Sunday, January 6, 2019

ဆွာရွာမ-ငါးကြီးကွေ့စစ်တောင်းမြစ်ကူးတံတား တည်ဆောက်မည့်သတင်း ဒေသခံများဝမ်းမြောက်
Image may contain: sky, ocean, outdoor, nature and water
ရေတာရှည် ဇန်နဝါရီ ၅
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် စစ်တောင်း မြစ်အရှေ့ဘက်ကမ်းဒေသများတွင် မှီတင်းနေထိုင် ကြသူများအတွက် လမ်းပန်းဆက်သွယ်မှု ခက်ခဲလျက်ရှိရာ ဆွာမြို့နှင့်ဆက်သွယ်သွားလာနိုင်သော ငါးကြီး ကွေ့- ဆွာရွာမလမ်းပိုင်း၌ စစ်တောင်းမြစ်ကူးတံတားတစ်စင်း ထပ်မံတည်ဆောက်ပေးသွားမည်ဖြစ်၍ ဒေသ ခံများ ဝမ်းမြောက်ဝမ်းသာဖြစ်လျက်ရှိသည်။
"ဇန်နဝါရီ ၁ ရက်က တိုင်းဒေသကြီးဝန်ကြီးချုပ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းအထိ ရောက်လာပြီး ဒေသခံပြည်သူတွေနဲ့တွေ့တယ်။ ဒေသတွင်းအခက်အခဲ ရှိတာတွေတင်ပြခိုင်းတော့ လမ်းပိုင်းတွေ ရာသီမရွေး သွားလာနိုင်ဖို့ မြစ်ကူးတံတား တည်ဆောက်နိုင်ရေး တင်ပြတဲ့အခါမှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ တည် ဆောက်ပေးမယ်ဆိုတော့ အားလုံးဝမ်းသာရပါ တယ်"ဟု ပိတောက်ကုန်းကျေးရွာအုပ်စု ရွာသစ်ကျေးရွာ နေသူတစ်ဦးက ပြောသည်။ ပိတောက်ကုန်း ကျေးရွာအုပ်စု၊ ခင်တန်းကြီးကျေးရွာအုပ်စု၊ နဂျပ်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများမှာ ယခုလမ်းပိုင်းမှပင် နေ့စဉ် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ကိစ္စ ရပ်များဖြင့် သွားလာလျက်ရှိကြပြီး မြစ်ကူး ကူးတို့မှသာ သွားလာကြရသည့်အတွက် စောင့်ဆိုင်းရသည့် အချိန်၊ ငွေကြေးကုန်ကျမှုများရှိသည့်အပြင် ညပိုင်းဆေးရုံ၊ ဆေးခန်းသို့သွားလာရာ၌ အခက်အခဲများ စွာကြုံတွေ့ နေရကြောင်း သိရသည်။
" ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ တံတားတည် ဆောက်ဖို့လုပ်ငန်းတွေစတင်မယ်။ အခုမြစ်ကူး ကူးတို့ နေရာကနေ အထက်ဘက်နည်းနည်းကျမယ်။ အခုနေရာ က ကမ်းစားတာတွေလည်းရှိတယ်"ဟု မြို့နယ်အုပ်ချုပ် ရေးမှူး ဦးမင်းနိုင်အောင်က ပြောကြားသည်။
စစ်တောင်းမြစ်အရှေ့ဘက်ကမ်းဒေသ ကျေးရွာများ ဖြစ်သော ခင်တန်းကြီး၊ ကျိပ္ပတီး၊ ဆွာရွာမ၊ ပိတောက်ကုန်း၊ ကျွန်းကုန်း၊ နဂျပ်၊ ရွာသစ်၊ ကူးတို့ဆိပ်နှင့် မြောင်းတူး အစရှိသော ကျေးရွာများသည် ဆွာမြို့သို့ သွားရောက် သည့်အခါ ဆွာရွာမကျေးရွာချင်းဆက်လမ်းမှ စစ်တောင်း မြစ်ကိုဖြတ်ကူး၍ ငါးကြီးကွေ့မှတစ်ဆင့် ဆွာမြို့သို့ သွားလာနေကြရပြီး စစ်တောင်းမြစ်ကူးတံတား တည်ဆောက်ပြီးစီးသွားပါက အချိန်မရွေးသွားလာနိုင် တော့ မည်ဖြစ်ပြီး ဒေသတွင်း၌ များစွာဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည်။
ကိုလွင်(ဆွာ)

No comments:

Post a Comment