Tuesday, January 29, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံ၏ ကလေးတိုင်းအတွက် ဖွံ့ဖြိုးမှုမျှော်မှန်းချက်ပြည့်မီရေး အဆင့်မြင့်ဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား


Image may contain: 2 people, people on stage and people standing


နေပြည်တော် ဇန်န၀ါရီ ၂၈
မြန်မာနိုင်ငံ၏ ကလေးတိုင်းအတွက် ဖွံ့ဖြိုးမှုမျှော်မှန်းချက်ပြည့်မီရေးအဆင့်မြင့်ဖိုရမ်ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကားပြောကြားသည်။
မဟာဗျူဟာကျကျ ရင်းနှီးမြှုပ်နှံ
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်က ကလေးများသည် မိမိတို့နိုင်ငံ၏ အနာဂတ်ဖြစ်ပါကြောင်း၊ နိုင်ငံတိုင်း၏ အနာဂတ် အတွက် ကလေးသူငယ်များ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု နှင့် ဉာဏ်ရည် ဉာဏ်သွေးပြည့်မီရေး အလေးပေးဆောင်ရွက်ရန် အများကြီး လိုအပ်ပါကြောင်း၊ ကလေးသူငယ်များ၏ ဘ၀အစ ဖွံ့ဖြိုးမှုကို ဆောင်ရွက်ခြင်းသည် မိမိတို့နိုင်ငံတော်အတွက် အရေးအကြီးဆုံး၊ တန်ဖိုးအရှိဆုံး အရင်းအမြစ်ဖြစ်သည့် လူသား အရင်းအမြစ်ကို ကောင်းစွာ တန်ဖိုးရှိအောင်နှင့် ဖွံ့ဖြိုးတိုးတက် အောင် ပြုစုပျိုးထောင်ပေးရာ ရောက်ပါကြောင်း၊ တစ်နည်း အားဖြင့် ထိုသို့ ဆောင်ရွက်မှုများသည် သုံးဖြုန်းခြင်းမျိုးမဟုတ် ဘဲ အနာဂတ်အတွက် မဟာဗျူဟာကျကျ ရင်းနှီးမြှုပ်နှံခြင်းပင် ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။
(နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ပြောကြားသည့် အမှာ စကားအပြည့်အစုံကို စာမျက်နှာ (၄) တွင်ဖော်ပြထားပါသည်။)
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက်္ကဋ္ဌ၊ ဒုတိယ၀န်ကြီးများ၊ လွှတ်တော်မှ ဖွဲ့စည်း တာဝန်ပေးအပ်ထားသည့် အမျိုးသမီးနှင့်ကလေးသူငယ်ဆိုင်ရာ ကော်မတီများမှ ဥက်္ကဋ္ဌများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ များမှ လူမှုရေးဝန်ကြီးများ၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ၀န်ကြီးများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ နိုင်ငံတကာအသိုက်အ၀န်း မှ ကလေးသူငယ်ဆိုင်ရာ ကိုယ်စားလှယ်များနှင့် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ်္ဂိုလ်သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြား
ယင်းနောက် မြန်မာနိုင်ငံ၏ ကလေးတိုင်းအတွက် ဖွံ့ဖြိုးမှု မျှော်မှန်းချက် ပြည့်မီရေး အဆင့်မြင့်ဖိုရမ်ဆက်လက်ကျင်းပရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့် UNICEF Executive Director Ms. Henrietta H. Fore တို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကြသည်။
ဖိုရမ်တွင် ပါမောက်္ခဒေါက်တာအောင်ထွန်းသက်က ““ကလေးတိုင်းအတွက် တိုးတက်မှုများရရှိအောင် အရှိန်အဟုန် မြှင့်ဆောင်ရွက်ရေးအတွက် မူဝါဒဆိုင်ရာသုံးသပ်ချက်များအပေါ် ရှုထောင့်အမြင်”” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ သာထွန်းကျော်က ““ကလေးတိုင်းအတွက် ဘ၀ကို အကောင်းဆုံး နည်းလမ်းဖြင့် စတင်နိုင်အောင် ဆောင်ရွက်ပေး ရေး”” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အခြေခံပညာဦးစီးဌာန ဩန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ““ကလေးတိုင်းအတွက် အရည်အသွေးမီ ပညာသင်ကြားခွင့်ရရှိစေရေး”” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန ဩန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်း အေးက “ကလေးများ၏ ဆင်းရဲမှုနှင့် သဘာဝ ဘေးအန္တရာယ်များ ကျရောက်မှုကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချပေးရေးနှင့် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ပေး ရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေး ရဲတပ်ဖွဲ့ ရဲမှူးကြီး ဦးသက်နောင်က “ကလေးများအား အကြမ်းဖက်မှု၊ လူကုန်ကူးမှုနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုများမှ ကာကွယ် စောင့်ရှောက် ပေးရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်က “ထိရောက်သော စီမံချက်များ ဖြစ်စေရေးနှင့် ရန်ပုံငွေခွဲဝေချထားပေးရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးကြသည်။


ဆွေးနွေး
ဆက်လက်၍ ပါမောက်္ခဒေါက်တာအောင်ထွန်းသက်က တိုးတက်မှုများ ရရှိအောင် အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး အတွက် လိုအပ်သည့် တွန်းအားပေးဆွေးနွေးမှုနှင့် မိတ်ဖက်ပြု ပူးပေါင်းမှုများ ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး အမျိုးသား လွှတ်တော် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာလုပ်ငန်း ကော်မတီမှ ဒေါက်တာတင်တင်ဝင်း၊ မြန်မာနိုင်ငံ လူငယ်စွန့်ဦး တီထွင်လုပ်ငန်းရှင်များအသင်းမှ ဦးကျော်ကျော်မင်းထွဋ်၊ မြန်မာ နိုင်ငံအမျိုးသမီးစွမ်းဆောင်ရှင်များ အသင်းမှ ဒေါ်လှလှမျိုးတို့က သက်ဆိုင်ရာကဏ္ဍအလိုက် ခေါင်းစဉ်များဖြင့်လည်းကောင်း၊GAVI Vaccine Alliance၏ အမှုဆောင်အရာရှိချုပ်Dr. Seth Berkley က နိုင်ငံတကာမိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက် မှုများမှ ရရှိမည့် အကျိုးကျေးဇူးများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးMr. Knut Ostby က ကလေးများအတွက် ရင်းနှီးမြှုပ်နှံမှုတွင် UN ၏ အခန်းကဏ္ဍနှင့် ပါဝင်ကူညီမှုများခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးကြသည်။
ကလေးတိုင်းဖွံ့ဖြိုးတိုးတက်အောင် အရှိန်အဟုန်မြှင့်
ထို့နောက် UNICEF မှ ဌာနေကိုယ်စားလှယ် Ms. June Kunugi နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆက်အောင်တို့က နိဂုံးချုပ်အမှာစကားပြောကြားကြသည်။
အဆိုပါဖိုရမ်ကို မြန်မာနိုင်ငံရှိ ကလေးများအတွက် ၂၀၁၆ ခုနှစ် မှ စတင်၍ ရရှိထားသော အဓိကတိုးတက်မှုရလဒ်များကို ဖော်ထုတ်ရန်၊ မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက် ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP) မဟာဗျူဟာများ နှင့် ကိုက်ညီမှု ရှိ၊ မရှိ သုံးသပ်ဆွေးနွေးရန်၊ MSDP နှင့် သက်ဆိုင်ရာကဏ္ဍအလိုက် ဆက်စပ်စီမံကိန်းများကို အကောင် အထည်ဖော်မှုသည် ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်များ(SDGs) သဘောတရားနှင့်အညီ မြန်မာနိုင်ငံရှိ ကလေးတိုင်းဖွံ့ဖြိုးတိုးတက်အောင် အရှိန်အဟုန်မြှင့် ဆောင်ရွက် နိုင်မည့် နယ်ပယ်များ သတ်မှတ်ဖော်ထုတ်ရန် ရည်ရွယ်ကျင်းပ ခြင်းဖြစ်သည်။ သတင်းစဉ်


No comments:

Post a Comment