Wednesday, February 6, 2019

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ နည်းပညာသင်တန်းဖွင့်လှစ်


Image may contain: 3 people, people standing, people sitting and indoor
နေပြည်တော် ဖေဖော်ဝါရီ ၅
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် တို့ ပူးပေါင်းကျင်းပသည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ နည်းပညာသင်တန်း အမှတ်စဉ် (၁/၂၀၁၉) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ Kempinski Hotel ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ၊ ကျွမ်းကျင်ပညာရှင်များ၊ ဖိတ်ကြားထားသူများ၊ ပြည်တွင်း ပြည်ပသတင်းမီဒီယာများ စုစုပေါင်း ၂၀ဝ ခန့် တက်ရောက်ကြသည်။
အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြည်ထောင်စုဝန်ကြီးဌာနအချို့တွင် ယခုဖွဲ့စည်းမည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU)များ၏ လုပ်ငန်းတာဝန်သည် ဌာနဆိုင်ရာဝန်ထမ်းများ၏ ဂုဏ်သိက္ခာနှင့် လူထု၏ယုံကြည်မှုတို့ကို ပြန်လည်မြင့်မားလာအောင် ဆယ်တင် ပေးနိုင်သည်ဖြစ်၍ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် အလွန် အရေးကြီးပါကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် မိမိတို့၏ ဂုဏ်သိက္ခာ၊ လူထု၏ ယုံကြည်မှုနှင့် ပြည်သူတို့၏ အကျိုးစီးပွားကိုသာ ဦးစားပေးကြမည်ဆို လျှင် မိမိတို့ကိုယ်တိုင် မည်သည့်နည်းနှင့်မျှ အဂတိလိုက်စားမှု မဖြစ်နိုင်ပါ ကြောင်း၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များဖွဲ့စည်းခြင်းသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၁၆(ဋ)နှင့်အညီ ဖြစ်သည့်အပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာစီမံချက်၏ အစိတ်အပိုင်းတစ်ရပ်လည်းဖြစ်ပါကြောင်း၊ ရည်ရွယ်ချက်မှာ ဝန်ထမ်းများအား အဂတိလိုက်စား သော ပြစ်မှုကျူးလွန်ပြီးမှအရေးယူရခြင်းသည် ကျူးလွန်ခဲ့သူများ၌ကြီးမားသော ထိခိုက် နစ်နာဆုံးရှုံးမှုများကို ဖြစ်စေနိုင်သကဲ့သို့ တာဝန်ရှိသူများအနေဖြင့် လည်း တာဝန်ယူမှု အားနည်းချက်ရှိခြင်း၊ တစ်နည်းအားဖြင့် တာဝန်မကင်းဟု မှတ်ယူနိုင်ပါကြောင်း၊ ထို့ကြောင့် အဂတိလိုက်စားသောပြစ်မှု လုံးဝမကျူးလွန် မိစေရန် ဌာနများ၌ အဂတိလိုက်စားမှုပြဿနာ ပေါ်ပေါက်နိုင်သောအခြေအနေ များကို ကြိုတင်စိစစ်ဖော်ထုတ်ရန်၊ တွေ့ရှိလာသော ပြဿနာကို သက်ဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြေရှင်းရန် သို့မဟုတ် အရေးယူဆောင် ရွက်ရန်နှင့် ဌာနဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံး လုပ်နည်း၊ အမိန့်òန်ကြားချက်များတွင် အဂတိလိုက်စားမှုဖြစ်နိုင်ခြေများ ရှိ၊ မရှိ ဆန်းစစ်အကဲဖြတ်ချက် (Corruption Risk Assessment- CRA) ပြုလုပ်ပြီး စနစ်တကျပိတ်ဆို့ထိန်းချုပ်ခြင်းဖြင့် ဝန်ထမ်းများအား အနာဂတ် ကာလတွင်ပါ အဂတိလိုက်စားမှုများ ဆက်လက်မဖြစ်ပေါ်စေရေးအတွက် တားမြစ်သွားနိုင်ရန်ဖြစ်ပါကြောင်း။
CPU စီမံချက်သည် တစ်ဖက်တွင် ဝန်ထမ်းများအတွင်း အဂတိကင်းရှင်း စေရန် ရည်ရွယ်ထားသကဲ့သို့ အခြားတစ်ဖက်တွင်လည်း ဌာနဆိုင်ရာများနှင့် ပြည်သူလူထုအကြား အောက်ခြေအဆင့်တွင် ဖြစ်ပွားနေသော အသေးစား အဂတိလိုက်စားမှု(Petty Corruption) အများအပြားကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ဟန်ချက်ညီညီတိုက်ဖျက်ရာတွင် ထိရောက်မှု ရှိစေရန်ဖြစ်ပါ ကြောင်း၊ အကြီးစားအဂတိလိုက်စားမှုများ(Grand Corruption)၏ ပင်ရင်း ဗဟိုချက်တစ်ခုဖြစ်သော နိုင်ငံတော်၏ဝယ်ယူရေးလုပ်ငန်းများ အပါအဝင်ဖြစ် သည့် တင်ဒါလုပ်ငန်းစဉ်များတွင် အဂတိလိုက်စားမှုများ မဖြစ်ပွားစေရေး အတွက် ထိရောက်စွာ တားဆီးကာကွယ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိနေပါကြောင်း။
ကော်မရှင်က အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နေစဉ် ရှေ့ပြေးစီမံကိန်း အရ ပြည်ထောင်စုဝန်ကြီးဌာန ၁၄ ခုတွင် CPU အဖွဲ့များဖွဲ့စည်းပြီး သတ်မှတ် ပေးထားသော ရည်ရွယ်ချက်များအတိုင်း ထိရောက်အောင်မြင်စွာ ပူးပေါင်း ဆောင်ရွက်လာခြင်းဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် နိုင်ငံတော် အစိုးရ၏ ပြင်းပြသောနိုင်ငံရေးခံယူချက် တက်ညီလက်ညီ အကောင်အထည် ဖော် ဖြည့်ဆည်းပေးသွားနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်Deputy Country Director, Ms.Dawn Del Rio က အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ နည်းပညာဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားသို့ တက်ရောက်လာကြ သူများသည် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
အဆိုပါသင်တန်းကို ဖေဖော်ဝါရီ ၅ ရက်မှ ၇ ရက်အထိ ဖွင့်လှစ်မည် ဖြစ်ပြီး သင်တန်းတွင် ကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊UNDPမှ ကျွမ်းကျင် ပညာရှင်များက အဂတိလိုက်စားမှု၏သဘောတရားနှင့် ယင်း၏အကျိုးသက် ရောက်မှုများ၊ ကော်မရှင် ကျင့်ဝတ်၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အဖွဲ့ ဖွဲ့စည်းခြင်းနှင့်လုပ်ငန်းတာဝန်၊ ကာကွယ်ရေး စီမံချက်ရေးဆွဲခြင်း၊ အသိ ပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးခြင်း၊ တိုင်ကြားစာများ အပေါ် အရေးယူဆောင်ရွက်ပုံအဆင့်ဆင့် တိုင်ကြားစာနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်ခြင်း၊ မှတ်တမ်းထိန်းသိမ်းခြင်းနှင့်သတင်းပို့ခြင်း၊ နိုင်ငံ့ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေဖြင့် ဌာနဆိုင်ရာအရေးယူခြင်း၊Korea’s Approach to Corruption in the Publicsector၊ Introducing the CRA Methodology၊ Training for CPU Officials ; Step by Step approaches for Anti-Corruption ၊ Contextualizing the CRA Criteria in Myanmar၊ Global experience of CPU ဘာသာရပ်ဆိုင်ရာများကို သင်ကြားပို့ချသွားမည်ဖြစ်သည်။
ယခုသင်တန်းသို့ ပြည်ထောင်စုဝန်ကြီးဌာနများတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းရန် ရှေ့ပြေးစီမံကိန်း၌ ပါဝင်ဆောင်ရွက် ကြမည့် ဝန်ကြီးဌာန ၁၄ ခုတို့မှ အဆင့်မြင့်အရာထမ်းသင်တန်းသား ၁၁၄ ဦးနှင့် ကော်မရှင်ရုံးမှ သင်တန်းသား ၁၈ ဦး စုစုပေါင်းသင်တန်းသား ၁၃၂ ဦး တက်ရောက်ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment