(၁၈)ကြိမ်မြောက် ရန်ကုန်မြို့တော်ဝန်ဖလား ပန်းမန်ပြပွဲ၊ ပြိုင်ပွဲ စတင်ကျင်းပ
(၁၈)ကြိမ်မြောက် ရန်ကုန်မြို့တော်ဝန်ဖလား ပန်းမန်ပြပွဲ၊ ပြိုင်ပွဲကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ကန်တော်ကြီး သဘာဝဥယျာဉ် မဟာမြိုင်ကျွန်း(မြေပဒေသာကျွန်း) ဆင်ဖြူတော်ရုပ်တုများအနီး၌ ယနေ့နံနက်ပိုင်းက စတင်ကျင်းပသည်။
ယင်းပြိုင်ပွဲကို ရန်ကုန်မြို့တော်စိမ်းလန်းသာယာရေးလုပ်ငန်းများတွင် ပြည်သူလူထု စိတ်ပါဝင်စားလာစေရန်၊ တစ်ဦးတစ်ယောက်၊ အဖွဲ့တစ်ဖွဲ့ချင်း စိမ်းလန်းစိုပြည်ရေးလုပ်ဆောင်မှုမှသည် ရန်ကုန်မြို့တော်အား ဥယျာဉ်မြို့တော်အဖြစ် တည်ဆောက်နိုင်စေရန်၊ အဆင့်မြင့် စိုက်ပျိုးရေးနည်းပညာများ ဖြန့်ဝေပေးနိုင်ရန်၊ မျိုးကောင်းမျိုးသန့်များ ပြန့်ပွားမျှဝေနိုင်စေရန်၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထုတ်လုပ်ခြင်းမှသည် စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် မိသားစု စီးပွားရေး၊ နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူဖြစ် စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
ဖွင့်ပွဲအခမ်းအနားအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးမောင်မောင်စိုး၊ မြန်မာနိုင်ငံ ပန်းဝါသနာရှင်အသင်းဥက္ကဋ္ဌ ဒေါက်တာစောလွင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ ကြပြီး မြို့တော်ဝန် ဦးမောင်မောင်စိုးက နှုတ်ခွန်းဆက်အမှာစကားပြောကြားကာ တာဝန်ရှိသူများနှင့်အတူ ပြခန်းများနှင့် ပြိုင်ပွဲဝင်အပင်များ၊ မြေယာရှုခင်းများ အား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
"ပန်းမန် ပြပွဲ၊ပြိုင်ပွဲကို ၁၉၉၆ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ၁၆ နှစ်ဆက် တိုက် ကျင်းပနိုင်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ခြောက်နှစ်တာ ရပ်နားခဲ့ရ တာကနေ ပြီးခဲ့တဲ့နှစ်မှာ (၁၇)ကြိမ်မြောက်နဲ့ အခု (၁၈)ကြိမ်မြောက် ပန်းမန် ပြပွဲ၊ ပြိုင်ပွဲကို အောင်အောင်မြင်မြင် ကျင်းပနိုင်အောင် ဆောင်ရွက်ပေးခဲ့ကြသူ အားလုံးကို ကျေးဇူးတင်ရှိပါတယ်။ အခုလို ပန်းမန် ပြပွဲ၊ပြိုင်ပွဲကျင်းပပေးခြင်း အားဖြင့် မြို့တော်နေပြည်သူတွေ အပန်းပြေ ဗဟုသုတတိုးစေတဲ့အပြင် ပန်းမန်နဲ့ပတ်သက်တဲ့ ဗဟုသုတတွေ၊ ပန်းပင်တွေကို ထိန်းသိမ်း ကာကွယ် လို စိတ်တွေ ရှင်သန်လာစေမှာဖြစ်ပါတယ်။ ပန်းအလှဆိုတာ လူတွေရဲ့စိတ်ကို ပျော့ပျောင်း နူးညံ့စေပါတယ်။ အဲလိုအပြုအမူတွေရရှိစေဖို့အတွက် ရန်ကုန် မြို့တော်စည်ပင်သာ ယာရေးကော်မတီက မြန်မာနိုင်ငံ ပန်းဝါသနာရှင်အသင်း၊ မိတ်ဖက်ပန်းအသင်းတွေနဲ့ ပူးပေါင်းပြီး နှစ်စဉ်ကျင်းပသွားဖို့ရှိပါတယ်"ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။
ယခုကျင်းပလျက်ရှိသည့် (၁၈)ကြိမ်မြောက် ရန်ကုန်မြို့တော်ဝန်ဖလား ပန်းမန်ပြပွဲ၊ ပြိုင်ပွဲတွင် အမျိုးအစား ၁၃ မျိုး ပါဝင်ယှဉ်ပြိုင်နိုင်အောင် စီစဉ် ဆောင်ရွက်ထားပြီး ပြခန်းဆိုင်ခန်းပေါင်း ၅၁ ခန်း ပြသလျက်ရှိကာ ဇန်နဝါရီ ၁၈ ရက်မှ ၂၂ ရက်အထိ ငါးရက်တိုင်တိုင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုကျင်းပလျက်ရှိသည့် (၁၈)ကြိမ်မြောက် ရန်ကုန်မြို့တော်ဝန်ဖလား ပန်းမန်ပြပွဲ၊ ပြိုင်ပွဲတွင် အမျိုးအစား ၁၃ မျိုး ပါဝင်ယှဉ်ပြိုင်နိုင်အောင် စီစဉ် ဆောင်ရွက်ထားပြီး ပြခန်းဆိုင်ခန်းပေါင်း ၅၁ ခန်း ပြသလျက်ရှိကာ ဇန်နဝါရီ ၁၈ ရက်မှ ၂၂ ရက်အထိ ငါးရက်တိုင်တိုင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ မြန်မာနိုင်ငံ ပန်းဝါသနာရှင်အသင်းအနေနဲ့ ဒီပွဲကြီး အောင်မြင်စွာကျင်းပနိုင်ဖို့အတွက် ဝိုင်းဝန်း ကူညီလုပ်ဆောင်ပေးခဲ့ပါတယ်။ မနှစ်က ဆိုင် ၃၀ ပြသပြီး ဒီနှစ်မှာ ၅၁ ဆိုင်ရှိလို့ ဒီနှစ်က ပိုစည်တယ်လို့ပြောလို့ ရပါတယ်။ ဒါ့အပြင် မနှစ်ကလိုမဟုတ်ဘဲ ဒီနှစ်မှာ အမိုးအကာတွေလုပ်ထား တဲ့အတွက်ကြောင့် ပန်းတွေကို ပြပွဲရက်အားလုံးမှာ ခင်းကျင်းပြသသွားမှာ ဖြစ်ပါတယ်။ အခုပြိုင်ပွဲမှာ ရန်ကုန်တင်မကဘဲ နယ်ကလည်း လာပြိုင်တာရှိပါ တယ်။ ဒါ့အပြင် သက်ကြီးပုပင်(Bonsai)ပြိုင်ပွဲမှာ မြန်မာပြည်က ပညာရှင် တွေအပြင် မလေးရှားက ပညာရှင်တစ်ယောက်က လာရောက်အကဲဖြတ် ပေးပါတယ်။ သူက မြန်မာနိုင်ငံက Bonsai စိုက်သူတွေရဲ့အကူအညီနဲ့ ဒီနေ့နဲ့ မနက်ဖြန်မှာ Open Workshop နဲ့ သစ်သီးအလှဆင်တာတွေကို ပြုလုပ် သွားဖို့ရှိပါတယ်။ ရန်ကုန်မြို့ကြီးကို Green City ဖြစ်အောင် ကြိုးစားလုပ်ဆောင်တဲ့နေရာမှာ အစိုးရချည်းပဲ လုပ်လို့မဖြစ်နိုင်ပါဘူး။ ပြည်သူလူထု ကိုယ်တိုင် ပါဝင်လုပ်ဆောင်မှရမှာပါ။ ကိုယ်တိုင်စိုက်၊ ကိုယ်တိုင် စောင့်ရှောက် အဲလိုမျိုးတွေလုပ်ကြဖို့ လိုပါတယ်။ ကိုယ်တိုင်မစိုက်နိုင်ရင်တောင်မှ ရှိပြီးသား တွေကို မနှောင့် ယှက် မဖျက်ဆီးသင့်ပါဘူး"ဟု မြန်မာနိုင်ငံ ပန်းဝါသနာရှင် အသင်းဥက္ကဋ္ဌ ဒေါက်တာစောလွင်က ပြောသည်။
၁၉၉၆ ခုနှစ်တွင် စတင်ကျင်းပခဲ့သည့် မြို့တော်ဝန်ဖလား ပန်းမန် ပြပွဲ၊ပြိုင်ပွဲ များကို လွတ်လပ် ရေးနေ့ အထိမ်းအမှတ်နှင့်အတူ ကျင်းပခဲ့ပြီး အပင်မှသီးလျှင် အသီး၊ အနွယ်မှသီးလျှင် ၀လံနှင့် ပင်စောက်မှပွင့်လျှင်ပန်း၊ အနွယ်မျိုးမှပွင့်လျှင် မာလ(ခေါ်) မန်တို့ကို စုပေါင်း၍ သစ်သီးဝလံပန်းမန် ပြပွဲ၊ ပြိုင်ပွဲအဖြစ် ကျင်းပခဲ့ကြောင်း၊ ခြောက်နှစ်တာ အဆက်ပြတ်ခဲ့ပြီးနောက် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်နှင့် ယခု ၂၀၁၉ ခုနှစ်တို့တွင် ပန်းမန် ပြပွဲ၊ ပြိုင်ပွဲအဖြစ် ကျင်းပရာမှ လာမည့်နှစ်တွင် သစ်သီးဝလံပန်းမန် ပြပွဲ၊ ပြိုင်ပွဲအဖြစ် ကျင်းပနိုင်ရန်ရည်ရွယ် ထားကြောင်း သိရသည်။
သတင်း-ကိုထက်
ဓာတ်ပုံ-ရာမည
ဓာတ်ပုံ-ရာမည
No comments:
Post a Comment