Saturday, February 2, 2019

၂ဝ၁၈ ခုနှစ် ၆ လပတ် အခွန်ကောက်ခံရရှိမှုအခြေအနေနှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက် အစီရင်ခံစာတို့နှင့်စပ်လျဉ်း၍ ဆွေးနွေး

No photo description available.
နေပြည်တော် ဖေဖော်ဝါရီ ၁
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် က နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ကချင်ပြည်နယ်အစိုးရအဖွဲ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးအဖြစ် ဦးကျော်ကျော်ဝင်းအား လည်းကောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးအဖြစ် ဦးလဆိုင်းအား လည်းကောင်း၊ စည်ပင်သာယာရေးဝန်ကြီးအဖြစ် ဦးနော်လီ (ခ) ဇခေါင်ခမ်းရယ်အား လည်းကောင်း ခန့်အပ်တာဝန်ပေးခြင်းကို လွှတ်တော်သို့တင်ပြ၍ မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂ဝ၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ၆ လပတ် အခွန်ကောက်ခံရရှိမှု အခြေအနေနှင့် ၄င်းအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၂/၂ဝ၁၉) တို့နှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ဆိပ်ကြီး/ခနောင်တို မဲဆန္ဒနယ်မှ ဦးတင်ထွန်းနိုင်က ပြည်ထောင်စု ဘတ်ဂျက်တွင် လိုငွေပြနေသည့်ကြားမှ ကျန်းမာရေးအသုံးစရိတ်များ နှစ်စဉ်တိုးမြှင့်လျာထားခွင့်ပြုပေးနေသည်မှာ မိမိတို့ အားလုံးအသိပင် ဖြစ်ပါကြောင်း၊ နိုင်ငံသူ၊ နိုင်ငံသားများ ကျန်းမာကြံ့ခိုင်ရေးအတွက် ကျန်းမာရေးအသုံးစရိတ်များ တိုးမြှင့်ခွင့်ပြုပေးနေချိန်တွင် တစ်ဖက်မှ အရက်၊ ဘီယာ၊ ဝိုင်၊ စီးကရက် အစရှိသည့် အထူးကုန်စည်များ၏ အခွန်နှုန်း ထားများကို လျှော့ပေါ့ခွင့်ပြုနေပါက အိတ်ပေါက်နှင့် ဖားကောက်ရသကဲ့သို့ဖြစ်နေ၍ ရုန်းထွက်လာနိုင်မည် မဟုတ်ပါကြောင်း။
အထူးသဖြင့် မျိုးဆက်သစ်လူငယ်များ၏ ကျန်းမာ ကြံ့ခိုင်ရေးကို အထူးလိုလားပါက ကျန်းမာရေးထိခိုက် ပျက်စီးစေမည့် ဆောင်ရွက်ချက်များကို မိမိတို့အနေဖြင့် အတတ်နိုင်ဆုံး ချင့်ချိန်ရှောင်ရှားနိုင်ရန် အရေးကြီးပါ ကြောင်း၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ သဘော ထားမှတ်ချက်တွင် ဖော်ပြပါရှိသကဲ့သို့ အထူးကုန်စည် ခွန်နှုန်းထားများ လျှော့ပေါ့သတ်မှတ်ခြင်း၏ ကောင်းကျိုး ဆိုးပြစ်များကို ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ ချင့်ချိန် သုံးသပ်ပြီးမှသာ မှန်မှန်ကန်ကန် ဆုံးဖြတ်ဆောင်ရွက်သင့် ပါကြောင်း တိုက်တွန်းဆွေးနွေးသည်။
နိုင်ငံတော်အတွက် အကျိုးရှိလာမည်
လှိုင်းဘွဲ့ မဲဆန္ဒနယ်မှ ဦးခင်ချိုက တံဆိပ်ခေါင်းခွန်နှင့် ပတ်သက်၍ ပြည်သူများအနေဖြင့် အသိပညာဗဟုသုတ နည်းပါးကြသည့်အပေါ် မသမာမှုမျိုးစုံဖြင့် တရားမဝင် စာချုပ်များနှင့် အဆောက်အဦ၊ မြေ၊ မော်တော်ယာဉ် စသည့် အရောင်းအဝယ်ပြုလုပ်ကြသည့်အတွက် နိုင်ငံ တော်မှရသင့်သည့် တံဆိပ်ခေါင်းခွန်တန်ဖိုး အပြည့်အဝ မရသည့်အပြင် ကုန်သွယ်ခွန်၊ ဝင်ငွေခွန်များလည်း အပြည့်အဝ မရရှိသည်ကို တွေ့ရှိရပါကြောင်း၊ အများ ပြည်သူအနေဖြင့် တံဆိပ်ခေါင်းခွန်နှင့်စပ်လျဉ်း၍ အသိ ပညာတိုးတက်လာစေရေးနှင့် ဥပဒေနှင့်အညီပိုင်ဆိုင်ခွင့် များ ရရှိနိုင်ရေးအတွက် အခွန်အကောက်အပြည့်အဝ ရရှိနိုင်ရေးနှင့် အများပြည်သူနှင့် သက်ဆိုင်သည့် တံဆိပ် ခေါင်းအမျိုးအစား၊ တန်ဖိုး၊ အသုံးပြုရမည့်နေရာ၊ ပြစ်မှု ပြစ်ဒဏ်များဖော်ပြသည့် ကြော်ငြာ၊ လက်ကမ်းစာစောင် များကို အများပြည်သူမြင်သာသည့် နေရာများတွင် ဖြန့်ဝေ မှုများ ပြုလုပ်ပေးနိုင်မည်ဆိုပါက နိုင်ငံတော်အတွက် အကျိုးရှိလာမည် ဖြစ်ပါကြောင်း။
အထူးကုန်စည်ခွန်များနှင့်ပတ်သက်၍ ဥပဒေအရ အထူးကုန်စည်အဖြစ် သတ်မှတ်ထားသည့် ကုန်စည်များ ထုတ်လုပ်၊ ရောင်းချမှုများအပေါ် အခွန်အမှတ်တံဆိပ် ပြည့်ပြည့်ဝဝကပ်နိုင်စေရန်အတွက် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချမှု၊ စားသောက်ဆိုင်နှင့် တည်းခိုခန်းများကို အခါအားလျော်စွာ စစ်ဆေးဖော်ထုတ်မှုများ ထိထိရောက် ရောက်ဆောင်ရွက်သင့်သည်ဟု အကြံပြုလိုပါကြောင်း၊ ဝင်ငွေခွန်ကောက်ခံမှုတွင် အခွန်ထမ်းကြီးများ၊ အလယ် အလတ် အခွန်ထမ်းကြီးများနှင့် ပတ်သက်၍ စာရင်းဇယား အထောက်အထားတင်ပြမှုအပေါ် အခွန်စည်းကြပ်ရာတွင် အခွန်ထမ်းဆောင်မှုမှ လွတ်ကင်းနေမှုရှိ၊ မရှိ MIC မှ မှတ်ပုံတင်ထားသည့် ကုမ္ပဏီလုပ်ငန်းများ စာရင်းနှင့် ချိန်ကိုက်စစ်ဆေးဖော်ထုတ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ စာရင်းဇယားမပြုနိုင်သည့် အောက်ခြေမှ အခွန်ထမ်း ဆောင်ရမည့် ပြည်သူအများစုနှင့်ပတ်သက်၍ အခွန် ယဉ်ကျေးမှု တိုးတက်လာရန် အသိပညာပေးခြင်း၊ စည်းရုံး ခြင်းနှင့် အခွန်ကောက်ခံမှုစနစ်ပုံစံ ပြောင်းလဲဆောင်ရွက် သင့်လျှင် ပြောင်းလဲဆောင်ရွက်ရန် အကြံပြုလိုပါကြောင်း ဆွေးနွေးသည်။
အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချိုက ဘဏ္ဍာရေးနှစ် တစ်နှစ်အတွက် အခွန်အကောက်ရငွေ လျာထားချက်များ သတ်မှတ်ရာတွင် ယခင်ဘဏ္ဍာရေးနှစ်အတွင်း အလားတူ ကာလအတွက် အမှန်ကောက်ခံရရှိခဲ့သော အခွန်အကောက် ပမာဏပေါ်တွင် အခြေခံလျက် ပြည်ထောင်စု၏မူဝါဒ ပြောင်းလဲချက်များကို ထည့်သွင်းစဉ်းစားပြီး သတ်မှတ်သင့် ပါကြောင်း၊ ၂ဝ၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လအတွက် ပြည်ထောင်စု၏ အခွန်ငွေစာရင်းချုပ်အရ ပြည်ထောင်စု၏ အခွန်ကောက်ခံရရှိငွေသည် မူလခန့်မှန်း ခြေ၏ ၁၂၂ ဒသမ ၆၅ ရာခိုင်နှုန်းဖြစ်ရာ လျာထားချက်ကို ကျော်လွန်အောင်မြင်သည်ကို တွေ့ရှိရပါကြောင်း။
မူလခန့်မှန်းခြေထက်ကျော်လွန်
ပြည်ထောင်စု၏ အခွန်စည်းကြပ်ရရှိမှုအခြေအနေကို ဝန်ကြီးဌာနအလိုက် ခွဲခြားလေ့လာသောအခါတွင်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့ သည် မူလခန့်မှန်းခြေထက်ကျော်လွန်၍ အခွန်စည်းကြပ် နိုင်ခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ သည် မူလခန့်မှန်းခြေလျာထားချက်ကို ပြည့်မီအောင် အခွန်အကောက်များ စည်းကြပ်နိုင်ခဲ့ခြင်းမရှိကြောင်းကို တွေ့ရှိရပါကြောင်း။
ယစ်မျိုးခွန်တွင် မြို့နယ်များမှ အခွန်ခန့်မှန်းခြေစာရင်း ရေးဆွဲတင်ပြရာ၌ အမှန်တကယ်ကောက်ခံရမည့်ငွေထက် ပိုမိုခန့်မှန်းလျာထားခဲ့ခြင်းကြောင့် ရည်မှန်းချက်မပြည့်မီရ ခြင်းဟု ဖော်ပြထားပါကြောင်း၊ အဆိုပါအချက်ကိုကြည့်ပါ က အောက်ခြေရုံးက ခန့်မှန်းခြင်းကို အထက်ရုံးအသီးသီးက တာဝန်ရှိသူအသီးသီး၏ ပေါ့လျော့မှုကြောင့် အခွန်ရငွေ လျာထားချက် မှားယွင်းသွားခြင်းဖြစ်သည့်အတွက် ထိုကဲ့သို့ ဖြစ်ရပ်မျိုးမဖြစ်ရအောင် သက်ဆိုင်ရာ ဝန်ကြီးဌာနအနေ ဖြင့် ပြုပြင်ဆောင်ရွက်သွားရန် အကြံပြုအပ်ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။
ပြန်လည်သုံးသပ်ရန်လို
ပွင့်ဖြူမဲဆန္ဒနယ်မှ ဦးထွန်းထွန်းက မိမိတို့နိုင်ငံတွင် အခွန်စနစ်ကောင်းမွန်ရန်နှင့် အခွန်ယဉ်ကျေးမှု ထွန်းကား လာစေရန်အတွက် လက်ရှိကျင့်သုံးနေသောအခွန်စနစ် ကို အမြန်ဆုံးပြောင်းလဲနိုင်ရန် လိုအပ်ပါကြောင်း၊ လက်ရှိ အခွန်စနစ်၏အားသာချက် အားနည်းချက်များကို ပြန်လည် သုံးသပ်ရန် လိုအပ်ပါကြောင်း၊ လက်ရှိအခွန်စနစ်၏ အားနည်းချက်များမှာ အခွန်စီမံခန့်ခွဲရာတွင် စွမ်းဆောင် ရည် နိမ့်ကျခြင်း၊ အခွန်ထမ်းများ၏ လိုက်နာမှုအားနည်း ခြင်း၊ အခွန်ဆိုင်ရာမူဝါဒများ၊ ဥပဒေများ၊ လုပ်ထုံးလုပ်နည်း များ ခေတ်မမီခြင်း၊ ရှင်းလင်းပြတ်သားမှု မရှိခြင်းတို့ဖြစ်ပါ ကြောင်း၊ ယင်းအားနည်းချက်များကြောင့် အဂတိလိုက်စား မှုများရှိနေခြင်း၊ အခွန်နှင့် ဂျီဒီပီအချိုးနိမ့်ကျနေခြင်းတို့ ဖြစ်ပေါ်နေပါကြောင်း။
အခွန်စနစ် ပြုပြင်ပြောင်းလဲသည့် နေရာတွင် မဟာဗျူဟာ၊ နည်းဗျူဟာ၊ မျှော်မှန်းချက်၊ ရည်မှန်းချက် ပန်းတိုင်များကို စနစ်တကျချမှတ်ဆောင်ရွက်ရန် လိုပါ ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် အခွန်စနစ်အမြန်ဆုံး ကောင်းမွန်လာစေရေးနှင့် အခွန် ယဉ်ကျေးမှုပိုမိုကောင်းမွန်လာစေရေး ကြိုးစားဆောင်ရွက် နိုင်ပါရန် တိုက်တွန်းလိုပါကြောင်း ဆွေးနွေးသည်။
ယင်းကိစ္စတို့နှင့်စပ်လျဉ်း၍ တနင်္သာရီတိုင်းဒေသ ကြီး မဲဆန္ဒနယ် အမှတ်(၉)မှ ဦးကင်းရှိန်၊ ရှားတော မဲဆန္ဒနယ်မှ ဒေါ်ဝင့်ဝါထွန်း၊ ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်း လှိုင်နှင့် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်တို့က ဆက်လက်ဆွေးနွေးကြသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉမနေ့ကို ဖေဖော်ဝါရီ ၅ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။
အောင်ရဲသွင်၊ အေးအေးသန့်(သတင်းစဉ်)

No comments:

Post a Comment