Tuesday, January 22, 2019

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟားခါးမြို့ ရှုခင်းသာရှိ ချင်းရိုးရာမုခ်ဦးနှင့် မျှော်စင်ဖွင့်ပွဲ တက်ရောက်






Image may contain: 8 people, people smiling, people standing and outdoor
နေပြည်တော် ဇန်နဝါရီ ၂၁



ချင်းပြည်နယ်၌ ရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးမင်းသူနှင့် ဒေါက်တာ အောင်သူ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်း တွင် ဟားခါးမြို့ ရှုခင်းသာရှိ ချင်းရိုးရာမုခ်ဦးနှင့် မျှော်စင်ဖွင့်ပွဲသို့ တက်ရောက်သည်။
ရှေးဦးစွာ မျှော်စင်နှင့် ချင်းရိုးရာမုခ်ဦးတို့ကို ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးမင်းသူ၊ ဒေါက်တာ အောင်သူနှင့် ဒေသခံပြည်သူ ဦးထလာဟရဲတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ရှုခင်းသာ မျှော်စင်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး ဖွင့်ပွဲအောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ချင်းရိုးရာ ခေတ်ဟောင်းသီချင်းကို ဦးဇိန်ဟန်းက ရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့်တွဲဖက်၍ ဂုဏ်ပြု သီဆို ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးသည်။ ထို့နောက် မျှော်စင်ရှုရပ်မှနေ၍ ဟားခါးမြို့အလှကို ကြည့်ရှုကြပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဟားခါးမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား ကျောင်းသူများ၏ ပညာသင်ကြားသင်ယူနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ထို့နောက် ကျောင်းဝင်းအတွင်းရှိ စုဝေးကွင်း၌ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ ၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ပြောကြားသည်။
ဖြည့်ဆည်းဆောင်ရွက်ပေး
ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကျောင်းခန်းမ၌ မိဘဆရာအသင်းမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ ဆရာမ များအား တွေ့ဆုံရာ ကျောင်းအုပ် ဆရာကြီးက ကျောင်း၏ လိုအပ်ချက်များ ကို တင်ပြပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဖြည့်ဆည်းဆောင်ရွက်ပေး သည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် ဟားခါးကောလိပ်၌ ကျောင်းသား ကျောင်းသူများ၏ ပညာသင်ကြားနေမှု များ၊ သိပ္ပံခန်း၌ ဘာသာရပ်ဆိုင်ရာ လက်တွေ့သင်ကြားနေမှုနှင့် ကျောင်း စာကြည့်တိုက်၌ သုတ၊ ရသနှင့် ဘာသာ ရပ်ဆိုင်ရာ စာအုပ်၊ စာစောင်များ စုဆောင်းထားမှုတို့ကို လှည့်လည်ကြည့်ရှု ကြသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် တပ်မတော် ရဟတ်ယာဉ်ဖြင့် ဖလမ်းမြို့သို့ ရောက်ရှိပြီး မြို့နယ်ခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်သည်။
နီးကပ်တဲ့ ဆက်ဆံမှုရှိ
တွေ့ဆုံစဉ် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က "ဒီနေ့တွေ့ဆုံပွဲကို ကြွရောက် လာတဲ့ နိုင်ငံသူ နိုင်ငံသားများ၊ ပြည် ထောင်စု သားသမီးများအားလုံးကို ကြိုဆိုနှုတ်ခွန်းဆက်ပါတယ်။ ကျွန်မတို့ကို ကြိုဆိုတဲ့အတွက်လည်း ကျေးဇူးတင် ပါတယ်။ ခရီးသွားတဲ့အခါမှာ ရပ်မိရပ်ဖ တွေနဲ့ တွေ့ဖို့ အမြဲတမ်းကြိုးစားပါတယ်။ ဒီမိုကရေစီစနစ်မှာ အဓိကလိုအပ်တာက အစိုးရနဲ့ပြည်သူအကြားမှာ နီးကပ်တဲ့ ဆက်ဆံမှုရှိဖို့ပဲ ဖြစ်ပါတယ်။
"အခုကျွန်မဖလမ်းကို ရောက်လာ တဲ့အခါ အရင်တစ်ခါ ၂၀၁၄ ခုနှစ်တုန်းက ရောက်ခဲ့တာကို မှတ်မိနေပါတယ်။ ၂၀၁၄ ခုနှစ်တုန်းက ကားနဲ့တက်လာရတယ်။ ကားနဲ့တက်လာတော့ လမ်းမှာဆိုရင် ရွာလေးတွေမှာရပ်ပြီး ရွာသူရွာသားတွေနဲ့ စကားပြောနိုင်တဲ့ အခွင့်အရေးတွေ ရခဲ့ ပါတယ်။ ဖလမ်းနားက ကျောင်းနှစ်ကျောင်း မှာရပ်တော့ ကျောင်းတစ်ကျောင်းမှာ ဆိုရင် ကလေးတွေအတွက် စားပွဲတွေ၊ ကုလားထိုင်တွေ လိုအပ်နေတယ်ဆိုပြီး ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းက လှူခဲ့တာ လည်းရှိပါတယ်။ နောက်တစ်ကျောင်းမှာ ဆိုလည်း မီးစက် လိုအပ်တယ်ဆိုတော့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက လှူတာ တွေရှိပါတယ်။ အဲဒီလို နီးနီးစပ်စပ် ပြည်သူတွေနဲ့ တွေ့ဆုံရတာကို သိပ်ပြီး တော့ တန်ဖိုးထားပါတယ်။
ပိုပြီးအခွင့်အရေး နည်းသွား
"အခု အစိုးရတာဝန်ယူပြီးတဲ့အခါ အရင်တုန်းကလို နီးနီးကပ်ကပ် ရင်းရင်း နှီးနှီး ပြည်သူတွေနဲ့ ဆက်ဆံဖို့ အခွင့် အရေးတွေက အင်မတန်မှ နည်းသွား ပါတယ်။ နည်းသွားတယ်ဆိုတာ တခြား လုပ်ငန်းတာဝန်တွေရဲ့ လိုအပ်ချက်အရ အချိန်ကိုငဲ့သောအားဖြင့် ရဟတ်ယာဉ်နဲ့ လာရတယ်။ ရဟတ်ယာဉ်နဲ့လာတော့ အချိန်တော့မယူဘူး။ ဒါပေမယ့် ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားတွေ၊ ပြည်သူ ပြည်သား တွေနဲ့ တွေ့ဖို့က ပိုပြီးအခွင့်အရေး နည်းသွားတယ်။ ဒါကြောင့် ကျွန်မတို့ ဒီလိုတွေ့ဆုံတာပါ။
အရေးကြီးတာကို သတိပြု
"ရဟတ်ယာဉ်နဲ့ သွားတဲ့အခါမှာ အပေါ်ကနေ ချင်းပြည်နယ်ကို မြင်ရတဲ့ အခါ ချင်းပြည်နယ်ရဲ့လှပမှုကို မြင်ရ တယ်။ ချင်းပြည်နယ်အတွက် ရေရှည်မှာ သတိထားရမယ့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အရေးကြီးတာကိုလည်း သတိပြုမိပါတယ်။ ပြောချင်တာက သစ်တော ပြုန်းတီးမှုပါ။ အဲဒါနဲ့ပတ်သက် လို့ ကျွန်မတို့ရဲ့ ဖလမ်းရပ်မိရပ်ဖတွေကို သတိပေးချင်ပါတယ်။ ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်အတွက် တာဝန် ရှိတယ်ဆိုတာ သမ္မာကျမ်းစာထဲက ပုံပြင် တစ်ပုဒ်ကို မှတ်မိပါတယ်။ မြေပိုင်ရှင် တစ်ဦးက ခရီးရှည်သွားတဲ့အခါမှာ သူရဲ့ တပည့်လုပ်သားသုံးဦးကို တာဝန်ပေး ခဲ့တယ်။ တစ်ယောက်ကနေပြီး သူထိန်း သိမ်းထားတဲ့အပိုင်းကို ကောင်းကောင်း မထိန်းသိမ်းထားလို့ ပိုင်ရှင်ပြန်လာတဲ့ အခါ ပျက်စီးတဲ့ အခြေအနေမှာ ရှိတယ်။ နောက်တစ်ယောက်ကတော့ အရင် အတိုင်းပဲ ထိန်းသိမ်းထားတယ်။ တတိယ တစ်ယောက်ကတော့ အရင်ထက်ပိုပြီး တော့ ကောင်းမွန်အောင်၊ ဖွံ့ဖြိုးအောင် ထိန်းသိမ်းထားတယ်။ အရင်တုန်းကထက် ကောင်းမွန်ဖွံ့ဖြိုးအောင် ထိန်းသိမ်းထား တဲ့ တပည့်လုပ်သားကို ကောင်းမွန်ပြီး သစ္စာရှိတဲ့သူလို့ သတ်မှတ်ပါတယ်။
"ကျွန်မတို့ဟာ ဒီကမ္ဘာကြီးမှာ တစ်ခဏပဲနေသွားရတာပါ။ နေသွားရတဲ့ အချိန်တွေက အင်မတန်မှ တိုတောင်းပါ တယ်။ ဒီတိုတောင်းတဲ့ အချိန်လေးမှာ သာလျှင် ကျွန်မတို့နေတဲ့ ရေ၊ မြေအတွက် တာဝန်ယူရတာပါ။ တကယ်တော့ ဘယ်သူ မှ ရေ၊ မြေကို ပိုင်တယ်လို့ မရှိနိုင်ပါဘူး။ ဘယ်လောက်ပဲဥပဒေအရ စာရွက် စာတမ်းနဲ့ပိုင်ပိုင် တစ်ခဏပဲ။ ကျွန်မ တို့ သက်တမ်းနဲ့တော့ ပိုပြီးတော့ ပိုင်နိုင်တာ မဟုတ်ပါဘူး။ ကျွန်မတို့ ရေ၊ မြေအတွက် တာဝန်ယူရတဲ့ အချိန်လေးမှာ ကောင်းကောင်းမွန်မွန် တာဝန်ယူစေချင် ပါတယ်။ ရေ၊ မြေ ဖွံ့ဖြိုးတိုးတက်ဖို့၊ လှပဖို့ ကျွန်မတို့ဟာ တစ်ခဏသာ တာဝန်ယူ ထားတဲ့ လူတွေမို့၊ ပိုင်ရှင်မဟုတ်တာ ကြောင့် အမြဲပဲထိန်းသိမ်းပြီး နောင်လာ မယ့် ပိုင်ရှင်တွေအတွက် အခြေအနေ ကောင်းအောင် ထားပစ်ခဲ့ရမယ် ဆိုတာ ကို နှလုံးသွင်းစေချင်ပါတယ်။
ပြုစုပျိုးထောင်နိုင်တဲ့အခွင့်အရေးရှိ
"သဘာဝပတ်ဝန်းကျင်နဲ့တင် မဟုတ် ပါဘူး။ ပိုပြီးတော့အရေးကြီးတာက လူမှု ပတ်ဝန်းကျင်ပါ။ လူမှုပတ်ဝန်းကျင်ဆိုတာ ကျွန်မတို့ရဲ့ ပြည်ထောင်စုတိုင်းရင်းသား များ အားလုံးရဲ့ စိတ်နေစိတ်ထား၊ သဘောနေသဘောထား ဒါတွေအတွက် လည်း ကျွန်မတို့ တာဝန်ယူရမှာပါ။ အခု မျိုးဆက်တွေဟာ နောင်မျိုးဆက်တွေ ဘယ်လိုစိတ်ထားတွေနဲ့ ကြီးပြင်းလာ သလဲဆိုတာကို ဆုံးဖြတ်နိုင်တဲ့ အတိုင်း အတာတစ်ခုအထိ ရှိပါတယ်။ နောက်ဆုံး က ကိုယ့်အတွက်ကို ကိုယ်တာဝန်ယူရ မယ် ဆိုပေမယ့် အခုသွန်သင်ဆုံးမတဲ့ နေရာမှာ ရောက်နေတဲ့လူကြီးများဟာ နောင်လာမယ့် လူငယ်များ ဘယ်လိုပုံစံ ထွက်လာမလဲဆိုတာကို အတိုင်းအတာ တစ်ခုအထိ ဆုံးဖြတ်ပြီး ပြုစုပျိုးထောင်နိုင် တဲ့ အခွင့်အရေးတွေရှိပါတယ်။ ဒီအခွင့် အရေးတွေကိုလည်း ကောင်းကောင်း မွန်မွန် ထိထိရောက်ရောက် သုံးစေချင် ပါတယ်။
အလုပ်လုပ်ချင်တဲ့ဆန္ဒတွေရှိ
"မနက်တုန်းက အ.ထ.က တစ်ခု လည်း ရောက်ခဲ့တယ်။ ဟားခါးကောလိပ် ကိုလည်း ရောက်ခဲ့တယ်။ အဲဒီမှာ ဘယ်လိုသတိထားမိသလဲဆိုတော့ ချင်း ကလေး၊ လူငယ်များဟာ ပညာလည်း လိုလားတယ်။ တခြားနေရာတွေနဲ့ နည်းနည်း ကွာခြားတာက ပညာရေးပိုင်း၊ စိုက်ပျိုးရေးပိုင်း၊ အုပ်ချုပ်ရေးပိုင်းမှာဝင်ပြီး အလုပ်လုပ်ချင်တဲ့ဆန္ဒတွေ ရှိပါတယ်။ ဒီဟာက ကျွန်မ ရောက်ဖူးတဲ့ တိုင်းတွေ၊ ပြည်နယ်တွေထက် နည်းနည်းသာတယ် လို့ ထင်ပါတယ်။ ပိုပြီးတော့ စိုက်ပျိုးရေး၊ မွေးမြူရေးပိုင်းမှာ လုပ်ချင်တဲ့ လူငယ်တွေ၊ အုပ်ချုပ်ရေးဘက်မှာ လုပ်ချင်တဲ့ လူငယ် တွေ၊ ပညာရေးဘက်မှာ ဆရာ ဆရာမ လုပ်ချင်တဲ့လူငယ်တွေ ဒါဟာ ချင်း ပြည်နယ်မှာ အင်မတန်ကောင်းတဲ့ လက္ခဏာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေရာတွေမှာ ကျွန်မတို့ လူငယ်တွေကို ပြုစုပျိုးထောင်ဖို့လိုပါတယ်။
မှန်ကန်တဲ့စိတ်ထားမွေးမြူဖို့အားပေး
"အခုရပ်မိရပ်ဖတွေနဲ့ တွေ့တဲ့အခါ မှာ ကိုယ့်ရဲ့သားသမီးများ၊ မြေးများ၊ တူ တူမများကို နိုင်ငံ့ရဲ့အကျိုး၊ ကိုယ့်ပြည်နယ် ရဲ့ အကျိုး၊ ကိုယ့်ရဲ့တိုင်းရင်းသားတွေရဲ့ အကျိုးကို ထမ်းဆောင်ချင်တဲ့ စိတ်ဓာတ် တွေ မွေးပေးပါ။ ကိုယ်တစ်ယောက်တည်း အတွက် မဟုတ်ဘူး။ ကိုယ့်မိသားစု တစ်ခု တည်းအတွက် မဟုတ်ဘူး။ ကိုယ့်ရဲ့ ပြည်ထောင်စုကြီးအတွက် မှန်ကန်တဲ့ စိတ်ထားတွေ မွေးမြူဖို့အတွက် အားပေး ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ အထူး သဖြင့် ပညာရေးဘက်မှာ ကျောင်းဆရာ ဆရာမလုပ်ဖို့ စိတ်ဝင်စားတဲ့ကလေးတွေ ရဲ့ နှလုံးသားထဲမှာ အများရဲ့တာဝန်ကို ထမ်းဆောင်ချင်တဲ့ စိတ်ထည့်ပေးဖို့ အင်မတန် အရေးကြီးပါတယ်။ ကျောင်း ဆရာ ဆရာမ တစ်ယောက်ချင်း တစ်ယောက်ချင်းဟာ ထောင်သောင်း များစွာသော တပည့်များကို ပြုစုပျိုးထောင် ပေးမယ့်ပုဂ္ဂိုလ်များ ဖြစ်လို့ပါ။ ဒါဟာ အင်မတန်မှ အရေးကြီးတာ ဖြစ်ပါတယ်။
"မြို့မိ၊ မြို့ဖတွေထဲက တင်ပြချင်တာ တွေ၊ ပြောချင်တာဆိုချင်တာတွေရှိရင် တင်ပြပါ၊ ပြောပါ၊ ဆိုပါလို့ အားပေးချင် ပါတယ်။ ဒီတစ်ကြိမ် ချင်းပြည်နယ်ရောက် တဲ့အခါမှာ အတွေးအခေါ်လေးတချို့ ပေါ်လာတာတွေကိုလည်း တိုင်းရင်းသား ညီအစ်ကို မောင်နှမများကို မျှဝေချင် ပါတယ်။ ငယ်ငယ်တုန်းက စောင်ဆိုရင် ပြည်တွင်းကထုတ်တဲ့ ချင်းစောင်မှ တန်ဖိုး ရှိတယ်။ တကယ်လည်း ကောင်းတယ်လို့ သတ်မှတ်တယ်။ ငယ်ငယ်တုန်းကလည်း ချင်းစောင်ပဲ ခြုံခဲ့ရတယ်။ ချင်းစောင်ကို ကလေးတွေကို တစ်ယောက်တစ်ထည် ပေးထားတယ်။ ကိုယ့်စောင်နဲ့ ကိုယ်ဆိုရင် အဲဒီစောင်တွေကို တော်တော်ကို တွယ်တာ သွားတယ်။ စောင်က ဟောင်းဟောင်း လာတော့ ပြောင်းမယ်ဆိုရင်လည်း မပြောင်းချင်ဘူး။ အခုထိ မှတ်မိသေး တယ်။ ကျွန်မ ကြီးလာတဲ့အချိန်ဆိုရင် စောင်နှစ်ထည်ပဲ သုံးခဲ့ရတယ်။ ချင်းစောင် ကို အဲဒီလောက် တန်ဖိုးထားတယ်။ နောက် ဖေဖေ့ကို ပေးခဲ့တဲ့ ချင်းစောင် ဆိုရင် အခုထိ ကျွန်မဆီမှာရှိတယ်။ ထိန်းသိမ်းထားပါတယ်။
"ချင်းစောင်လုပ်ငန်းကို ပြန်ပြီး ရှင်သန်အောင် လုပ်စေချင်တယ်။ အခု ခေတ်မှာဆိုရင် သိုးမွှေးလေးနည်းနည်း ထည့်ရက်လည်း ဖြစ်နိုင်တယ်။ လုံးဝ သိုးမွှေးမဟုတ်ရင်တောင် သဘာဝချည် တွေနဲ့ ချင်းစောင်လုပ်ငန်းတွေကို ပြန်ပြီး အားပေးချင်တယ်။ အဲဒါကို အစိုးရဘက် ကလည်း ကူညီသင့်တယ်၊ ပြည်နယ် အစိုးရဘက်ကလည်း ကူညီသင့်တယ်။ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တွေ ကလည်း ဒီဟာမျိုးမှာ ရင်းနှီးမြှုပ်နှံစေချင် တယ်။
ရိုးရာဝတ်စုံတွေမပျောက်သွားအောင်
"နောက်ပြီးတော့ ချင်းတိုင်းရင်း သား ဝတ်စုံတွေက အင်မတန်မှလှတယ်။ အင်မတန်မှလည်း စုံတယ်။ ရိုးရာဝတ်စုံ တွေ မပျောက်သွားအောင်လို့ ရိုးရာရက် ထည်တွေကို ပိုပြီးတော့ အားပေးစေချင် တယ်။ အထူးသဖြင့် တောင်ပိုင်းချင်းမှာ ဆိုရင် ရိုးရာအဆင်တွေကို သဘာဝချည် တွေနဲ့ရက်ပြီး စီးပွားရေးလုပ်တာ အတိုင်း တာတစ်ခုအထိ အောင်မြင်တယ်။ ဈေး ကတော့ ကြီးတယ်။ ဈေးကြီးပေမယ့် သူရဲ့လက်ရာကောင်းလို့၊ တန်တာကြောင့် ရောင်းရတယ်လို့ ထင်ပါတယ်။
သဘာဝ ချည်တွေနဲ့မှဖြစ်
"နိုင်ငံခြားသားတွေဆိုရင် ဂျပ်ခုတ် ထည်တွေကို အင်မတန်မှတန်ဖိုးထား တယ်။ ရိုးရာလည်း မပျက်သွားအောင်၊ စီးပွားလည်းဖြစ်အောင်လို့ စဉ်းစားကြ ပါလို့ တိုက်တွန်းချင်ပါတယ်။ အဲဒီလို လုပ်တဲ့အခါမှာ သဘာဝ ချည်တွေနဲ့ လုပ်ဖို့တော့ အရေးကြီးပါတယ်။ ဈေးကြီး ကြီးနဲ့ ရိုးရာအထည်တွေကို ရောင်းချင် တယ်ဆိုရင် သဘာဝချည်တွေနဲ့မှ ဖြစ် မယ်။ အဲဒါမှ မဟုတ်ရင် ဈေးကြီးကြီး ပေးပြီးတော့ ဝယ်မယ့်သူတွေ ရှာရခက်ပါ လိမ့်မယ်။
"နောက်တစ်ခု သတိထားမိတာ ကတော့ ချင်းအမျိုးသမီးတွေရဲ့ ဝတ်စုံက တော်တော်လေးတယ်။ တော်တော်လေး တယ်ဆိုတော့ ချင်းအမျိုးသမီးတွေက အားသာမယ်လို့ ထင်တယ်။ ချင်း အမျိုး သမီးတွေ တော်တော်ကျန်းမာခိုင်မာလို့ အဝတ်အစားတွေကို နှစ်ပေါင်းများစွာ ရိုးရာအရ ဝတ်ခဲ့နိုင်တာပဲလို့ သဘော ပေါက်ပါတယ်။ ချင်းကလေးများ နည်း နည်းတော့ ထွားဖို့လိုတယ်လို့ ထင်တယ်။ အာဟာရပြည့်ဝဖို့လည်း အရေးကြီး ပါတယ်။
မိသားစုသဖွယ်ဆွေးနွေး
"ဒါကြောင့် ပြည်နယ်အစိုးရက ဦးစီးပြီးတော့ ဘယ်လိုအစားအစာတွေ စားရင် အာဟာရ ပြည့်ဝစေမလဲဆိုတာကို အများပြည်သူသိအောင် ပညာပေးစေချင် ပါတယ်။ မြို့မိ၊ မြို့ဖတွေကလည်း ဒါကို လေ့လာပြီးတော့ ကိုယ့်ရဲ့သားသမီးတွေကို အာဟာရပြည့်ဝစေတဲ့ အစားအစာ တွေကို ကျွေးစေချင်ပါတယ်။ ဒါမှ ထွားထွားကျိုင်းကျိုင်း သန်သန်မာမာနဲ့ သူတို့ရဲ့တတ်ထားတဲ့ ပညာတွေကို ဒီပြည်နယ်အတွက် သုံးနိုင်မှာဖြစ်ပါတယ်။ အဲဒီတော့ ကလေးတွေရဲ့ကျန်းမာရေးကို ဂရုစိုက်ပေးပါ။ ကလေးတွေရဲ့ ပညာရေးကို လူကြီးတွေက အားပေးတာသိရလို့ ကျွန်မ အင်မတန်မှ ဝမ်းသာတယ်။ ဆက်ပြီးတော့ လည်းအားပေးပါ။ အစိုးရအနေနဲ့လည်း တတ်နိုင်သမျှ ပညာရေး၊ ကျန်းမာရေး ဘက်မှာ ပံ့ပိုးပေးပါမယ်။ နိုင်ငံဖွံ့ဖြိုးတာနဲ့ အမျှ ပိုပြီးတော့ ပညာရေး၊ ကျန်းမာရေး ဘက်မှာ ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါ တယ်။ မေးမြန်းစရာရှိတာ မေးမြန်းဖို့ ပွင့်ပွင့်လင်းလင်းနဲ့ ရဲရဲတင်းတင်းပြောနိုင် ပါတယ်။ မိသားစုသဖွယ် တစ်ဦးနဲ့တစ်ဦး ဆွေးနွေးတဲ့ သဘောဖြစ်ပါတယ်}} ဟု ပြောကြားသည်။
ထို့နောက် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များ ကို တင်ပြကြရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဖြေကြား ကြသည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆန်အိတ် ၁၀၀ နှင့် ဆီပိဿာ ၁၀၀ တို့ကို မြို့မိမြို့ဖများထံ ပေးအပ်ပြီး တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ညနေပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်ရဟတ်ယာဉ်ဖြင့် တီးတိန်မြို့ သို့ ရောက်ရှိကြပြီး မြို့နယ်ခန်းမ၌ ကျင်းပ သည့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။
များစွာသောစိန်ခေါ်မှုများ
တွေ့ဆုံစဉ် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က တီးတိန်ရောက်တဲ့အခါ စွန့်စား ရဲသူ အောင်နိုင်မှုရတယ်ဆိုပြီး ဆိုင်းဘုတ် ကြီးများရေးထားသည်ကို တွေ့ရပါ ကြောင်း၊ ယင်းသည် ချင်းတိုင်းရင်းသား များကို ကိုယ်စားပြုသည်ဟု မိမိအနေဖြင့် ထင်မြင်မိပါကြောင်း၊ အဘယ်ကြောင့် ဆိုသော် ယခုကဲ့သို့ တောင်တန်းများ ပေါ်တွင် နေနိုင်ဖို့ဆိုသည်မှာ စွန့်စားမှု စိတ်ဓာတ်နှင့် ပြည့်ဝမှသာ နေနိုင်မည် ဖြစ်ပါကြောင်း၊ ရာသီဥတု ကြမ်းတမ်းပြီး ပထဝီအနေအထားသည် အခြားနေရာ များထက် သွားရလာရသည်မှာ စိန်ခေါ်မှု များစွာရှိသည်ကို မြင်ရပါကြောင်း၊ များစွာသော စိန်ခေါ်မှုများနှင့် နေနိုင် သည်ဆိုခြင်းကို မိမိတို့ သိရပါကြောင်း။
ထို့ကြောင့် မိမိတို့အနေဖြင့် ချင်း ပြည်နယ်ကို အထူးဂရုထားပြီး ဖွံ့ဖြိုး တိုးတက်မှုလုပ်ငန်းများ လုပ်ဆောင် ပေးရန် အမြဲအစီအစဉ်ရှိပါကြောင်း၊ ယခုတီးတိန်မြို့နယ်မှ တင်ပြထားသည့် ကိစ္စရပ်နှစ်ခုတွင် တစ်ခုမှာ တီးတိန်မြို့နယ်၊ တွန်းဇံမြို့နယ် နှစ်မြို့နယ် စုစည်း၍ တီးတိန်မြို့ကို ခရိုင်မြို့အဖြစ် တိုးချဲ့ဖွဲ့စည်း ပေးနိုင်ရေးဖြစ်ပြီး ယင်းကိစ္စနှင့် ပတ်သက် ပြီး လုပ်ဆောင်ရမည့် ကိစ္စများစွာ ရှိပါ ကြောင်း၊ လုပ်ငန်းစဉ်များ တစ်ဆင့်ပြီး တစ်ဆင့် သွားရမည်ဖြစ်သည့်အတွက် အချိန်ယူပြီး လုပ်ရမည်ဖြစ်ပါကြောင်း။
အထူးအစီအစဉ်တစ်ရပ်ဆောင်ရွက်
နောက်တစ်ခုမှာ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း တီးတိန်မြို့ပေါ်တွင် မဟာဓာတ်အားလိုင်း သွယ်တန်းခြင်း လုပ်ငန်းကို အထူးအစီအစဉ်တစ်ရပ် အဖြစ် ဆောင်ရွက်ပေးပါရန်ဖြစ်ပြီး ဝန်ကြီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်အတွင်းပြီးအောင် လုပ်ဆောင်ပေးရန် လျာထားသည့်အတွက် ယင်းကိစ္စနှင့် ပတ်သက်၍ ကျေနပ်လိမ့်မည်ဟု မျှော်လင့် ပါကြောင်း၊ နောက်ဆုံးတစ်ခုမှာ ပညာ ရေးနှင့် ဆိုင်ပါကြောင်း၊ တီးတိန်မြို့တွင် အစိုးရနည်းပညာ အထက်တန်းကျောင်း အပြင် အစိုးရစက်မှုလက်မှုသိပ္ပံ GTI ထပ်မံဖွင့်လှစ်ပေးရန် တောင်းဆိုထားခြင်း ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် အစိုးရ နည်းပညာအထက်တန်း တစ်ကျောင်း ရှိပြီး ပလက်ဝတွင် အစိုးရနည်းပညာ အထက်တန်းကျောင်းတစ်ကျောင်း ထပ်မံ ဖွင့်လှစ်မည်ဖြစ်သည့်အတွက် တီးတိန် တွင် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း ဖွင့်လှစ်ရန် အချိန်အနည်းငယ်စောင့် ပေးစေလိုပါကြောင်း။
စည်းကမ်းသေဝပ်မှုကို
အားပေးရာရောက်
ယခင်က ချင်းပြည်နယ်ဘက်ကို စည်းရုံးရေးခရီးလာရောက်ချိန် မိမိ၏ ဟောပြောပွဲများတွင် ကလေးများသည် ရှေ့ဆုံးကနေ၍ နားထောင်ကြပါကြောင်း၊ ကလေးများသည် မိမိတို့၏ အနာဂတ် ဖြစ်သည့်အတွက် ယခုလိုဆွေးနွေးပွဲများ တွင် ပါဝင်သင့်ပါကြောင်း၊ ကလေးများ သည် လုံးဝနားမလည်ဘူး ဆိုသော်လည်း ဆွေးနွေးပွဲများသည် လူတိုင်းနှင့် သက်ဆိုင်ပါကြောင်း၊ ဒီမိုကရေစီ ဆိုသည် မှာ အကြီးအငယ်မရွေး၊ အယုတ်အညံ့ မရွေး အားလုံးအတူတူ ပါဝင်နိုင် သည့် အခွင့်အရေးရှိသည်ကို ငယ်ငယ် ကတည်းက စိတ်ထဲတွင် စွဲသွားစေရန် ဖြစ်ပါကြောင်း၊ ထို့ပြင် စည်းကမ်းသေဝပ် မှုကို အားပေးရာရောက်ပါကြောင်း၊ ဆွေးနွေးပွဲများတွင် ပါဝင်မည်ဆိုပါက စည်းနှင့်ကမ်းနှင့် ငြိမ်ငြိမ်သက်သက် နေရသည်ကို ကလေးများသည် ငယ်ငယ် ကတည်းက စိတ်ထဲတွင်စွဲသွားပါက တစ်သက်လုံး စည်းကမ်းရှိမှုကို စိတ်ချ ရမည်ဖြစ်ပါကြောင်း။
ယခုရသည့် အချိန်တိုအတွင်းတွင် ရပ်မိရပ်ဖများအနေဖြင့် မျှော်လင့်ချက် များနှင့် အစိုးရထံမှ သိချင်သည်များကို မေးမြန်းနိုင်ပါကြောင်း၊ မိမိအနေဖြင့် လည်း ပြန်လည်ဖြေကြားပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များ ကို တင်ပြကြရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဖြေကြားကြပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဖြည့်စွက်ဆွေးနွေးပြောကြားကာ ဒေသခံ ပြည်သူများကို ရင်းရင်းနှီးနှီး နှုတ်ဆက် သည်။ သတင်းစဉ်

No comments:

Post a Comment