Saturday, February 2, 2019

ဒုတိယအကြိမ် လွှတ်တော်များ၏ (၃)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားတွင်နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြောကြားသည့် ဂုဏ်ပြုအမှာစကား

Image may contain: 1 person, standing, flower and indoor
ဒီနေ့ဟာဆိုရင် မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးရဲ့ မှတ်တမ်းဝင် တဲ့နေ့တစ်နေ့ဖြစ်ပါတယ်။ အခုဆိုရင် ဒုတိယအကြိမ် လွှတ်တော် သက်တမ်းရဲ့ သုံးနှစ်မြောက်နေ့ပဲ ဖြစ်ပါတယ်။ လွှတ်တော်ဆိုတာ အချုပ် အခြာအာဏာပိုင်တဲ့၊ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ပြီး လုပ်ပိုင် ခွင့်အာဏာအပ်နှင်းလိုက်တဲ့ ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ အစည်းကြီးဖြစ်တာကြောင့် လွှတ်တော်ရဲ့အရှိန်အဝါဟာ ကြီးမားလှပါ တယ်။ ထို့အတူပဲ ဒီကိုယ်စားလှယ်များက တိုင်းရေးပြည်ရာများဆွေးနွေးဖို့ စုဝေးရာအရပ်ဒေသဥပစာဖြစ်တဲ့ လွှတ်တော်အဆောက်အဦရဲ့ ခမ်းနား ထည်ဝါမှုကလည်း ကြီးမားလှပါတယ်။
တာဝန်ကျေပွန်စွာထမ်းဆောင်
လွှတ်တော်ကိုယ်စားလှယ်တွေဆိုတာ ကျွန်တော်တို့လွှတ်တော် ဆိုင်ရာဥပဒေမှာ ပြဋ္ဌာန်းချက်မှာပါတဲ့အတိုင်း ပြောရမယ်ဆိုရင် ဂုဏ်ထူး ဝိသေသနဲ့ ပြည့်စုံသော၊ အများက လေးစားအပ်တဲ့ ပုဂ္ဂိုလ်များဖြစ်ပါတယ်။ ဂုဏ်ထူးဝိသေသနဲ့ ပြည့်စုံသောဆိုတဲ့နေရာမှာ ဂုဏ်ထူးထွက်ဖို့၊ လွှတ်တော် ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေကို ကျေညက်ဖို့လည်း လိုပါတယ်။ ထို့အတူပဲ ဝိသေသဆိုတဲ့နေရာမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးရဲ့ လွှတ်တော် ဖြစ်တဲ့အခါကျတော့ ဒီမိုကရေစီရဲ့ ဝိသေသလက္ခဏာတွေကိုလည်း နားလည်သဘောပေါက်ဖို့ လိုအပ်ပါတယ်။ အများက လေးစားအပ်တဲ့ ပုဂ္ဂိုလ်များဖြစ်ဖို့ဆိုရင် နိုင်ငံတော်နဲ့ နိုင်ငံသူ နိုင်ငံသားတွေရဲ့ အကျိုး၊ မဲဆန္ဒ ရှင်ပြည်သူတွေရဲ့ အကျိုးတွေကို တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြဖို့လည်း လိုအပ်ပါတယ်။
ဒါ့အပြင် တစ်နေရာမှာတွေ့ရှိရတာက လွှတ်တော်ကိုယ်စားလှယ် တွေကို ဒေသဆိုင်ရာအာဏာပိုင်က၊ အာဏာပိုင်အဖွဲ့အစည်းက အလေး ထားတိုင်ပင်အပ်သော ပုဂ္ဂိုလ်များလို့ ပြဋ္ဌာန်းထားတာကိုတွေ့ရှိရပါတယ်။ ဒေသဆိုင်ရာအာဏာပိုင်က၊ အာဏာပိုင်အဖွဲ့အစည်းက အလေးထား တိုင်ပင်အပ်တဲ့ ပုဂ္ဂိုလ်ဖြစ်အောင်လည်း ကိုယ်စားလှယ်များအနေနဲ့ အထွေထွေဗဟုသုတကြွယ်ဝဖို့ လိုအပ်ပါတယ်။ နိုင်ငံရေးအမြင်၊ စီးပွားရေး အမြင်၊ လူမှုရေးအမြင်၊ လုံခြုံရေးအမြင်တွေ ရှိရမယ့်အပြင် ဒေသဆိုင်ရာ အမြင်နဲ့ နိုင်ငံတကာအမြင်တွေလည်း ရှိဖို့လိုအပ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပတ်သက်ပြီး မိမိတို့မဲဆန္ဒ နယ်မြေရဲ့ စီမံကိန်းတွေမှာဆိုရင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မဆန့်ကျင်ဘဲ ဒေသဆိုင်ရာအာဏာပိုင်က၊ ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းက ပေါင်းစပ်ညှိနှိုင်းဆွေးနွေးအပ်တဲ့ ပုဂ္ဂိုလ်များလို့ ဒီလိုလည်း ပြဋ္ဌာန်းထားတာ တွေ့ရပါတယ်။
အပြန်အလှန်ထိန်းကျောင်း
ပေါင်းစပ်ညှိနှိုင်းဆွေးနွေးအပ်တယ်ဆိုတဲ့နေရာမှာ အထူးသတိပြုရမှာက တော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မဆန့်ကျင်စေဘဲဆိုတာ အထူးသတိပြုရ မှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင် ဒီမဏ္ဍိုင်သုံးရပ်က တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဝင်ရောက်စွက်ဖက် ခြင်းမျိုးမဟုတ်ဘဲနဲ့၊ တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနဲ့ အပြန်အလှန် ထိန်းကျောင်းခြင်းကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါဟာ ဒီမိုကရေစီအသွင် ကူးပြောင်းရေးမှာ လမ်းကြောင်းတိမ်းစောင်းမှုမရှိအောင် ထိန်းကျောင်းထားတဲ့ ပြဋ္ဌာန်းချက်လည်း ဖြစ်ပါတယ်။
ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်တွေကို ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့် အခွင့် အရေးတွေလည်း ပေးထားပါတယ်။ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့် အခွင့်အရေးတွေဟာ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဥပဒေနဲ့အညီ လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပေးထားသလို တစ်ဖက်မှာလည်း မေးခွန်းတွေ၊ အဆိုတွေ၊ ဥပဒေကြမ်းတွေနဲ့ပတ်သက်ရင် ကန့်သတ်ချက်၊ စည်းကမ်းချက်၊ ကျင့်ဝတ်တွေဆိုတာရှိပါတယ်။ အဲဒီကန့်သတ်ချက်၊ စည်းကမ်းချက်၊ ကျင့်ဝတ်တွေဟာ တကယ်ပြောမယ်ဆိုရင် ကိုယ်စားလှယ် တွေကို တာဝန်ခံမှု၊ တာဝန်ယူမှုရှိစေချင်တာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် လွတ်လပ်ခွင့်နဲ့ အခွင့်အရေးကို မှန်ကန်စွာကျင့်သုံးရသလို၊ တာဝန်ယူမှုနဲ့၊ တာဝန်ခံမှုကိုလည်း အလွဲသုံးစားမလုပ်ရဘူးဆိုတာကို ဒွန်တွဲပြဋ္ဌာန်းထားခြင်း ဖြစ်ပါတယ်။
အပြုသဘောအမြင်နဲ့ ဆွေးနွေးညှိနှိုင်း
ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်တွေဟာ လူထုလူတန်းစား အလွှာအသီးသီးကနေ ရောက်ရှိလာတာဖြစ်ပါတယ်။ ဒါကြောင့်မို့ တစ်ဦးနဲ့ တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ မတူညီတဲ့အတွေးအခေါ် အယူအဆတွေရှိကြသလို သဘောထားကွဲပြားမှုတွေလည်း ရှိကြမှာ သဘာဝကျပါတယ်။ အဲဒီ မတူညီတဲ့ သဘောထားတွေ၊ မတူညီတဲ့ ကွဲပြားမှုတွေကို ဒီမိုကရေစီမဏ္ဍိုင် ကြီး ၁၂ ချက်မှာပါတဲ့အတိုင်း သဘောထားကြီးခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ် ခြင်းတွေနဲ့၊ အပြုသဘောအမြင်နဲ့ ဆွေးနွေးညှိနှိုင်းကြရမှာဖြစ်ပါတယ်။ ဒီလိုဆွေးနွေးညှိနှိုင်းမှု ရင့်ကျက်တည်ငြိမ်ခိုင်မာလာတာနဲ့အမျှ ဒီမိုကရေစီ ယဉ်ကျေးမှုထွန်းကားပြီး ကိုယ်စားလှယ်တွေရဲ့ အရည်အသွေးများလည်း တိုးတက်လာကာ လွှတ်တော်ရဲ့ ဂုဏ်သိက္ခာလည်း မြင့်မားလာမှာ ဖြစ်ပါ တယ်။
ကျွန်တော်တို့အမိမြန်မာနိုင်ငံတော်ဟာ ပြည်ထောင်စုနိုင်ငံတော် ဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးများအားလုံးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ရေမြေတောတောင် သဘာဝတွေ မတူညီကြပေမယ့် ပြည်နယ်၊ တိုင်းဒေသ ကြီးအားလုံးဟာ ပြည်ထောင်စုရဲ့အစိတ်အပိုင်းများဖြစ်တယ်ဆိုတာကို နှလုံးသွင်းစေချင်ပါတယ်။ ထို့အတူပဲ တိုင်းရင်းသားလူမျိုးများအကြားမှာ လည်း ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာတွေ မတူညီကြပေမယ့် ပြည်ထောင်စုသားများဆိုတာကိုလည်း ခံယူကြစေ ချင်ပါတယ်။ ပြည်ထောင်စုလွှတ်တော်ကြီးမှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ပြည်ထောင်စုအကျိုးကိုရှေးရှုပြီး မတူညီတဲ့ ကွဲပြားမှုတွေကို စုစည်းညီညွတ်ခြင်းကသာလျှင် ပြည်ထောင်စုရဲ့ အင်အား များဖြစ်ပါကြောင်း အလေးအနက်ခံယူကြပါရန်ပြောကြားရင်း နိဂုံးချုပ် အပ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment