Saturday, January 5, 2019

သူရဘွဲ့ရရှိသူများကိုယ်စား လက်ခံရယူသည့် မိသားစုဝင်များ၏ ဂုဏ်ယူစကားသံများ


Image may contain: 1 person, eyeglasses
ယနေ့ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် နိုင်ငံတော်သမ္မတအိမ်တော် သဘင်ဆောင်၌ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့် အပ်နှင်းခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တပ်မတော် ဆိုင်ရာ စွမ်းရည်သတ္တိဘွဲ့ရရှိသူနှစ်ဦးကို ဂုဏ်ထူးဆောင်ဘွဲ့(သူရဘွဲ့) ချီးမြှင့် အပ်နှင်းခဲ့ရာ အဆိုပါသူရဘွဲ့ရရှိသူများကိုယ်စား လက်ခံရယူသည့် မိသားစုဝင်များနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို တင်ပြလိုက်ပါသည် -
ဒေါ်သူဇာမိုး [ဒုတိယဗိုလ်မှူးကြီး သူရလှထူး(ကျဆုံး)၏ဇနီး]
ကျွန်မက မိတ္ထီလာမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှာ အလယ်တန်းပြဆရာမတာဝန် ထမ်းဆောင်နေပါတယ်။ အခုအခမ်းအနားမှာ ကျွန်မရဲ့ခင်ပွန်းသည် ဒုတိယဗိုလ်မှူးကြီး သူရလှထူးကိုယ်စား ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်ကို တက်ရောက်လက်ခံရယူတာ ဖြစ်ပါတယ်။ နိုင်ငံတော်က အခုလို အခမ်းအနားနဲ့ ဂုဏ်ပြုချီးမြှင့်ပေးတဲ့အတွက် နိုင်ငံတော်နဲ့တပ်မတော် အတွက် အသက်စွန့်ကြိုးပမ်းတာဝန်ထမ်းဆောင်ရင်း အသက်ပေးလှူသွားတဲ့ ကျွန်မခင်ပွန်းရဲ့ကိုယ်စား ကျွန်မအနေနဲ့ ဂုဏ်ယူမိပါတယ်။
ဒီဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ကို ကျွန်မခင်ပွန်း သက်ရှိထင်ရှားရှိနေ ပြီး အခမ်းအနားစင်မြင့်ထက်မှာ သူကိုယ်တိုင်တက်ရောက်လက်ခံနေတာကို ကျွန်မအနေနဲ့ စင်အောက်ကနေ မိသားစုဝင်တစ်ယောက်၊ ပရိသတ် တစ်ယောက်အနေနဲ့ ကြည့်ရမယ်ဆိုရင် ကျွန်မပိုပြီးဝမ်းမြောက်ဂုဏ်ယူမိမှာပါ။ နိုင်ငံတော်နဲ့ပြည်သူအတွက် ကာကွယ်ရေးတာဝန်ထမ်းဆောင်ရင်း မိမိတို့ရဲ့ ခန္ဓာကိုယ်နဲ့အသက်ကို မငဲ့ကွက်ဘဲ စွမ်းစွမ်းတမံတာဝန်ထမ်းပြီး အသက်ပေး သွားတဲ့ တပ်မတော်သားတွေရဲ့ မိသားစုဝင်တစ်ယောက်အနေနဲ့လည်း ဂုဏ်ယူ မိပါတယ်။
ကျွန်မတို့အမိနိုင်ငံတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေး၊ ထာဝရငြိမ်းချမ်း ရေးအတွက် တပ်မတော်သားတွေသာမဟုတ်ဘဲ ကျွန်မတို့နိုင်ငံသူ နိုင်ငံသား တွေအားလုံးမှာ တာဝန်ရှိတယ်လို့ ပြောချင်ပါတယ်။
နိုင်ငံတော်နဲ့တိုင်းပြည်အတွက် အသက်ပေးသွားတဲ့ တပ်မတော်သား တွေကို ပြည်သူတစ်ယောက်အနေနဲ့ပြောရရင် အများကြီးဂုဏ်ယူမိပါတယ်။ ကျွန်မက ဒီလိုအသက်ပေးသွားတဲ့ တပ်မတော်သားတစ်ဦးရဲ့ ဇနီးသည် တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ခင်ပွန်းသည် မရှိတဲ့အတွက် အားငယ်မိပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ခင်ပွန်းဟာ ကိုယ့်နိုင်ငံနဲ့ကိုယ့်လူမျိုး ထာဝရငြိမ်းချမ်းရေး အတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်သွားတာ ဖြစ်တဲ့အတွက်ကြောင့် သူရဲ ကောင်းရဲ့ ဇနီးတစ်ယောက်အနေနဲ့ ကျွန်မအများကြီးဂုဏ်ယူမိပါတယ်လို့ ပြောချင်ပါတယ်။
ဒေါ်ချိုချိုအောင် [ဒုတိယဗိုလ်မှူးကြီး သူရသန့်ဇင်ဦး(ကျဆုံး)၏ဇနီး]
နိုင်ငံတော်ကချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့ကို ကျွန်မရဲ့ခင်ပွန်း ဒုတိယ ဗိုလ်မှူးကြီး သူရသန့်ဇင်ဦးကိုယ်စား တက်ရောက်လက်ခံခြင်းဖြစ်ပါတယ်။ နိုင်ငံတော်နဲ့တပ်မတော်အတွက် သက်စွန့်ကြိုးပမ်းတာဝန်ထမ်းဆောင်ရင်း အသက်ပေးသွားခဲ့တဲ့ ကျွန်မခင်ပွန်းကို နိုင်ငံတော်က အခုလို အခမ်းအနားနဲ့ ဂုဏ်ပြုချီးမြှင့်ပေးတဲ့အတွက် ကျေးဇူးတင်ဂုဏ်ယူမိပါတယ်။
ဒီဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ဟာ နိုင်ငံတော်အတွက် သက်စွန့်ကြိုးပမ်း တာဝန်ထမ်းဆောင်သွားတဲ့အတွက် နိုင်ငံတော်က ထိုက်တန်စွာနဲ့ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်လို့မြင်ပါတယ်။
နိုင်ငံတော်နဲ့တပ်မတော်အတွက် အထွတ်အမြတ်ထားရတဲ့ ဒီလို လွတ်လပ်ရေးနေ့ အခါသမယမှာ ကျွန်မရဲ့ခင်ပွန်းက နိုင်ငံတော်ကချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့ကို ရရှိတဲ့အတွက် ကျွန်မခင်ပွန်းကိုယ်စား ဂုဏ်ယူပါတယ်။ တပ်မတော်သားတစ်ဦးရဲ့ ဇနီးဖြစ်ရတဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်။ အခုလိုချီးမြှင့်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
တပ်မတော်သားတွေဟာ အသက်ကိုပဓာနမထားဘဲ မိဘဆွေမျိုးတွေနဲ့ ဝေးကွာပြီး တိုင်းပြည်အတွက် စွန့်လွှတ်စွန့်စားတဲ့သူတွေ၊ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံတဲ့ ယောက်ျားကောင်း၊ ယောက်ျားမြတ်တွေဖြစ်တယ်လို့ ခံစားမှတ် ယူပါတယ်။ နိုင်ငံတော်နဲ့ ပြည်သူတွေအတွက် ကာကွယ်ရေးတာဝန် ထမ်းဆောင်နေတဲ့ တပ်မတော်သားတွေကို အမြဲတမ်းလေးစားဂုဏ်ယူလျက်ပါ။
နိုင်ငံတော်နဲ့ပြည်သူအတွက် ကာကွယ်ရေးတာဝန်တွေ ထမ်းဆောင် ကြတဲ့အခါမှာ မိမိရဲ့အသက်နဲ့ခန္ဓာကို မငဲ့ကွက်ဘဲ စွမ်းစွမ်းတမံ တာဝန် ထမ်းဆောင်ရင်း အသက်ပေးသွားတဲ့ တပ်မတော်သားတွေကို မိသားစုဝင် တစ်ယောက်အနေနဲ့ အမြဲလေးစားဂုဏ်ယူနေမှာပါ။
တွေ့ဆုံမေးမြန်း - မျိုးသူ၊ လူမော်၊ ဓာတ်ပုံ - ကျော်ရဲဆွေ(သတင်းစဉ်)

No comments:

Post a Comment