Thursday, January 3, 2019

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် နှစ်သစ်ကူးဓမ္မသဘင် (ဒုတိယနေ့) စည်ကား သိုက်မြိုက်စွာ ကျင်းပ
Image may contain: 1 person
ရန်ကုန် ဇန်နဝါရီ ၂
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် နှစ်သစ်ကူး တရားအလှူတော်ဓမ္မ သဘင် (ဒုတိယနေ့) အခမ်းအနား ကို ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်၌ ယနေ့ည ၇ နာရီခွဲက စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသထံမှ တရားနာပရိသတ်များ က ငါးပါးသီလခံယူဆောက်တည်ကြသည်။
ရိုသေစွာ နာယူကြည်ညို
ထို့နောက် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသက "ရင်ထဲမှ အမုန်းတရား ဖယ်ရှား ခြင်း" အမည်ရှိ တရားတော်အား ဟောကြားရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ တိုင်းဒေ သကြီးဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် တရားနာပရိသတ် နှစ်သိန်းခန့်က ရိုသေစွာ နာယူကြည်ညိုကြသည်။
နှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင် အခမ်းအနား ဥက္ကဋ္ဌ ဦးတင်ထွဋ်က "ဒီနေ့မှာတော့ ပရိသတ် ပိုများလာတယ်။ တစ်ကွင်းလုံးအပြည့် အနေအထားပါပဲ။ ကျွန်တော်တို့အနေနဲ့လည်း တရားနာပရိ သတ်တွေ အဆင်ပြေချောမွေ့စွာ သက်သောင့် သက်သာ တရားနာနိုင်ဖို့ စီစဉ်ပေးထားပါတယ်။ ရွှေတိဂုံစေတီ တော်ကြီးရဲ့ အရိပ်အာဝါသအောက်မှာ တရားနာခွင့်ရတာဟာ အလွန်ပီတိဖြစ်စရာ ကောင်းပါတယ်။ ဒီတရားပွဲကြီးဟာ မြန်မာနိုင်ငံ ရဲ့ ပုံရိပ်တစ်ခုလို့မြင်ပါတယ်"ဟု ပြောသည်။
ဖွဲ့စည်းဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နှစ်သစ်ကူး အလှူတော် ဓမ္မသဘင်အခမ်းအနားကို ၂၀၁၆ ခုနှစ်မှစတင် ကျင်းပခဲ့ရာ ယခုနှစ်သည် တတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။ထိုသို့ ကျင်းပ ရာတွင် တရားနာပရိသတ်များ အဆင်ပြေစေရန်အတွက် ဖိတ်ကြားရေး၊ ကြိုတင်နေရာချ ထားရေး၊ သယ်ယူ ပို့ဆောင်ရေး၊ လုံခြုံရေး၊ ကျန်းမာရေးအစရှိသည့် ဆပ်ကော်မတီ ၁၁ ခုကို ဖွဲ့စည်း ဆောင်ရွက်ထားကြောင်း သိရသည်။
ဒဂုံအရှေ့ပိုင်းမြို့နယ် (၁၂၀) ရပ်ကွက်မှ ဦးလှတင်က "စေတနာရှင်တွေရဲ့ ယာဉ်ကူညီမှုနဲ့ ဓမ္မမိတ် ဆွေတွေ စုပေါင်းပြီး လာခဲ့တာပါ။ အကြို/အပို့ယာဉ်တွေလည်း စီစဉ်ပေးထားတယ် လို့ သိရတယ်။
ဆေးဝါးစောင့်ရှောက်မှုတွေလည်းရှိတော့ အေးအေး ဆေးဆေး တရားနာလို့ရတာပေါ့။ တရားနာပရိ သတ်တွေအနေနဲ့ ဒီတရားပွဲကြီးကနေ လိမ္မာယဉ်ကျေးမှုတွေ ပိုရလာမယ်။ ဒေါသ၊ မောဟတွေ လျော့ နည်းသွားမယ်။ ဓမ္မအသိတွေလည်း ပွင့်သွားမယ်။ တိုင်းပြည်အတွက် အများကြီး အကျိုးရှိ တဲ့ပွဲပါ"ဟု ပြောသည်။
ကူညီဆောင်ရွက်ပေး
ကြည့်မြင်တိုင်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူးဦးလှမြင့်က မိမိတို့အနေဖြင့် ကျန်းမာရေး ကူညီစောင့် ရှောက်မှုများအပြင် ပရိသတ်များ အဆင်ပြေချောမွေ့မှုနှင့် စည်းကမ်းတကျရှိစေရန် ကူညီ ဆောင်ရွက် ပေးနေကြောင်း၊ ပရိသတ်များပြားမှုကြောင့် တိုးဝှေ့သွားရသဖြင့် အသက်အရွယ်ကြီးရင့်သည့် တရား နာပရိသတ်များအနေဖြင့် မူးဝေမှုများသာရှိကြောင်း ပြောသည်။
ပန်းဘဲတန်းမြို့နယ်မှ ဒေါ်နီနီစိန်က "အရင်နှစ် တွေတုန်းကလည်း သုံးရက်လုံး လာရောက်တရား နာခဲ့တယ်။ ဒီနေရာမှာ အခုလို တရားနာခွင့်ရတာဟာ ကုသိုလ်လည်း ရတယ်။ စိတ်ကြည်နူးမှုလည်း ခံစားရပါတယ်။ ဆရာတော် တွေရဲ့ မေတ္တာတရားတွေကြောင့် မြန်မာနိုင်ငံကြီး အေးချမ်းသွားလိမ့် မယ်လို့ ထင်ပါတယ်"ဟု ပြောသည်။
တရားနာပရိသတ်များ သွားလာမှု အဆင်ပြေလွယ်ကူ စေရန်အတွက် ခရိုင်လေးခုရှိ မြို့နယ်များ အလိုက် အခမဲ့ အကြို၊ အပို့ယာဉ်များကို စီစဉ်ပေးထားကြောင်း၊ စေတနာရှင်များကလည်း အခမဲ့ အငှားယာဉ်များနှင့် အတူ မီနီဘတ်စ်များဖြင့်လည်း ကူညီဆောင်ရွက်ပေးနေကြောင်း သယ်ယူပို့ ဆောင်ရေးဆပ်ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ကြွယ်က ဆိုသည်။
ပြန်လည်ဝေမျှ
ထိုသို့ဆောင်ရွက်ပေးမှုအနေဖြင့် အနောက်ပိုင်း ခရိုင်တွင်ပါဝင်သည့် မြို့နယ်များအတွက် တရား ဓမ္မသဘင် ကျင်းပရာအနီးရှိ အလုံလမ်းပေါ်ရှိ စုရပ်တွင်လည်းကောင်း၊ အရှေ့ပိုင်းခရိုင်တွင် ပါဝင်သော မြို့နယ်များအတွက် ရှင်စောပုလမ်း မီးပွိုင့်အနီးရှိ စုရပ်တွင်လည်းကောင်း၊ တောင်ပိုင်းခရိုင်တွင်ပါ ဝင်သော မြို့နယ်များအတွက် Summit Parkview Hotel အနီးရှိ စုရပ်တွင်လည်း ကောင်း၊ မြောက်ပိုင်း ခရိုင်တွင်ပါဝင်သည့် မြို့နယ်များအတွက် ပြည်လမ်းမိန်းဝင်ပေါက် စုရပ်တွင်လည်းကောင်း စီစဉ်ပေး ထားကြောင်း သိရသည်။
DSH သင်္ဘောကုမ္ပဏီမှ ကိုသူရဇော်က "သူငယ်ချင်း တွေနဲ့အတူ စေတနာ့ဝန်ထမ်းအနေနဲ့ ဒီတရားပွဲ ကြီးမှာ ကူညီဆောင်ရွက်ပေးတာပါ။ အလှူရှင်တွေလှူဒါန်းထားတဲ့ စတုဒိသာတွေကို တရားနာပရိ သတ်တွေကို ပြန်လည်ဝေ မျှပေးတာပါ။ အားလုံး စနစ်တကျနဲ့ အစဉ်ပြေချောမွေ့ သွားအောင် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြပါတယ်။ ဒီတရားပွဲကြီးကနေ ပြည်သူတွေအားလုံး တရားအသိတွေ သိမြင်ပြီး ကုသိုလ်ထူးတွေ ရလိမ့်မယ်လို့မြင်ပါတယ်"ဟု ပြောသည်။
ကျွေးမွေးဧည့်ခံ
ယနေ့ နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်သို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ပြည်သူများနှင့် ရန်ကုန်မြို့သို့ရောက်ရှိနေသည့် အနယ်နယ်အရပ်ရပ်မှ ပြည်သူများလည်း လာရောက် တရားနာယူကြပြီး တရားနာ ပရိသတ်များအား အလှူရှင်များအနေဖြင့် စတုဒိသာအလှူများဖြင့် ကျွေးမွေး ဧည့်ခံလျက်ရှိသည်။
တရားလာရောက်နာယူသူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင် မြို့နယ်အလိုက် လာရောက် တရားနာယူကြသူများနှင့်အတူ အကြို၊ အပို့ယာဉ်များပေါ်တွင် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့များက ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေး လျက်ရှိသည့် အပြင်တိုင်းဒေသကြီးရဲတပ်ဖွဲ့ အနေဖြင့်လည်း ပြည်သူများစိတ်အေးချမ်းသာစွာဖြင့် တရားနာယူ နိုင်ရန်အတွက် လုံခြုံရေး စီစဉ်ဆောင်ရွက်မှု များ ပြုလုပ်ထားကြောင်း သိရသည်။
ဟောကြားချီးမြှင့်သွားမည်
နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်အခမ်း အနားကို ဇန်နဝါရီ ၃ ရက်အထိ ည ၇ နာရီခွဲမှစ၍ သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ပထမနေ့တွင် နိုင်ငံတော်သံဃမ ဟာနာ ယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသက "ဘာကိုပေးလှူရမလဲ"အမည်ရှိ တရားတော်အား ဟောကြားခဲ့ပြီး တတိယနေ့ (ဇန်နဝါရီ ၃ ရက်)တွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရက တရားတော်များ ကို ဟောကြားချီးမြှင့်သွားမည်ဖြစ်သည်။
သတင်း- ရဲခေါင်၊ ဇော်ကြီး
ဓာတ်ပုံ- ရဲထွဋ်

No comments:

Post a Comment