Saturday, January 19, 2019

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့တက်ရောက်
=======================================
ရခိုင်ပြည်နယ်၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လူ့အဖွဲ့အစည်း များအကြား
သဟဇာတဖြစ်ရေးနှင့် ပြန်လည်သင့်မြတ်ရေးတို့အတွက် မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ဆက်လက်ထောက်ခံအားပေး
Image may contain: one or more people and indoor
နေပြည်တော် ဇန်နဝါရီ ၁၈
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၇ ရက်မှ ၁၈ ရက်အထိ ကျင်းပသည့်အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ယနေ့ည နေပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည်။
အမြင်ချင်းဖလှယ်
ပြည်ထောင်စုဝန်ကြီးသည် ဇန်နဝါရီ ၁၇ ရက်တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Mr. Don Pramudwinai က တည်ခင်းဧည့်ခံသည့် အလုပ်သဘောညစာစားပွဲ သို့လည်းကောင်း၊ ဇန်နဝါရီ ၁၈ ရက်တွင်ကျင်းပသည့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့လည်းကောင်း အခြားအာဆီယံအဖွဲ့ဝင် နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့်အတူ တက်ရောက်ခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေး၌ ၂၀၁၉ ခုနှစ်တွင်အာဆီယံအလှည့် ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်မည့် ထိုင်းနိုင်ငံ၏ ဦးစားပေး လုပ်ငန်းစဉ်များနှင့် ထိုင်းနိုင်ငံတွင်တည်ထောင်မည့် အာဆီယံ ဗဟိုဌာနများနှင့် ပတ်သက်၍လည်းကောင်း၊ အာဆီယံအသိုက်အဝန်းမျှော်မှန်းချက်(၂၀၂၅)နှင့် ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (၂၀၃၀)တို့အကြား အပြန်အလှန်အကျိုးပြုခြင်းကို တိုးမြှင့်စေမည့် အစီအစဉ်များကိုလည်းကောင်း၊ အာဆီယံအသိုက်အဝန်းတည်ထောင်ရေးနှင့်ပတ်သက်၍ (၃၄)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်မှုများ၊ အာဆီယံ၏ပြင်ပဆက်ဆံရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များကိုလည်း ကောင်း ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြသည်။
အလုပ်သဘောညစာစားပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ကရခိုင်ပြည်နယ်အရေးကိစ္စနှင့်စပ်လျဉ်း၍ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို အလွတ်သဘောရှင်းလင်းပြောကြားခဲ့သည်။ ပြည်ထောင် စုဝန်ကြီး သည် နေရပ်စွန့်ခွာသူများ ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ်တွင် အာဆီယံမှ ပံ့ပိုးကူညီပူး ပေါင်းဆောင်ရွက်မှုများမြှင့်တင်သွားရေးနှင့်ပတ်သက်၍ အခြားအာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် ခင်မင် ရင်းနှီးစွာ ဆွေးနွေးမှုများပြုလုပ် ခဲ့သည်။
ရှင်းလင်းပြောကြား
ပြည်ထောင်စုဝန်ကြီးက (၃၃)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ ဆွေးနွေးဆုံးဖြတ်ချက်များကို ဆက်လက်အကောင်အထည်ဖော်ရာတွင် အာဆီယံအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဘေး အန္တရာယ် စီမံခန့်ခွဲမှုနှင့်ပတ်သက်သည့် အာဆီယံ၏ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ညှိနှိုင်းမှုဌာန(AHA Centre)ကစေလွှတ်မည့် လိုအပ်ချက် ဆန်းစစ်လေ့လာရေးအဖွဲ့၏ လုပ်ငန်းလမ်းညွှန်(TOR )ကို အတည်ပြုနိုင်ခဲ့ခြင်း၊ လိုအပ်ချက်ဆန်းစစ်လေ့လာရေးအဖွဲ့မှ ကနဦးလိုအပ်ချက်ဆန်းစစ်လေ့လာ ခြင်းနှင့် အလုံးစုံလိုအပ်ချက် ဆန်းစစ်လေ့လာခြင်းတို့ကို ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကိုအသိပေးပြောကြားခဲ့ပြီး AHA Centre အနေဖြင့် မြန်မာနိုင်ငံ၏ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားစွမ်းရည်ဖွံ့ဖြိုးရေး အစီ အစဉ်များနှင့် နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်နိုင်မည့် အလားအလာများအပြင် နေရပ်ပြန် ပို့ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ရခိုင် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် အာဆီယံကကူ ညီပံ့ပိုးပေးနိုင်မည့် နယ်ပယ် များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။ ထို့ပြင် ပြည်ထောင်စု ဝန်ကြီးက နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးအတွက် နှစ်နိုင်ငံ သဘော တူညီချက်နှင့်အညီ မြန်မာနိုင်ငံဘက်မှ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံး (UNHCR)နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်
(UNDP)တို့အကြား လက်မှတ် ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာအား အကောင်အထည်ဖော်ရာတွင် ဖြစ်ပေါ်တိုးတက်မှုများနှင့် လွတ်လပ်သောစုံ စမ်းစစ်ဆေးရေးကော်မရှင်၏ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း ပြောကြားသည်။
ထောက်ခံအားပေး
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးအပြီးတွင်အာဆီယံဥက္ကဋ္ဌ၏ သတင်းထုတ် ပြန်ချက်ကို ထုတ်ပြန်ခဲ့ရာ အဆိုပါသတင်း ထုတ်ပြန်ချက်တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် အာဆီ ယံ၏ အခန်းကဏ္ဍ အရေးပါမှုကို သဘောတူညီကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး လိုအပ်ချက်ဆန်းစစ် လေ့လာရေး အဖွဲ့၏လုပ်ငန်းလမ်းညွှန် (TOR)ကို အာဆီယံ အတွင်းရေးမှူးချုပ်၏ခရီးစဉ်အတွင်း အတည်ပြုနိုင် ခဲ့ခြင်းကို ကြိုဆိုကြောင်း၊ မြန်မာနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ဆိုင်ရာအစီ အစဉ် များကို ဆက်လက်ထောက်ခံကြောင်း၊ ရခိုင်ပြည်နယ် စဉ်ဆက်မပြတ် ဟန်ချက်ညီညီဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်းပါဝင်မှုတိုးမြှင့်ရန် သဘောတူညီကြောင်း၊ ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်းများ အားလုံး၏ ဘေးကင်း လုံခြုံ ရေးအတွက် လုံခြုံရေးအစီအမံများကို အတတ်နိုင်ဆုံး ထိထိရောက်ရောက် ဆောင်ရွက်ရန် မြန်မာအစိုးရ၏ ကတိကဝတ်ပြုခြင်းကို ကြိုဆိုကြောင်း၊ ရခိုင်ပြည်နယ်၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ လူ့အဖွဲ့အစည်းများအကြား သဟဇာတဖြစ်ရေးနှင့် ပြန်လည်သင့်မြတ် ရေးတို့အတွက် မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ဆက်လက် ထောက်ခံအားပေးကြောင်း ဖော်ပြပါရှိသည်။
ယခုအစည်းအဝေးသည်၂၀၁၉ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ထမ်းဆောင်မည့် ထိုင်းနိုင်ငံ၏ လက်ထက်တွင် ပထမဆုံးအကြိမ် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးဖြစ်ပြီး ယခုနှစ်အတွက်အာဆီယံဥက္ကဋ္ဌ၏ဆောင်ပုဒ်မှာ "စဉ်ဆက်မပြတ်တည်တံ့ဖို့ မိတ်ဖက်ဆက်ဆံရေး တိုးမြှင့်စို့"( (Advancing Partnership for Sustainability) ဖြစ်သည်။ ထိုင်းနိုင်ငံအနေဖြင့် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ထမ်းဆောင်မည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment