Friday, February 1, 2019

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ရေရှည်အမြော်အမြင်

မြန်မာ့အလင်းအယ်ဒီတာအာဘော်


ယခုရက်ပိုင်းအတွင်း၌ အမေရိကန်ပြည်ထောင်စုမြောက်ပိုင်း ပြည်နယ် များတွင် ထူးထူးကဲကဲ အအေးလှိုင်းဝင်နေသည်ဟု သိရပါသည်။ အမေရိကန်မြောက်ပိုင်းပြည်နယ်များဖြစ်သော မီရှီဂန်၊ အီလီနွိုင်း၊ အင်ဒီ ယားနား၊ အိုဟိုင်းယိုး အစရှိသည့် ပြည်နယ်တော်တော်များများ အအေးဒဏ်ကို ခံနေရပါသည်။
သည်လောက်အေးသည့် အအေးဒဏ် စံချိန်တင်လောက်သည်ဟု လည်း ဆို၏။ နေ့လယ်ခင်း ၁၂း၀၀ နာရီတွင် အနုတ် ၃၀ ဒီဂရီမှသည် အနုတ် ၅၀ ဒီဂရီအထိ ကျဆင်းနေသည်ဟုလည်း သိရပါသည်။ ရေခဲမှတ်၏ အောက်များစွာကျဆင်းနေခြင်း ဖြစ်၏။ အီလီနွိုင်းပြည်နယ် ချီကာဂို မြို့တွင် ၀င်ရိုးစွန်းဒေသများနှင့် ဧ၀ရက်တောင်ထိပ်တို့ထက်ပင် ပိုအေး သည်ဟု ဆို၏။
နောက်ဆုံးသတင်းများအရဆိုလျှင် မီနီဆိုတာ ပြည်နယ်တွင် အနုတ် ၆၅ ဒီဂရီ ဖာရင်ဟိုက်အထိ ကျဆင်းသွားပြီး အိမ်တွင်းမှ အပြင်သို့ ထွက်သူ များအတွက် အလွန်အန္တရာယ်များသော အခြေအနေ ဖြစ်ပါသည်။ ချီကာဂိုမြို့နေ အိမ်ခြေရာခြေမဲ့များ အိမ်တွင်း အပူပေးစနစ်မရှိသူများ အတွက် အစိုးရက အရေးပေါ်ခိုလှုံရာများ ၂၄ နာရီ စီစဉ်ပေးနေရသည်။ ဒါဇင်ခန့် လမ်းပေါ်သေဆုံးသည်ဟုလည်း ဆိုသည်။
ဤမျှလောက်အေးသည့်အတွက် ကျောင်းများပိတ်၊ ရုံးများပိတ်၊ ဆိုင်များပိတ်၏။ မီးရထားခရီးစဉ်များ၊ လေယာဉ်ခရီးစဉ်များ ရပ်ဆိုင်း ထားရ၏။
မြောက်ဝင်ရိုးစွန်းကလာသည့် အအေးလှိုင်းများက ကျိုးပေါက်ပြီး ထိုဒေသများဆီသို့ ရောက်လာသည်ဟု သိပံ္ပပညာရှင်များက ဆို၏။
အဓိကကတော့ ရာသီဥတု ဖောက်လွဲဖောက်ပြန်ဖြစ်ခြင်း ဖြစ်ပါ သည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၏ အရေးပါမှု၊ လူတို့ သတိထား ကြဖို့ စသည်တို့ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပညာရှင်တို့က သတိပေးနေသည်မှာ ကြာမြင့်လှပြီဖြစ်သော်လည်း မသိကျိုးကျွံမှုများ များပြားနေခဲ့ခြင်းတို့ကြောင့် ယခုကဲ့သို့သော ကမ္ဘာမြေတစ်လွှားက အပူလွန် အအေးလွန် မမျှတမှုများ ရေခန်းခြောက်မှု၊ ရေကြီးရေလျှံ ဖြစ်မှုစသည့် ဂေဟစနစ် မမျှတမှုများက လူမှုအဖွဲ့အစည်းတစ်ရပ်လုံးကို သတိပေးနေပြီ ဖြစ်သည်။
တစ်နည်းဆိုရသော် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ အလေးအနက်မထားဖို့ မဖြစ်နိုင်တော့ဟူသည့် သတင်းစကား ဖြင့် ကမ္ဘာ့ဒေသများအားလုံးကို သတိပေးနေသည့် သဘာဝဘေး အန္တရာယ်အချက်ပေးခေါင်းလောင်းဟု ဆိုရပါမည်။
အထူးသဖြင့် ငွေရေးကြေးရေး အမြတ်ထွက်ရေး လောဘဇောတို့က ဦးဆောင်လာသည့်အခါတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုသည် ကို နောက်တန်းပို့လာကြသည့် ပြဿနာသည် အရင်းခံအကြောင်းတရား တစ်ခုအနေဖြင့် ရှိမည်ဟု ယူဆပါသည်။
ကမ္ဘာလုံးဆိုင်ရာ ပြဿနာဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် လည်း အထူးသတိထားကြရန်လိုပါမည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးအနက်မထားဘဲ ဖြစ်သလို လုပ်ခဲ့ကြသည်များ၏ အကျိုးဆက် များက အချိန်မရွေး ရောက်လာနိုင်သည်ဖြစ်၏။ နာဂစ်မုန်တိုင်း၊ မြစ်ရေ ကြီးခြင်း စသည်တို့က သဘာဝပတ်ဝန်းကျင်နှင့် အဆက်အစပ်ရှိသော အကျိုးဆက်များ ဖြစ်ပါသည်။
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုအနည်းနှင့် အများဆိုသလို ရှိတတ်ပေရာ မဖြစ်မနေ ဆောင်ရွက်ကြရမည့် ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သဘာဝပတ်ဝန်းကျင် တို့အကြား မျှခြေတစ်ရပ်ကို ဖော်ဆောင်နိုင်ရန် မူဝါဒရေးဆွဲသူများ၊ အကောင်အထည်ဖော်ရန် အဆုံးအဖြတ်ပေးကြရမည့်သူများအနေဖြင့် နိုင်ငံအတွက် မည်သည်က ပိုအရေးကြီးသည်၊ မည်သည်က ဦးစားပေး ဖြစ်သည် ဆိုသည်တို့ကို အလေးအနက်ထားကာ ရေရှည်မြော်မြင် တွက်ချက် ဆုံးဖြတ်နိုင်မည်ဟု မျှော်လင့်ယုံကြည်ထားပါကြောင်း။ ။

No comments:

Post a Comment