Saturday, February 2, 2019

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ တက်ရောက်

Image may contain: 5 people, people standing, crowd and indoor
ရန်ကုန် ဖေဖော်ဝါရီ ၁
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ တရုတ် နှစ်သစ်ကူးပွဲတော် အခမ်းအနားကို ယနေ့ ညနေ ၄ နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်လမ်းရှိ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး၏ နေအိမ်၌ ကျင်းပရာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ နှင့်ဇနီး ဒေါ်မေယဉ်ထွန်းတို့ တက်ရောက်ချီးမြှင့်သည်။
တက်ရောက်
အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုနှင့် ဇနီး၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနှင့် ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် ဇနီး၊ ဆောက်လုပ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ တပ်မတော်
အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ် ကြီးများ၊ သံတမန်များနှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
အထူးပင်ဝမ်းမြောက်
ထို့နောက် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော် တင့်ဆွေက အမှာစကားပြောကြားရာတွင် တရုတ်ပြည်သူများအတွက် အစဉ်အလာနှင့် ယဉ်ကျေးမှုအရ များစွာအရေးကြီးပြီး အထူး အလေးထားသည့် နှစ်သစ်ကူးအထိမ်းအမှတ် အဖြစ် တည်ခင်းဧည့်ခံသော အခမ်းအနားကို တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာဟုန်လျန်၊ တရုတ်သံရုံးမှ သံတမန်များနှင့် ဝန်ထမ်းများ၊ သံတမန်များ၊ တရုတ်နွယ်ဖွားမြန်မာများနှင့် ဂုဏ်သရေရှိ ဧည့်သည်တော်များနှင့်အတူ ပါဝင်ဆင်နွှဲခွင့်ရသည့်အတွက် အထူးပင် ဝမ်းမြောက်အမှတ်တရဖြစ်ရပါကြောင်း။
တရုတ်လူမျိုးများအနေဖြင့် ဒီလိုမင်္ဂလာ ရှိလှသည့် နှစ်သစ်ကူးအခါသမယတွင် နယ်မြေရပ်ခြား၌ ခွဲခွာနေထိုင်လျက်ရှိသော မိသားစုဝင်များအားလုံး ပြန်လည်ဆုံတွေ့ကြ ကာ ညစာအတူတကွ သုံးဆောင်ကြသည့် ထုံးတမ်းအစဉ်အလာတစ်ရပ်ဖြစ်ပြီး တရုတ် လူမျိုးများအတွက် အလွန်အရေးကြီးသော အခမ်းအနားတစ်ခုဖြစ်သည်ဟု မှတ်သားမိပါ ကြောင်း။
ထို့ကြောင့် မိမိအနေဖြင့် တရုတ်နိုင်ငံ သံအမတ်ကြီးအပါအဝင် အခြားသော ဧည့်သည်တော်များနှင့် ယနေ့အခမ်းအနား ကို တက်ရောက်ဆင်နွှဲခွင့်ရရှိခြင်းသည် မိတ်ဆွေဟောင်းများနှင့် ပျော်ရွှင်စွာ တွေ့ဆုံ ခွင့်ရသည်ဟု ခံစားမိရုံသာမက မြန်မာ-တရုတ်ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး အတွက်လည်း အားသစ်လောင်းပေးရာ ရောက်သည်ဟုလည်း ယုံကြည်မိပါကြောင်း။
တိုးတက်ဖွံ့ဖြိုးလျက်ရှိ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့သည် ရှည်လျားသော နယ်နိမိတ်ချင်း ထိစပ်လျက်ရှိ သည့် အိမ်နီးချင်းကောင်းနိုင်ငံဖြစ်ပြီး နှစ်နိုင်ငံ အကြားရှိ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးမှတစ်ဆင့် ''ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး''ကို အခြေခံသော ပူးပေါင်းဆောင်ရွက်မှုများ သည် ကျယ်ပြန့်စွာ ဖွံ့ဖြိုးတိုးတက်လျက် ရှိရုံ သာမက ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ပူးပေါင်းဆောင်ရွက်မှုများမှာလည်း နက်ရှိုင်း စွာ တိုးတက်ဖွံ့ဖြိုးလျက်ရှိပါကြောင်း။
အထူးသဖြင့် နှစ်နိုင်ငံခေါင်းဆောင်များ အကြား အပြန်အလှန်ယုံကြည်မှုနှင့် ချစ်ကြည် ရင်းနှီးမှုတို့ကို ခိုင်မာစွာ တည်ဆောက်နိုင်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးသည် သမိုင်း တစ်လျှောက် ထူးခြားစွာ တိုးတက်မြင့်မား လျက်ရှိသည်ကို ဝမ်းမြောက်ဖွယ် တွေ့မြင်ရ မည်ဖြစ် ပါကြောင်း။
အလေးအနက်တန်ဖိုးထား
ထို့အပြင် တရုတ်နိုင်ငံအနေဖြင့် မြန်မာ နိုင်ငံအပေါ် နိုင်ငံတကာမျက်နှာစာတွင် နားလည်မှုအပြည့်ဖြင့် ထောက်ခံရပ်တည် ပေးမှုများကို အလေးအနက် တန်ဖိုးထားရှိ ကြောင်းကိုလည်း ပြောကြားလိုပါကြောင်း။
တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွင် အပြုသဘောဆောင်သော အကူအညီများ ပေးအပ်လျက်ရှိပြီး ပြည်သူများ လူမှုဘဝ တိုးတက်စေရေးအတွက် စီးပွားရေးနှင့် နည်းပညာအကူအညီများ ပေးအပ်လျက်ရှိပါ ကြောင်း၊ ဆက်လက်ပြီးလည်း အကူအညီများ ပေးသွားနိုင်မည်ဟု ယုံကြည်ပါကြောင်း။
မှတ်သားဖွယ်ဖြစ်
''ကမ္ဘာသူကမ္ဘာသားများ၏ ကံကြမ္မာ သည် တစ်ခုတည်း'' ဆိုသည့် မစ္စတာ ရှီကျင့်ဖျင် ၏ မူဝါဒသည်လည်း မှတ်သားဖွယ် ဖြစ်ပါ ကြောင်း၊ အပြန်အလှန်လေးစားမှုနှင့် ပူးပေါင်း ဆောင်ရွက်ကြပြီး တူညီသည့် ဖွံ့ဖြိုးတိုးတက်မှု ကို ဦးတည်မှသာ တစ်ကမ္ဘာလုံးသည် တည်ငြိမ်အေးချမ်းနိုင်မည်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏Belt and Road Initiative စီမံကိန်းတွင် တက်ကြွစွာ ပူးပေါင်းပါဝင်လျက် ရှိပြီး စီမံကိန်းမူဘောင်အတွင်း နှစ်ဖက်ပြည်သူ များ အတူတကွ အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ရင်းနှီး မြှုပ်နှံမှုကဏ္ဍကိုကြည့်လျှင်လည်း တရုတ်နိုင်ငံ သည် မြန်မာနိုင်ငံတွင် အများဆုံး ရင်းနှီးမြှုပ်နှံ ထားသည့် နိုင်ငံအဖြစ် ဆက်လက်ရပ်တည် လျက် ရှိနေပါကြောင်း၊ နှစ်နိုင်ငံပြည်သူများ၏ အပြန်အလှန် အကျိုးဖြစ်ထွန်းစေရန်လည်း နှစ်ဖက်ဆက်လက် ကြိုးပမ်းသွားရန် ဆန္ဒပြု လိုက်ပါကြောင်း။
ကောင်းမွန်သော လက္ခဏာများရှိ
၂ဝ၁၉ ခုနှစ်သည် တရုတ်ပြက္ခဒိန်အရ ဝက်နှစ်ဖြစ်သည်ဟု သိရှိရပါကြောင်း၊ ဝက်နှစ် ဖြစ်သည့်အတွက် ကံကောင်းမှု၊ ငွေကြေး ကြွယ်ဝချမ်းသာမှုဆိုသည့် ကောင်းမွန်သော လက္ခဏာများရှိသည်ဟု မှတ်သားရကြောင်း၊ ထို့ကြောင့် ၂ဝ၁၉ ခုနှစ်အတွင်း နှစ်နိုင်ငံ အကြားရှိ
ပြည်သူများ ကံကောင်းမှုနှင့် ငွေကြေးကြွယ်ဝ ချမ်းသာမှု၊ အောင်မြင်စေရန်အတွက် နှစ်နိုင်ငံ ပြည်သူများအကြား အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းများအဖြစ် စိတ်ကောင်း စေတနာအပြည့်ဖြင့် ပူးပေါင်းဆောင်ရွက်မှု များ တိုးချဲ့သွားနိုင်မည်ဟု အပြည့်အဝယုံကြည် ပါကြောင်း။
ဆုမွန်ကောင်းတောင်း
ယခုလို သာယာလှပသည့် ညနေခင်း တရုတ်နှစ်သစ်ကူးအခမ်းအနားတွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ပြည်သူများအားလုံး ကျန်းမာရွှင်လန်း၍ အောင်မြင်မှုများ ဆက်လက်ရရှိစေရန်အတွက် လည်းကောင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဘက်စုံမဟာ ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက် ဆက်ဆံရေး ပိုမိုကျစ်လျစ်ခိုင်မာစေရန် အတွက် လည်းကောင်း၊ နှစ်ဖက်ပြည်သူများ၏ ငြိမ်းချမ်းရေး၊ ကံကောင်းမှု၊ ကြွယ်ဝချမ်းသာမှု နှင့် လူမှုဘဝလုံခြုံရေး တိုးတက်ကောင်းမွန် စေရန်အတွက် လည်းကောင်း၊ သံအမတ်ကြီး နှင့် သံရုံးဝန်ထမ်းများ လုပ်ငန်းဆောင်တာများ ပိုမိုအောင်မြင်မှုရရှိစေရန်အတွက် လည်း ကောင်း၊ ယခုအခမ်းအနားကို ကြွရောက်လာ ကြသည့် ဧည့်သည်တော်များ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစေရန်အတွက် လည်း ကောင်း ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ် လိုက်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ သူရဦးအောင်ကို၊ သံအမတ်ကြီး မစ္စတာဟုန်လျန်နှင့် အဖွဲ့ဝင် များသည် တရုတ်နှစ်သစ်ကူးအထိမ်းအမှတ် မြန်မာ-တရုတ် နှစ်နိုင်ငံ ရိုးရာယဉ်ကျေးမှု အကများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှု အားပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တံခါးဖွင့်မူဝါဒနှင့် ပြုပြင်ပြောင်းလဲမှုလုပ်ငန်း စဉ်များ ဆောင်ရွက်ခဲ့မှု နှစ် (၄ဝ)ပြည့် ဓာတ်ပုံ မှတ်တမ်းပြပွဲ ဖွင့်ပွဲကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ သူရဦးအောင်ကို၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီး၊ သံအမတ်ကြီး မစ္စတာဟုန်လျန်နှင့် တာဝန်ရှိ သူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ သူရဦးအောင်ကိုနှင့် အဖွဲ့ဝင်များသည် ပြပွဲတွင်ပြသထားသည့် မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်နှင့်ဇနီး မစ္စဝမ်ရွှဲဟုန်တို့က တရုတ် နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်အဖြစ် တက်ရောက်လာကြသူများအား စားသောက် ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံသည်။
သတင်းစဉ်

No comments:

Post a Comment