရာ ဒေသခံပြည်သူများကိုယ်စား တိုင်းရင်းသားကိုယ်စားလှယ်များက လက်ခံ ရယူကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ညနေပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် ကျိုင်းတုံမြို့သို့ ရောက်ရှိကြရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက ကျိုင်းတုံ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့ သည် ကျိုင်းတုံမြို့ မဟာမြတ်မုနိဘုရားသို့ ရောက်ရှိကြပြီး ဆီမီး၊ ပန်း၊ ရေချမ်းတို့ကို ကပ်လှူပူဇော်ဖူးမြော်ကြည်ညိုသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မဟာမြတ်မုနိဘုရား ဂန္ဓကုဋိတိုက်အတွင်းရှိ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်မြတ်များအား လှည့်လည်ဖူးမြော် ကြည်ညိုပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မဟာမြတ်မုနိဘုရား ဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းဟောင်ခမ်းက လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
သတင်းစဉ်

No comments:

Post a Comment