ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် နယ်စပ်ဒေသလေ့လာရေးအဖွဲ့ဝင်များအား တွေ့ဆုံ နှုတ်ဆက်
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည် ဖော်ရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၏ ဖိတ်ကြား ချက်အရ နေပြည်တော်တွင် ရောက်ရှိနေသော နယ်စပ်ဒေသအသီးသီးမှ လေ့လာရေးအဖွဲ့များဖြစ်ကြသော ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်၊ ချင်းရွှေဟော်နှင့် ကုန်းကြမ်း ဒေသမှ ဒေသခံ ၃၀ ၊ ကယားပြည်နယ် ဟိုယာ၊ ဘီယာဒေသမှ ဒေသခံ ၃၀၊ ကရင်ပြည်နယ် သံတောင်ကြီး၊ ဖာပွန်ဒေသများမှ ဒေသခံ ၃၀၊ ချင်းပြည်နယ် ဖလမ်းမြို့နယ်နှင့် ဟားခါးမြို့နယ်များမှ ဒေသခံ ၃၀၊ ရခိုင်ပြည်နယ် ရမ်းဗြဲ မြို့နယ်၊ မာန်အောင်မြို့နယ်၊ မြေပုံမြို့နယ်နှင့် ကျွန်းသာယာဒေသမှ ဒေသခံ ၃၀ စုစုပေါင်း ၁၅၀ တို့အား ယနေ့ည နေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးက ယင်းဝန်ကြီးဌာန စုပေါင်းခန်းမ၌ တွေ့ဆုံနှုတ်ဆက်သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က ဂုဏ်ပြု နှုတ်ဆက်စကားပြောကြားရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ် ဒေသများတွင် နေထိုင်ကြသော တိုင်းရင်းသားလူ ငယ်မောင်မယ် များကို နေပြည်တော်သို့ ဖိတ်ခေါ်၍ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်နေမှုများကို မျက်ဝါး ထင်ထင် လေ့လာတွေ့ရှိပြီး လေ့လာရေးခရီးစဉ်မှရရှိသည့် အတွေ့အကြုံကောင်း များကို မိမိတို့၏ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအား အရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ထိရောက်စွာ ပြန်လည်အသုံးချနိုင်ရန်နှင့် တစ်အူထုံ့ဆင်း ညီရင်းအစ်ကို၊ မောင်ရင်းနှမများပမာ တစ်ဦးနှင့်တစ်ဦး အပြန် အလှန်လေးစားမှု၊ ချစ်ခင်မှု၊ ယုံကြည်မှုတို့ဖြင့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ပွားများခိုင်မာလာစေရန် ရည်ရွယ်ဆောင်ရွက် ပေးခြင်း ဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် ပြည်ထောင်စုကြီးအတွင်း အကြားအလပ်မရှိ ညီညွတ်မျှတသည့်အကျိုး ကို ခံစားရရှိအောင် ဆောင်ရွက်ပေးကြရမှာဖြစ်ကြောင်း၊ မတူကွဲပြားမှုများကို အခြေခံ၍ တိုင်းပြည်အင်အားရရှိရန်၊ တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရန် ဆောင်ရွက် သွားရမှာဖြစ်ကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ဝေးလံခေါင် သီပြီး ဆက်သွယ်သွားလာရေးခက်ခဲသည့် နယ်စပ်ဒေသပြည်သူလူထု၏ လူမှုစီးပွား ဘ၀ တိုးတက်ရေးအတွက် နှစ်တို၊ နှစ်ရှည်စီမံကိန်းများရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးသည် တည်ငြိမ် အေးချမ်းမှုရှိခြင်းနှင့် အပြန်အလှန်ဆက်နွှယ်နေသဖြင့် နိုင်ငံတော်အစိုးရ အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အထူးအလေးအနက်ထားပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်စပ် ဒေသတွင်နေထိုင်ကြသော ပြည်သူ လူထုအနေဖြင့်လည်း တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရရှိရေး လုပ်ငန်းစဉ်များတွင် ကျရာအခန်းကဏ္ဍမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း။
ယနေ့ကမ္ဘာမှာ မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှု၊ သုံးစွဲမှုတို့ မြင့်မားလာပြီး စိန်ခေါ်မှုများ စွာနှင့် ကြုံတွေ့နေရသလို မိမိတို့နိုင်ငံ အနေဖြင့်လည်း မူးယစ်ဆေးဝါးပြဿနာ ကြီးမားကျယ်ပြန့်လာတာကို အားလုံးသိရှိကြပြီးဖြစ်ကြောင်း၊ နယ်စပ်ဒေသနေ လူငယ်များအနေဖြင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးကို သိရှိနား လည်ပြီး ကိုယ်တိုင်ပါဝင်ပတ်သက်မှု မရှိကြစေရေးနှင့် မူးယစ်ဆေးဝါးပပျောက်ရေးအတွက် အမျိုးသား ရေး တာဝန် တစ်ရပ်သဖွယ် ဝိုင်းဝန်းကာကွယ်စောင့်ရှောက်သွားကြရန် တိုက်တွန်းမှာကြား သည်။
ဆက်လက်၍ အစီအစဉ်အရ လေ့လာရေးအဖွဲ့ဝင်များကိုယ်စား တိုင်းရင်း သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး လေ့လာရေးအဖွဲ့ဝင် များက ၎င်းတို့၏ ရိုးရာအကများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်
No comments:
Post a Comment