Tuesday, January 1, 2019


မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ဆောင်ရွက်နေသူများ၏ ၂၀၁၉ ခုနှစ် ငြိမ်းချမ်းရေးမျှော်လင့်ချက်နှင့် နှစ်သစ်ဆုတောင်းစကား
ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း 
Image may contain: 1 person, sitting
(ဒုတိယဥက္ကဋ္ဌ)
ချင်းအမျိုးသားတပ်ဦး (VNF)
၂၀၁၉ ခုနှစ်ဟာ ကျွန်တော်တို့ တိုင်းပြည် အတွက် ငြိမ်းချမ်းတဲ့နှစ်၊ မင်္ဂလာနှစ်သစ်ဖြစ်ပါစေလို့ ဆုတောင်း ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့အားလုံး မျှော်လင့်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကြီး အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်။ ၂၀၁၉ ခုနှစ်မှာ အနည်းဆုံး ကျွန်တော်တို့အနေနဲ့ ဖက်ဒရယ်အခြေခံမူကို တော့ သဘော တူနိုင်လိမ့်မယ်လို့ မျှော်လင့် ပါတယ်။ အထူးသဖြင့် ဖက်ဒရယ်အခြေခံမူကို ကျွန်တော်တို့အားလုံး သဘော တူနိုင်ပြီဆိုရင် လွယ်သွားပါပြီ။ အဲဒီအတွက်လည်း အစိုးရဘက်ကကော ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အားလုံးဘက်ကကော ဝိုင်းပြီးတော့ကြိုးစားပေးဖို့ ကျွန်တော်မေတ္တာရပ်ခံ ပါတယ်။
ပြည်သူလူထု တစ်ရပ်လုံးကလည်း ဒီငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်နိုင်ဖို့ အတွက်၊ ဖက်ဒရယ်စနစ်ကို အခြေ ခံတဲ့ ဒီမိုကရေစီပြည်ထောင်စုကြီးကို ထူထောင်နိုင်ဖို့ အတွက်၊ နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်နေပြီ ဖြစ်တဲ့ ပြည်တွင်းစစ်ကြီး ချုပ်ငြိမ်းနိုင်ဖို့အတွက် အားလုံးဝိုင်းပြီး ဆုတောင်းကြရအောင်။ ဒါဟာ ကျွန်တော့်ရဲ့ နှစ်သစ် ငြိမ်းချမ်းရေး ဆုတောင်းချက်ဖြစ်ပါတယ်။
နိုင်ဟံသာ (ဒုတိယဥက္ကဋ္ဌ)
မွန်ပြည်သစ်ပါတီ (NMSP)
လာမယ့် ၂၀၁၉ နှစ်သစ်မှာ ကျွန်တော် တို့နိုင်ငံအတွင်း နှစ်ပေါင်း ၇၀ ကျော် ဖြစ်ပွားနေတဲ့ ပြည်တွင်း စစ်ကြီးရပ်စဲပြီး တစ်မြေတည်းနေ တစ်ရေတည်းသောက်ကြတဲ့ တိုင်းရင်းသား ညီအစ်ကိုများကြား အမုန်း တရားကင်းစင်ပြီး အတူတကွ ချစ်ကြည်ညီညွတ်စွာ ရေရှည် နေထိုင်သွားကြဖို့၊အမျိုးတန်းတူရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရှိတဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ပေါက်တည်ဆောက် နိုင်ပါစေ။ ပြည်သူတစ်ရပ်လုံး ကန့်သတ် ချုပ်ချယ်ခံရမှုများ ကင်းစင်ပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအပြည့်အဝရှိတဲ့ ဒီမိုကရေစီ နိုင်ငံ အမြန်ပေါ်ပေါက်တည်ဆောက်နိုင်ပါစေ။ မိမိတို့ မြို့ရွာအိုးအိမ်တွေကိုစွန့်ပြီး တောတောင်ထဲမှာ ပြေးလွှားပုန်း အောင်းနေကြရတဲ့ ပြည်တွင်းစစ်ဘေးဒုက္ခသည်များ အာမခံ ချက်ရှိရှိနဲ့ မိမိတို့မြို့ရွာများမှာ ပြန်လည် အခြေချနေနိုင်ကြပါစေ။ အိမ်နီးချင်းနိုင်ငံ အချို့ရဲ့နယ်စပ်ဒုက္ခသည်စခန်းတွေမှာ နှစ်ပေါင်းများစွာ မျက်နှာ ငယ်နဲ့ ခိုကပ်နေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာလည်း အာမခံချက်အပြည့်နဲ့ မိမိတို့မြို့ရွာကို ပြန်လာ နိုင်ကြပါစေ။ သူတစ်ပါးနိုင်ငံမှာ ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်ပြီး အလုပ်လုပ်နေကြရတဲ့ ကာယလုပ်သားအလုပ်ကြမ်း သမားတွေလည်း မိမိတို့ နိုင်ငံကို ပြန်လာပြီး အေးချမ်းစွာရပ်တည် လုပ်ကိုင်စားသောက်နိုင်ပါစေ။
စစ်မြေပြင်မှာ နိုင်ငံအတွက်၊ လူမျိုး အတွက် ဒုက္ခမျိုးစုံခံပြီး တိုက်ပွဲဝင်နေကြရတဲ့ မျိုးချစ်ပြည်ချစ် ရဲဘော်၊ အရာရှိများလည်း မိမိတို့မိသားစုနဲ့အတူ အေးချမ်းစွာ ပြန်လည် နေထိုင်နိုင်ကြပါစေ။ စီးပွားရေးအရ နှစ်ပေါင်း များစွာ အောက်ကျနောက်ကျ ဖြစ်နေရတဲ့ ဘ၀ကနေ ပြောင်းလဲပြီး သူတစ်ပါးနိုင်ငံတွေနဲ့ ရင်ပေါင်တန်းနိုင်တဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်အဖြစ်ကိုလည်း အစပျိုးပြောင်းလဲလာနိုင်ပါစေ။ ဒီလို နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ပြောင်းလဲမှုတွေကို ဖော်ဆောင်နိုင်ဖို့အတွက် ဦးဆောင်ကြတဲ့ အစိုးရ၊ တပ်မတော်၊ တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းများနဲ့ နိုင်ငံရေးပါတီများအကြား နားလည်မှု၊ ယုံကြည်မှု၊ သဘောတူညီမှု အမြန်ဆုံးရရှိနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
ဦးလှမောင်ရွှေ (အတွင်းရေးမှူးအဖွဲ့ဝင်)
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု
ပူးတွဲကော်မတီ ( UPDJC )
၂၀၁၈ တစ်နှစ်လုံးမှာ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းတွေမှာ အောင်မြင် တိုးတက်မှုတွေ အများကြီးရှိသလို ဆက်လက် ဆောင်ရွက်ရမယ့် လုပ်ငန်းရပ်တွေလည်း အများကြီး ကျန်ပါသေးတယ်။ ၂၀၁၈ မှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံတတိယအစည်းအဝေးကို ကျွန်တော်တို့ ကျင်းပနိုင်ခဲ့ပါတယ်။ နောက် အောက်တိုဘာလမှာ သီးသန့်အစည်းအဝေးတစ်ခုကို တိုင်းရင်းသား ခေါင်းဆောင် တွေနဲ့ အစိုးရ၊ တပ်မတော်၊ လွှတ်တော် တာဝန်ရှိတဲ့ သူတွေကြားထဲမှာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ၂၀၁၈ တစ်နှစ်လုံးမှာ ပုံမှန်အစည်းအဝေးတွေ ကျင်းပနိုင်သလို အလွတ်သဘောအစည်း အဝေးတွေလည်း ကျွန်တော်တို့ ကျင်းပနိုင်ခဲ့ ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ အားလုံး အတည်ပြုပြီးသားဖြစ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထနဲ့ ပဉ္စမ အစည်းအဝေးတွေကို ကျွန်တော်တို့ အကောင် အထည်ဖော်နိုင်ဖို့ ကြိုးစားပါမယ်။
၂၀၁၈ ဒီဇင်ဘာလထဲမှာ ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ကြေညာခဲ့တဲ့ ကြေညာ ချက်နဲ့ NRPC က ထုတ်ပြန်တဲ့ ထုတ်ပြန် ကြေညာချက်တွေလည်း ကျွန်တော်တို့ ဆက်ပြီးအကောင်အထည်ဖော်ရပါဦးမယ်။ ၂၀၁၈ ခုနှစ်မှာ NCAလက်မှတ်ရေးထိုးထား တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ ပေါ်ပေါက်ခဲ့ပြီး ၂၀၁၉ မှာ နှစ်ဖက်ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်တွေ ဆက်လက်အကောင်အထည်ဖော်ပြီးတော့ ၂၀၁၉ ထဲမှာပဲ NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးတဲ့အဖွဲ့တွေ လက်မှတ်ရေးထိုးပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - ( ၂၁) ရာစုပင်လုံကို အောင်အောင်မြင်မြင် တက်ရောက်နိုင်ဖို့ ကျွန်တော်တို့ ဆက် လက်ကြိုးစားရပါဦး မယ်။ မိဘပြည်သူများလိုချင်တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကတော့ အားလုံးက ပူးပေါင်း ဆောင်ရွက်မှ မြန်မြန်ရောက်နိုင်မယ်လို့ တင်ပြ လိုပါတယ်။ ၂၀၁၉ မှာ ကျွန်တော် တို့အားလုံးက အစွမ်းရှိသလောက် ဝိုင်းဝန်းဆောင်ရွက် ခြင်းဖြင့် ကျွန်တော်တို့နိုင်ငံအတွက် ပိုကောင်း တဲ့ လူ့အဖွဲ့အစည်း၊ ပိုကောင်းတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ရရှိနိုင်မယ်လို့လည်း မြင်ယောင် မိပါတယ်။ မိဘပြည်သူများအားလုံး ၂၀၁၉ ခုနှစ်ကစပြီး လွတ်လပ်ငြိမ်းချမ်း ပျော်ရွှင် ချမ်းမြေ့ပါစေကြောင်း ဆုမွန်ကောင်းတောင်း အပ်ပါတယ်။
ခွန်မြင့်ထွန်း(ဒုတိယဥက္ကဋ္ဌ)
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO )
သက်ဆိုင်သူအားလုံးအနေနဲ့ လာမယ့်နှစ်သစ်မှာ မိမိတို့ရဲ့အမျိုးသားအဖွဲ့အစည်း အကျိုးစီးပွားထက် ပြည်ထောင်စုရဲ့အကျိုးစီးပွား ကို စဉ်းစားပြီး ဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ၂၀၁၉ မှာ ဖက်ဒရယ်အခြေခံမူတွေရနိုင်အောင် ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အချိန်ကာလ ကန့်သတ်ချက်တွေကို အခြေခံပြီး အကျေအလည်ဆွေးနွေးဆောင်ရွက်သွား ပါမယ်။
ရဲခေါင်ညွန့်၊ ဓာတ်ပုံ-ဖိုးထောင်

No comments:

Post a Comment