Saturday, January 5, 2019

ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနား ကျင်းပ


Image may contain: 2 people, people standing, wedding, child and indoor
နေပြည်တော် ဇန်နဝါရီ ၎
ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သဘင်ဆောင်၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်သည်။
ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားသို့ နိုင်ငံတော် သမ္မတ၏ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး ဒေါ်ခင်သက်ဌေး၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်ဇနီး ဒေါက်တာရွှေလွှမ်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့်ဇနီး ဒေါ်ရင်မေ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း နှင့်ဇနီး ဒေါ်နန့်ကြင်ကြည်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့်ဇနီး ဒေါ်ဌေးရီ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့်ဇနီး ဒေါ်အေးသီတာ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့်ဇနီး ဒေါက်တာစိန်စိန်သိမ်း၊ အမျိုးသား လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့်ဇနီး ဒေါ်သိန်းယဉ်ချေ၊ ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်ဇနီး ဒေါ်ခင်လေးသက်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ¤င်းတို့၏ဇနီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ
တပ်မတော်အရာရှိကြီးများနှင့် ၄င်းတို့၏ဇနီးများ၊ လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီး များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဘွဲ့တံဆိပ်ရရှိကြ သူများ၏ မိသားစုဝင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်သမ္မတက မိန့်ခွန်း ပြောကြားရာ၌ ယနေ့အခမ်းအနားသို့ ကြွရောက်လာကြ သည့် ဂုဏ်သရေရှိလူကြီးမင်းများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံ ကြပါစေဟု ဦးစွာနှုတ်ခွန်းဆက်သအပ်ပါကြောင်း။
မဆုတ်မနစ် ကြိုးစား
မိမိတို့၏ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သည် ရှေးပဝေသဏီကပင် ကိုယ့်ထီးကိုယ့်နန်းနှင့် ကမ္ဘာ့ အလယ်တွင် ဝင့်ထည်စွာရပ်တည်ခဲ့ပြီး တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ သွေးစည်းချစ်ကြည်စွာ စုပေါင်း နေထိုင်ကြသည့် သမိုင်းကြောင်းအစဉ်အလာကောင်းများ ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ သို့သော် ၁၉ ရာစု တွင် မိမိတို့နိုင်ငံထက် အဆမတန်အင်အားကြီးမားသည့် ဗြိတိသျှကိုလိုနီနယ်ချဲ့တို့လက်အောက်ကို ကျရောက်ခဲ့ရပါ ကြောင်း၊ ဆုံးရှုံးသွားသည့်လွတ်လပ်ရေး ပြန်လည်ရရှိရေး အတွက် အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဗိသုကာကြီး၊ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ မျိုးချစ်ခေါင်းဆောင်ကြီးများ၊ မိမိတို့၏ မိဘ၊ ဘိုးဘွားများ အသက်၊ သွေးချွေးဖြင့် ရင်းနှီးပြီး မဆုတ်မနစ် ကြိုးစားခဲ့ကြခြင်းကြောင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဖြစ် ပြန်လည်ရရှိခဲ့သည်ကို အားလုံးအသိပင် ဖြစ်ပါ ကြောင်း။
အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ ခေါင်းဆောင်မှုအောက်တွင် တိုင်းရင်းသား အားလုံး ဇွဲ၊ လုံ့လ၊ ဝီရိယ၊ သတ္တိ၊ ဗျတ္တိ အပြည့်ဖြင့် ညီညီညွတ်ညွတ် ကြိုးပမ်းခဲ့ကြ၍ လွတ်လပ်ရေးကို အရယူနိုင်ခဲ့ခြင်းလည်းဖြစ်ပါကြောင်း၊ မိမိတို့ မျိုးချစ် ခေါင်းဆောင်ကြီးများနှင့် မိဘဘိုးဘွားများ၏ အသက်၊ သွေးချွေးမြောက်မြားစွာစတေးပြီး အလွန်တရာ ခက်ခဲ ပင်ပန်းစွာ ကြိုးပမ်းအားထုတ်ပြီးမှ ရရှိခဲ့သည့်လွတ်လပ် ရေးကို ကမ္ဘာတည်သရွေ့ ဆက်လက်တည်တံ့စေရန်နှင့် ပြည်ထောင်စုကြီးမပြိုကွဲစေရန် ဆက်လက်ထိန်းသိမ်း ရမည်မှာ မိမိတို့သားစဉ်မြေးဆက်တာဝန်ပင်ဖြစ်ပါကြောင်း။
သွေးစည်းညီညွတ်
မျိုးချစ်ခေါင်းဆောင်ကြီးများနှင့် ဘိုးဘေးဘီဘင် များ၏ စွန့်လွှတ်စွန့်စား အားထုတ်ကြိုးပမ်းရယူခဲ့ကြသည့် မြန်မာ့လွတ်လပ်ရေး အစဉ်ထာဝရ တည်တံ့စေရေး အတွက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် များကို အလေးအနက်ခံယူပြီး တိုင်းရင်းသားများအားလုံး ဥမကွဲသိုက်မပျက် သွေးစည်းညီညွတ်စွာ အကောင် အထည်ဖော် ဆောင်ရွက်သွားကြရန်နှင့် တစ်ပြိုင်တည်း မှာပင် အမိနိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းမှုရှိပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရမည့်တာဝန်သည် မိမိတို့နိုင်ငံသားအားလုံး၏ တာဝန်ပင်ဖြစ်ပါကြောင်း။
ထိုကဲ့သို့ တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်စေရန် ရည်မှန်းချက်ထားပြီး ဘက်စုံ၊ ထောင့်စုံမှ တည်ဆောက်နေသည့် အချိန်အခါတွင် နိုင်ငံတော် လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုး ရေးနှင့် နိုင်ငံတော်တည်ဆောက်ရေး တာဝန်များတွင် မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယ ကြီးမားစွာဖြင့် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ မိမိတို့၏ အသက်၊ ခန္ဓာ၊ ကိုယ်ကျိုးကိုမငဲ့ကွက်ဘဲ ရဲဝံ့စွန့်စားစွာ ကြိုးပမ်း ထမ်းဆောင်ခဲ့ကြသော ပုဂ္ဂိုလ်များကို နေ့ထူးနေ့မြတ်ဖြစ် သည့် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် ဂုဏ်ထူးဆောင်ဘွဲ့များကို ချီးမြှင့်အပ်နှင်းသွားမည်ဖြစ်ပါ ကြောင်း၊ ယခုကဲ့သို့ အများထက် စွန့်လွှတ်စွန့်စား ထူးကဲ သာလွန်စွာ ထမ်းဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ်များကို ဂုဏ်ပြု ချီးမြှင့်ခြင်းသည် ကောင်းမွန်သည့် အစဉ်အလာကောင်း တစ်ရပ်ဖြစ်ပါကြောင်း၊ ဂုဏ်ပြုချီးမြှင့်ထိုက်သူကို ဂုဏ်ပြု ချီးမြှင့်ခြင်းသည် မင်္ဂလာတရားတော်နှင့်အညီ ဆောင်ရွက် ခြင်းလည်း ဖြစ်ပါကြောင်း။
ပေးအပ်ချီးမြှင့်
နိုင်ငံတော်အတွက် မိမိတို့၏ အသက်နှင့် ခန္ဓာကိုယ် ကို ပဓာနမထားဘဲ ကြံ့ခိုင်သည့် စိတ်ဓာတ်၊ စံတင်ထိုက် သည့် စွမ်းရည်၊ ဂုဏ်ယူထိုက်သည့် စွန့်စားခြင်းမျိုးဖြင့် ထူးထူးချွန်ချွန် ဆောင်ရွက်ခဲ့ကြသော ဂုဏ်ပြုသင့်ဂုဏ်ပြု ထိုက်သူများကို ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့၏ ထောက်ခံ တင်ပြချက်အရ နိုင်ငံတော်အစိုးရက ယခုကဲ့သို့ ဂုဏ်ပြု ချီးမြှင့်အပ်နှင်းသည့်အခမ်းအနား ကျင်းပပြုလုပ်ပြီး သူရဘွဲ့ရရှိသူနှစ်ဦးကို ဂုဏ်ယူစွာဖြင့် ပေးအပ်ချီးမြှင့် သွားမည် ဖြစ်ပါကြောင်း။
ယခုဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်ခံရသူများသည် ဖြတ်သန်းခဲ့ရသော ခက်ခဲကြမ်းတမ်းသည့်ဘဝတွင် ပေးအပ်လာသည့်တာဝန်များကို စွမ်းရည်သတ္တိပြည့်ဝစွာ စွန့်လွှတ်စွန့်စားမှုအပြည့်ဖြင့် ထမ်းဆောင်ခဲ့ကြသည့်သူများ ဖြစ်ပါကြောင်း၊ ¤င်းတို့၏ စွမ်းဆောင်ရည်များကို နိုင်ငံတော်က မှတ်ကျောက်တင်ခြင်းခံရသည့် သင်္ကေတ အမှတ်အသားတစ်ခုဖြစ်သည့်အတွက် ယနေ့အခမ်းအနား ကို ကိုယ်တိုင်ကိုယ်ကျတက်ရောက်ခြင်း မပြုနိုင်တော့သည့် ပုဂ္ဂိုလ်များအနေဖြင့်လည်း သားစဉ်မြေးဆက် ဂုဏ်ယူစရာ ဖြစ်ပါကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူများကိုယ်စား လေးစားဂုဏ်ယူပါကြောင်းကိုလည်း အလေးအနက် ပြောကြားလိုပါကြောင်း။
တိုက်တွန်းမှာကြား
နိဂုံးချုပ်အနေဖြင့် ပြောကြားလိုသည်မှာ မိမိတို့၏ ဘဝတစ်သက်တာတွင် နိုင်ငံတော်ကြီးကို ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးအဖြစ် ရေရှည်တည်တံ့ခိုင်မြဲရေး၊ အေးချမ်းသာယာရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် နိုင်ငံတော်အစိုးရနှင့် အတူတကွလက်တွဲ၍ စုပေါင်းအင်အားဖြင့် စံနမူနာပြ ဆက်လက်ကြိုးပမ်း ထမ်းရွက်ပေးကြပါဟု တိုက်တွန်းမှာကြားလိုပါကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတက၂ဝ၁၈ ခုနှစ်အတွက် ချီးမြှင့်အပ်နှင်းသော တပ်မတော်ဆိုင်ရာစွမ်းရည် သတ္တိဘွဲ့ဖြစ်သည့် သူရဘွဲ့ရရှိသူ အမှတ်(၃၅)ခြေလျင် တပ်ရင်းမှ ကြည်း - ၃၂၇၆ဝ ဒုတိယဗိုလ်မှူးကြီး လှထူး (ကျဆုံး)ကိုယ်စား ဇနီးဖြစ်သူ ဒေါ်သူဇာမိုးနှင့် အမှတ်(၁၁) ခြေလျင်တပ်ရင်းမှ ကြည်း - ၃၄ဝ၂၂ ဒုတိယဗိုလ်မှူးကြီး သန့်ဇင်ဦး(ကျဆုံး)ကိုယ်စား ဇနီးဖြစ်သူ ဒေါ်ချိုချိုအောင် တို့ကို ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် သူရဘွဲ့ရရှိကြ သူများ၏ မိသားစုဝင်များနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
သတင်းစဉ်

No comments:

Post a Comment