Tuesday, January 1, 2019

ပုဇွန်တောင်မြို့နယ်အတွင်း ပြည်တော်သစ်အိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်း စတင်အကောင်အထည်ဖော်

Image may contain: 6 people, people standing, sky and outdoor

ရန်ကုန် ဒီဇင်ဘာ ၃၁
ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ် အမှတ် (၃)ရပ်ကွက် အောက်ပုဇွန်တောင်လမ်းမကြီးရှိ ပြည်တော် သစ်အိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်း မင်္ဂလာပိုင်တိုင်စိုက်ထူခြင်း မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီ မိနစ် ၂၀ က အဆိုပါ စီမံကိန်းဝင်းအတွင်းကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက် ဖွင့်လှစ်ပေးသည်။
တက်ရောက်
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း၊ တိုင်း ဒေသကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ Yangon Metropolitan Development Co.,Ltd(YMD)နှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင် ထွန်း၊ ဒုတိယဝန်ကြီး ဦးကျော်လင်းနှင့် တာဝန်ရှိသူ များက ပြည်တော်သစ်အိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေး စီမံကိန်း မင်္ဂလာပိုင်တိုင်ကို စက်ခလုတ်နှိပ်၍စိုက်ထူ ပေးပြီး အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးကြသည်။
အရေးပါတဲ့ စီမံကိန်းဖြစ်
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းက "၂၀၁၉ ခုနှစ် ရည်မှန်းချက်အနေနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက် ရေးဆောင်ရွက်မှသာ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ အမျိုးသားပြန် လည်သင့်မြတ်ရေးကို ဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍနယ်ပယ် အသီးသီးကို ဆောင်ရွက်ရာမှာ ပြည်တော်သစ်အိမ်ရာစီမံကိန်းက အရေးပါတဲ့ စီမံကိန်းဖြစ်ပါတယ်။ ရန်ကုန်မြို့ ပြန်လည်ဖွံ့ဖြိုးရေး ကဏ္ဍနယ်ပယ်များကိုလည်း အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါ တယ်"ဟု ပြောသည်။
ပြည်တော်သစ်အိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေး စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်းတည်ထောင်ထားသည့် Yangon Metropolitan Development Co.,Ltd(YMD) မှ အကောင်အထည်ဖော်ခဲ့ပြီး M.K.T construction Co.,Ltd က ဆောက်လုပ်ခွင့် တင်ဒါရရှိခဲ့ကြောင်း သိရသည်။
ပြည်တော်သစ်အိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေး စီမံကိန်းမြေနေရာသည် လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော်ခန့်က အစိုးရက ခြောက်ခန်းတွဲ ခြောက်ထပ် အဆောက်အအုံများ ဆောက်လုပ်ပြီး အငှားအိမ်ရာ အဖြစ် ချထားပေး ခဲ့ကြောင်း၊ ယခုအခါ တိုက်ဟောင်း များ နေရာတွင် ခေတ်မီတိုက်သစ်များ ဆောက်လုပ်ရန်အတွက် စီမံကိန်း အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
"တိုက်ဟောင်းတွေနေရာမှာ အဆင့်မြင့်တိုက် သစ်တွေဖြစ်လာတဲ့အတွက် မြို့ပြဖွံ့ဖြိုးတိုးတက်မှု လည်းရှိ လာမယ်။ အရင်တိုက်ဟောင်းတွေမှာ ကျဉ်းကျဉ်းကျပ်ကျပ်နဲ့ နေရတဲ့အနေအထားကနေ တိုက်သစ် တွေမှာ နေရတဲ့အတွက် လူတွေရဲ့စိတ်တွေပါ ပြောင်းလဲလာမယ်"ဟု ရန်ကုန်တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးခင်ဇော်က ပြောသည်။
နှစ်နှစ်ခန့်ကြာမည်
မြေလေးဧကကျော် ကျယ်ဝန်းသည့် ပြည်တော် သစ်အိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်း အကောင် အထည်ဖော်မည့်နေရာတွင် ကနဦးအနေ ဖြင့် ၁၂ ထပ်ခွဲတိုက် အဆောက်အအုံတစ်လုံးကို စတင် ဆောက်လုပ် သွားမည်ဖြစ်ပြီး ဆောက်လုပ်ချိန် နှစ်နှစ်ခန့်ကြာမြင့်မည်ဖြစ်ကြောင်း၊ အဆိုပါ လူနေအဆောက်အအုံ ဆောက်လုပ်ပြီးပါက ဈေးဆိုင်ခန်း များ၊ ရုံးခန်းများနှင့် ကားပါကင်ပါ အဆောက် အအုံများကို ဆက်လက် ဆောက်လုပ်သွားမည် ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
အိမ်ရာပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်း အကောင် အထည်ဖော်မည့် တိုက်ဟောင်းများတွင် နေထိုင်ကြ သူများအား နစ်နာမှုမရှိစေရန်အတွက် ယာယီပြောင်းရွှေ့နေထိုင်စရိတ်များထုတ်ပေးခဲ့ပြီး အဆောက်အအုံဆောက်လုပ်ပြီး စီးပါက ပြန်လည် နေရာချထားပေးသွားမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် တိုက်ဟောင်းများနေရာတွင် ခေတ်မီတိုက်သစ်များ ဆောက်လုပ်ရန် အတွက် စီမံကိန်းများ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရန်ကုန်မြို့တွင် ပြည်တော်သစ်အိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေး စီမံကိန်း နည်းတူ လမ်းမတော်အိမ်ရာစီမံကိန်းကိုလည်း စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ကြို့ကုန်းအိမ်ရာနှင့် ရန်ကင်းအိမ်ရာများကိုလည်း ဆက်လက် အကောင်အထည်ဖော် သွားမည်ဖြစ် ကြောင်း သိရသည်။
သတင်း-မင်းသစ်(MNA )၊ဓာတ်ပုံ-နေလင်း

No comments:

Post a Comment