Saturday, January 19, 2019

ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့ (၁/၂ဝ၁၉) အစည်းအဝေး ကျင်းပ


Image may contain: one or more people, people sitting, table and indoor


နေပြည်တော် ဇန်နဝါရီ ၁၈
ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့ (၁/၂ဝ၁၉) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ရုံးအမှတ် (၄) အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ ဆောင်ရွက်ပေးလျက်ရှိရာ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာရေးတွင် ဤဗဟိုအဖွဲ့တွင် ပါဝင်သောအဖွဲ့ဝင်များ၏ အခန်းကဏ္ဍမှာ အလွန်အရေးကြီး ပါကြောင်း၊ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ ယခုထက် ပိုမိုဖွံ့ဖြိုးလာရေးအတွက် ဗဟိုအဖွဲ့ဝင်များ၏ အကြံပြုချက်၊ ဆွေးနွေးချက်များကို အဖြစ်နိုင်ဆုံး၊ အတတ်နိုင်ဆုံး စနစ်တကျအလေးထား၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
စနစ်တကျ စစ်ဆေးဆန်းစစ် အကဲဖြတ်
၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ပုဂ္ဂလိကဆေးရုံ ၂၃၉ ရုံ၊ အထူးကုဆေးခန်း ၇၂ဝ၊ ရောဂါရှာဖွေရေးဓာတ်ခွဲခန်း ၂၁၇ ခန်း၊ ရောဂါရှာဖွေရေးဓာတ်မှန် ၁၃၇ ခန်း၊ သားဖွားခန်း ၄၇ ခုနှင့် အထွေထွေရောဂါကုဆေးခန်း ၅၄၆၂ ခု စသည့် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများကို လိုင်စင်များ ခွင့်ပြုချထားပြီးဖြစ်ပါကြောင်း၊ အဆိုပါ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ၏ အရည်အသွေးပြည့်ဝမှု၊ ဘေးအ္တရာယ်ကင်းမှု၊ ဓာတ်ခွဲနှင့်ဓာတ်မှန် စသည့် ရောဂါရှာဖွေမှု၊ မှန်ကန်စိတ်ချရမှု အခြေအနေတို့ကို စနစ်တကျ စစ်ဆေးဆန်းစစ် အကဲဖြတ်မှုတို့ကို ပုံမှန်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းလိုင်စင်မရှိဘဲ ဆောင်ရွက်နေသော ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းများကိုလည်း ပိတ်သိမ်းလျက်ရှိကြောင်း။
မှန်ကန်သောဆုံးဖြတ်ချက် ချမှတ်
မိမိအနေဖြင့် လိုင်စင်ရရှိထားသော ပုဂ္ဂလိကဆေးရုံများအနေဖြင့် ပုဂ္ဂလိက ဆေးရုံအသင်းသို့ ဝင်ရောက်စေလိုပါကြောင်း၊ ၂ဝ၁၈ ခုနှစ်အတွင်း ပြုလုပ်ခဲ့သည့် ပုဂ္ဂလိကဆေးရုံဝန်ထမ်းများကို လေ့ကျင့်သင်ကြားပေးခဲ့သည့် ဆေးရုံအုပ်ချုပ်မှုသင်တန်း သုံးကြိမ်၏ အကျိုးရှိမှုအတိုင်းအတာနှင့် အတွေ့အကြုံများကို ပြန်လည်ဆန်းစစ် အကဲဖြတ်ရန် လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အမျိုးသားကျန်းမာရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်မှသာ မှန်ကန်သောဆုံးဖြတ်ချက် ချမှတ်ပြီး မဟာဗျူဟာနှင့် လုပ်ငန်း များကို ချမှတ်ဆောင်ရွက်နိုင်မည်ဖြစ်၍ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ အနေဖြင့် သတင်းအချက်အလက်များကို ဝန်ကြီးဌာနသို့ ပုံမှန်ပေးပို့စေလိုပါကြောင်း။
၂ဝ၁၈ ခုနှစ် သြဂုတ်လအထိ ပုဂ္ဂလိကဆေးရုံ ၄၃ ခုမှ ဝန်ထမ်းများကို အီလက် ထရွန်စနစ်သုံး၍ စီမံခန့်ခွဲမှုအထောက် အကူပြုကျန်းမာရေးစနစ် (DHIS 2) အသုံးပြုကာ သတင်းပို့ခြင်းနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနမှ လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ပြီး ၂ဝ၁၉ ခုနှစ်တွင် ကျန်ရှိသော ပုဂ္ဂလိကဆေးရုံများကို သင်တန်းပေးနိုင်ရေး စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မကူးစက်တတ်သောရောဂါများ ကာကွယ်ရေးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကင်ဆာလူနာမှတ်ပုံတင်စနစ်တွင် ပုဂ္ဂလိကဆေးရုံများရှိ ကင်ဆာလူနာစာရင်းကိုလည်း ထည့်သွင်းကောက်ယူနိုင်အောင် ညှိနှိုင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ပုဂ္ဂလိကဆေးရုံများတွင် တက်ရောက်ကုသသော လူနာအရေ အတွက်နှင့် ရောဂါအမျိုးအစားအလိုက် ဝန်ကြီးဌာနသို့ ပေးပို့တင်ပြခြင်းဖြင့် ဝန်ကြီးဌာန အနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အဖြစ်များသော ရောဂါအမျိုးအစားနှင့် ဝန်ထုပ်ဝန်ပိုးကို သိရှိနိုင်ပြီး လိုအပ်သော ကျန်းမာရေးလုပ်ငန်းများကို ဆုံးဖြတ် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။
ဝိုင်းဝန်းဆွေးနွေး
ပုဂ္ဂလိကဆေးရုံများ စနစ်တကျပီပြင်စွာ တိုးတက်လာရေးနှင့် ပြည်သူလူထုကို အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် ပုဂ္ဂလိက ဆေးရုံအသင်းဝင်များနှင့် သက်ဆိုင်ရာပညာရှင်များ ပါဝင်သော ဆွေးနွေးပွဲတစ်ခု ပြုလုပ်စေလိုပါကြောင်း၊ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့ အဖွဲ့ဝင်များ အနေဖြင့် ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေးပြီး လိုအပ်သော အကြံဉာဏ်များကို ပေးကြပါရန် တိုက်တွန်းပြောကြားသည်။
ယင်းနောက် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာလှက ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ အထွေထွေကိစ္စရပ်များ ဆွေးနွေး တင်ပြသည်။
အစည်းအဝေးသို့ ပြည်သှူကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်၊ ကျန်းမာရေး လှူစွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ စက်မှုနည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲမှူးချုပ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အဆောက်အဦဦးစီးဌာနမှ အင်ဂျင်နီယာချုပ်၊ ကုန်သွယ်ရေးဦးစီးဌာန၊ မြန်မာ့လျှပ်စစ်ဓာတ်အား၊ နေပြည်တော်၊ ရန်ကုန်၊ မ္တလေးမှ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံဆေးကောင်စီ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွား ကောင်စီတို့မှ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။
သတင်းစဉ်

No comments:

Post a Comment