Sunday, January 6, 2019

တိုင်းဒေသကြီးဝန်ကြီးချုပ် မင်းဘူးမြို့တွင် နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာဖွင့်ပွဲ တက်ရောက်အမှာစကားပြောကြား
Image may contain: 1 person, standing and on stage
မင်းဘူး ဇန်နဝါရီ ၅
ဆောက်လုပ်ရေးဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန နိုင်ငံ့ဝန်ထမ်း အငှား အိမ်ရာဖွင့်ပွဲကို မင်းဘူးမြို့ အမှတ်(၄)နယ်မြေ တမာတန်းရပ်ကွက်တွင် ဇန်နဝါရီ ၄ ရက် နံနက် ၈ နာရီ က ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို တက်ရောက်အမှာစကားပြောကြား သည်။
ဖွင့်ပွဲအထိမ်းအမှတ်ဖဲကြိုးကို တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွမ်းရည်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ငွေ၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသူရိန်တို့က ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ ဖွင့်ပွဲ အခမ်းအနားအထိမ်းအမှတ်အဖြစ် နိုင်ငံ့ဝန်ထမ်း အိမ်ရာ ဝင်းအတွင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စား လှယ်များက သစ်ပင်များ စိုက်ပျိုးခဲ့ကြသည်။
ဆက်လက်၍ ဒုတိယပိုင်းအခမ်းအနားကို နိုင်ငံ့ဝန်ထမ်းအိမ်ရာ ဧည့်ခန်းမတွင် ကျင်းပရာ မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက "နိုင်ငံ့ ဝန်ထမ်းများနှင့် အများပြည်သူတို့ နေထိုင်မှု အဆင့်အတန်း မြင့်မားတိုးတက်လာစေရန်နှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် ဆောက်လုပ် ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဝန်ထမ်းများနှင့် အများပြည်သူတို့အတွက် တန်ဖိုးနည်း၊ တန်ဖိုးလတ်၊ တန်ဖိုးမြင့် အရောင်းအိမ်ရာများအပြင် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေနှင့် ဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာနှင့် နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာတို့ကို စဉ်ဆက်မပြတ်နှစ်စဉ် တည်ဆောက် အကောင် အထည်ဖော်ဆောင်ရွက်ပေး လျက်ရှိပါတယ်၊ မကွေးတိုင်းဒေသကြီးအတွင်းမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် မကွေးမြို့ ကမ်းနားလမ်း အငှားအိမ်ရာ စီမံကိန်းမှာ ရှစ်ခန်းတွဲ ငါးထပ်အဆောက်အအုံ သုံးလုံး၊ အခန်းပေါင်း ၁၂၀ ကို တည်ဆောက်ပေးနိုင်ခဲ့ပြီး နေထိုင်ရေး အခက်အခဲရှိသည့် ဝန်ထမ်းများကို နေရာချ ထားပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ မကွေး၊ ရေနံချောင်း၊ ချောက်နှင့် တောင်တွင်းကြီး မြို့နယ်တို့တွင် အခန်းပေါင်း ၄၆ ခန်းစီပါဝင်သည့် ရှစ်ခန်းတွဲ ခြောက်ထပ် ဝန်ထမ်းအိမ်ရာ လေးလုံးကို တည် ဆောက်ပြီး နေအိမ်အခက်အခဲရှိသည့် ဝန်ထမ်းများကို နေရာချထားပေးနိုင်တော့မှာ ဖြစ်ပါတယ်၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ထပ်မံ၍ အစိုးရအဖွဲ့ အခွန်ပိုလျှံရန်ပုံငွေကျပ် သန်း ၁၈၀၀ မတည်ခဲ့ပြီး လိုအပ်သည့်ငွေကို ၂၀၁၈ခုနှစ် မီနီဘတ် ဂျက်မှာ ထည့်သွင်းတောင်းခံခဲ့ရာ အခန်းပေါင်း ၄၇ ခန်းပါဝင်သည့် ရှစ်ခန်းတွဲ ခြောက်ထပ် ဝန်ထမ်းအိမ်ရာ သုံးလုံးကို ပခုက္ကူမြို့၊ မင်းဘူးမြို့နှင့် သရက်မြို့တို့တွင် တည်ဆောက်အကောင်အထည်ဖော်ပေးနိုင်ခဲ့ရာ ယခုအခါ မင်းဘူးမြို့မှာ တည်ဆောက်သည့် နိုင်ငံ့ဝန်ထမ်းအငှား အိမ်ရာ အခန်းပေါင်း ၄၇ ခန်းအား ဝန်ထမ်း များကို နေရာချထားနိုင်တော့မှာဖြစ်သလို မကြာခင်မှာလည်း ပခုက္ကူမြို့နှင့် သရက်တို့မှာလည်း နေရာချ ထားပေး နိုင်တော့မှာ ဖြစ်ပါတယ်"ဟု အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသူရိန်က အဆောက်အအုံနှင့် သက်ဆိုင် သော အချက်အလက်များနှင့် စည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက အဆောက်အအုံအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရ သည်။
အဆိုပါ နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာသည် မင်းဘူးမြို့ အမှတ်(၄) နယ်မြေ တမာတန်းရပ်ကွက် မင်းဘူး- အမ်း လမ်းတွင်တည်ရှိပြီး မကွေးတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ခွင့်ပြုဘဏ္ဍာငွေကျပ် ၉၄၀ ဒသမ ၅၀၀ သန်းဖြင့် ရှစ်ခန်းတွဲ ခြောက်ထပ် RC အဆောက်အအုံကို Royal International Engineering& Construction Co.,Ltd. တာဝန်ယူဆောက်လုပ်ခြင်းဖြစ်ကြောင်း သိရ သည်။
မျိုးမြတ်(မင်းဘူး)

No comments:

Post a Comment