Thursday, January 24, 2019

ငြိမ်းချမ်းရေး၏ အနှစ်သာရ ညီညွတ်ရေးက အဓိက



မြန်မာ့အလင်းအယ်ဒီတာအာဘော်



 ပြည်တွင်းလက်နက်ကိုင် ပဋိပက်္ခများကြားမှာ နှစ်ပေါင်းများစွာ ရှင်သန် နေထိုင်ခဲ့ရသည့် မြန်မာပြည်သူလူထုအဖို့ ငြိမ်းချမ်းရေး မည်မျှလိုလား သည်ဆိုခြင်းကို မည်သို့သောနည်းဖြင့် ဖော်ပြရန်ဖြစ်စေ အဆင်သင့်ရှိ နေကြသည်။ ပြည်တွင်း ပဋိပက်္ခများဟုဆိုရာ၌ လက်တွေ့စစ်ပွဲများ ဖြစ်ပွားနေသည့်ဒေသများကို မဆိုထားဘိ စစ်ဖြစ်မနေသော ဒေသများမှာပါ စစ်ပွဲများ၏ ဂယက်ကြောင့် အေးချမ်းလုံခြုံမှု မရှိခြင်းက ပြည်သူတို့ အတွက် စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်နေပါသည်။
ငြိမ်းချမ်းရေးဟူရာ၌ အဓိကအားဖြင့် ပြည်သူတို့၏ဘ၀များ လုံခြုံမှု ရှိချင်ကြခြင်းက အရေးကြီးဆုံးဖြစ်ပါသည်။ သည့်အတွက် တစ်နိုင်ငံလုံး လွှမ်းခြုံ၍ ဥပဒေစိုးမိုးမှု ရှိရေးကလည်း အခြေခံလိုအပ်ချက် ဖြစ်ပါသည်။ လူလူချင်း မတရားဖိနှိပ်မှုများ၊ အကြမ်းဖက်မှုများ၊ လူမှုအဖွဲ့အစည်းအတွင်း က မည်သို့သော လူ့အခွင့်အရေး ချိုးဖောက်မှုမျိုးကိုမဆို တားဆီးနိုင်စွမ်း ရှိခြင်း၊ ဥပဒေအရ ထိရောက်စွာ အရေးယူအပြစ်ပေးနိုင်စွမ်းရှိခြင်းတို့က ငြိမ်းချမ်းရေးဟုဆိုလျှင် မဖြစ်မနေပါဝင်ရမည့် အခြေခံများဖြစ်ပါသည်။
အဂတိလိုက်စားမှု၊ ဘက်လိုက်မှု၊ လာဘ်ပေးလာဘ်ယူမှု စသည်တို့က ဥပဒေစိုးမိုးရေး ယ်္တရားတစ်ခုလုံးကို မည်မျှယိုင်နဲ့စေနိုင်သည်ဆိုတာကို ဖြတ်သန်းခဲ့ရသော နှစ်ကာလများကိုထောက်၍ သိခဲ့ကြပြီး ဖြစ်ပါသည်။
ဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ရာ၌ စစ်ပွဲများဖြစ်ပွားနေခြင်း မရှိသည့်ဒေသများတွင်ပင် မတရားမှုများကို ကာကွယ်တားဆီးနိုင်ဖို့ အတော်ပင် အားစိုက်ကိုင်တွယ်နေရသည်ဖြစ်ရာ စစ်ပွဲ များဖြစ်ပွားနေသည့် ဒေသများဆိုပါက မည်မျှလောက် ပိုမိုခက်ခဲမည်ဆိုသည်ကို မြင်ယောင် ကြည့်နိုင်ပါမည်။ ထို့ကြောင့်ပင် စစ်ပွဲများရပ်စဲကာ တစ်နိုင်ငံလုံးရှိ ပြည်သူ တို့၏ လုံခြုံအေးချမ်းစွာ နေနိုင်ရေးကို ညီညီညွတ်ညွတ်ဖြင့် ဆွေးနွေး ညှိနှိုင်းသည့်နည်းဖြင့် ရှာဖွေနေကြခြင်းဖြစ်ပါ၏။
မြန်မာနိုင်ငံ၏ သမိုင်းကို လည်ပြန်ကြည့်ပါက ပြည်ထောင်စုသား တိုင်းရင်းသားတို့ စည်းလုံးညီညွတ်မှုရှိခဲ့သည့် ကာလများ၏ အောင်မြင်မှု၊ အေးချမ်းမှုတို့က ထင်ရှားသော ပြယုဂ်များဖြစ်ပါ၏။
ပြည်ထောင်စုသား တိုင်းရင်းသားတို့အကြား လက်မှတ်ရေးထိုးခဲ့ ကြသည့် ပင်လုံစာချုပ်ဟူသည့် သဘောတူညီချက်တို့တွင် ညီညွတ်ရေး စိတ်ဓာတ်များ၊ မေတ်္တာတရား၊ နားလည်စာနာမှု၊ မိမိတစ်ကိုယ်တည်း သို့မဟုတ် မိမိတို့ လူမျိုးစုတစ်ခုတည်းအတွက် မဟုတ်ဘဲ ပြည်ထောင်စုသား အားလုံး၏ တန်းတူညီမျှ အကျိုးစီးပွားကို ရှေးရှုမှုစသည့် အနှစ်သာရများ ပါဝင်နေသည်ကို တွေ့ရပါမည်။
ပင်လုံစာချုပ်က ပြီးပြည့်စုံသည့် ပြည်ထောင်စု ဖက်ဒရယ်မူကို မဖော်ဩန်းနိုင်ခဲ့သော်လည်း ပြည်ထောင်စုစိတ်ဓာတ်ဆိုသည်ကို အခြေခံ နိုင်ရန်အတွက် မျိုးစေ့ချပေးနိုင်ခဲ့သည်ကား အမှန်ပင်ဖြစ်ပါ၏။ သို့သော် လည်း လွတ်လပ်ရေးမရမီ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ကြီး များ လုပ်ကြံခံရပြီးသည့်နောက်တွင် အမျိုးသားလွတ်မြောက်ရေး၊ နယ်ချဲ့ ဆန့်ကျင်ရေး တိုက်ပွဲများကို အတူတကွ လက်တွဲရင်ဆိုင်ခဲ့ကြသော ရဲဘော်ရဲဘက် ပြည်ထောင်စုသား ညီအစ်ကိုမောင်နှမများ အချင်းချင်း စုစည်းနိုင်မှု မရှိခဲ့ခြင်းကြောင့် ဒီမိုကရေစီမဲ့သော အုပ်ချုပ်ရေးစနစ်တို့ ခေါင်းထောင်ထလာခဲ့ပြီး တိုင်းပြည်ဒုက်္ခတွင်းထဲသို့ ကျရတော့သည်။ ဒီမိုကရေစီမဲ့သော အစိုးရအဆက်ဆက်လက်ထက်တွင် တောင်ပေါ်သော မြေပြန့်သော မကွဲမပြား ပြည်ထောင်စုသားအားလုံးတို့ ဖိနှိပ်မှု မတရားမှု တို့ကို အတူတကွ ခံစားခဲ့ကြရသည်။
ယနေ့ကာလ ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်ရှိလာပြီး နိုင်ငံ ပြန်လည်ထူထောင်ရေးနှင့် ပြည်သူတို့ လုံခြုံငြိမ်းချမ်းရေးကို တည်ဆောက် နေချိန်၌ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် တန်းတူညီမျှမှုကို လိုလားကြ သော ပြည်ထောင်စုသားအားလုံးတို့၏ ညီညွတ်ရေးအင်အားကသာ အောင်မြင်မှုပန်းတိုင်ဆီသို့ သယ်ယူသွားနိုင်မည်ဟု ယုံကြည်ပါကြောင်း။

No comments:

Post a Comment