Tuesday, January 8, 2019

အရှေ့တောင်အာရှ မူလတန်းပညာသင်ယူတတ်မြောက်မှု အကဲဖြတ်စစ်ဆေးရေးဆိုင်ရာ ကြီးကြပ်ရေးမှူးနှင့် ကျောင်းညှိနှိုင်းရေးမှူး သင်တန်းဖွင့်


Image may contain: 5 people, text and indoor
နေပြည်တော် ဇန်နဝါရီ ၇
အရှေ့တောင်အာရှ မူလတန်းပညာသင်ယူတတ်မြောက်မှု အကဲဖြတ်စစ်ဆေးရေး (South-East Asia Primary Learning Metrics-SEA-PLM)ဆိုင်ရာကြီးကြပ်ရေးမှူးများ (Test Administrators)နှင့် ကျောင်းညှိနှိုင်းရေး မှူးများ (School Coordinators) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်၈နာရီတွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ်Grand Ballroom ခန်းမ၌ ကျင်းပသည်။
အဓိပ္ပာယ်ပြည့်ဝသော သင်ယူမှုရလဒ်
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားသည် အရှေ့တောင်အာရှဒေသတွင်း မူလတန်းပညာရေးအဆင့် လေ့လာသင်ယူမှုအား သုတေသနပြုလုပ် စစ်ဆေးအကဲဖြတ်ရာတွင် တာဝန်ယူဆောင်ရွက်ကြမည့် ကြီးကြပ်ရေးမှူးများ၊ ကျောင်းညှိနှိုင်းရေးမှူးများအတွက် ဖွင့်လှစ်သည့်သင်တန်း ဖြစ်ပါကြောင်း၊ ယခုဆောင်ရွက်မည့် သုတေသနလုပ်ငန်းသည် အာဆီယံဒေသ တွင်းရှိGrade-5 အဆင့် ကျောင်းသားလူငယ်များအား စစ်ဆေးအကဲဖြတ် သည့် ''စံ''တစ်ခုဖြင့် လေ့လာဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ စစ်ဆေးအကဲဖြတ် လေ့လာတွေ့ရှိချက်များကို အစီရင်ခံစာများရေးသားပြုစု၍ ပညာရေးဆိုင်ရာ မူဝါဒချမှတ်သူထံ တင်ပြသွားခြင်းဖြင့် အဓိပ္ပာယ်ပြည့်ဝသော သင်ယူမှုရလဒ် များရရှိအောင် ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း။
ပထမဦးဆုံးစစ်ဆေးမည့်နိုင်ငံ
၂ဝ၁၉ ခုနှစ်အတွင်းSEA-PLM ပုံမှန်စစ်ဆေးလေ့လာမှု (Main Survey) ကို အာဆီယံနိုင်ငံ ခုနစ်နိုင်ငံတွင် ပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ အနေဖြင့် ပထမဦးဆုံးစစ်ဆေးမည့်နိုင်ငံဖြစ်ပါကြောင်း၊ အရေးစွမ်းရည်၊ အဖတ် စွမ်းရည်၊ သင်္ချာစွမ်းရည်နှင့် လူသားကောင်းဖြစ်မှု စသော နယ်ပယ်များကို လေးနှစ်တစ်ကြိမ် ပုံမှန်စစ်ဆေးအကဲဖြတ်သွားမည်ဖြစ်ပါကြောင်း၊ ဆီမီယို (SEAMEO)၊ ယူနီဆက် အရှေ့အာရှဒေသဆိုင်ရာ ရုံး(UNICEF-EAPRO) တို့က ငွေကြေးအထောက်အပံ့ပေးပြီး သြစတြေးလျနိုင်ငံ ပညာရေးသုတေသန ကောင်စီ(Australian Council for Educational Research-ACER) က နည်းပညာပံ့ပိုးပေးမှုများဖြင့် နိုင်ငံတကာအဆင့်မီ ပညာရည်စစ်ဆေးအကဲဖြတ် စံတစ်ခုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခုပြုလုပ်သောလေ့လာ စစ်ဆေးအကဲဖြတ်မှုတွင် ထူးခြားမှုအနေဖြင့် လူသားကောင်းဖြစ်မှုနယ်ပယ် အား ထည့်သွင်းစစ်ဆေးထားသည်ကို တွေ့ရပါကြောင်း၊ ကမ္ဘာပေါ်တွင် အရေး စွမ်းရည်စစ်မေးသည့် ပထမဦးဆုံးစစ်ဆေးမှုဖြစ်ပြီး ဆီမီယိုအဖွဲ့ဝင်နိုင်ငံများ အကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်း၏ ရလဒ်လည်းဖြစ်ပါကြောင်း၊ သက်ဆိုင်ရာအစိုးရများနှင့် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များကို စွမ်းဆောင် ရည်မြှင့်တင် သင်တန်းများပေး၍ အဖွဲ့ဝင်နိုင်ငံအသီးသီးရှိ ပညာရေးစနစ်တွင် ထည့်သွင်းဆောင်ရွက်ရန် ရည်ရွယ်ပါကြောင်း။
ယခုဆောင်ရွက်မည့် ပုံမှန်စစ်ဆေးအကဲဖြတ်မှု (SEA-PLM Main Survey) ကို ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ရွေးချယ် ထားသော ကျောင်းပေါင်း ၂ဝ၂ ကျောင်းမှ ကျောင်းသား ကျောင်းသူပေါင်း ၅၈၅၃ ဦးကို စစ်ဆေးအကဲဖြတ်သွားမည်ဖြစ်ပါကြောင်း၊ ယင်းအပြင် မိဘ ၅၈၅၃ ဦး၊Grade-5 သင်ကြားသည့် ဆရာ ဆရာမ ၄၄၁ ဦး၊ ကျောင်းအုပ်ကြီး ၂ဝ၂ ဦးကိုလည်း စစ်တမ်းမေးခွန်းလွှာများကို ဖြည့်သွင်းစေမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ မူလတန်းပညာရေးသင်ယူတတ်မြောက်မှု တိုင်းတာစစ်ဆေးရေး (SEA-PLM) လုပ်ငန်းအောင်မြင်ရေးအတွက် အားလုံးညီညီညွတ်ညွတ် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အရည်အသွေးရှိသော ပညာရေးကို ဖော်ဆောင်ပေးကြရန် တိုက်တွန်းပါကြောင်း စသည်ဖြင့်ပြောကြားသည်။
ထို့နောက်ယူနီဆက်ရုံးမှ ဒုတိယဌာနေကိုယ်စားလှယ် Paul Edwards က နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။
ယင်းနောက် အခမ်းအနားကို သင်တန်းအစီအစဉ်အတိုင်း ဆက်လက် ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ယူနီဆက် ဒုတိယဌာနေကိုယ်စား လှယ်Paul Edwards? Education Section Chief MitsueUemura၊ Australian Council for Educational Research (ACER) မှResearch Fellow Dr.Jacqueline Cheng၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများ၊ ကျောင်းညှိနှိုင်းရေးမှူး ဆောင်ရွက်မည့် ကျောင်းအုပ်ကြီးများ၊ ကြီးကြပ်ရေးမှူး ဆောင်ရွက်မည့် ဆရာ ဆရာမများ၊ SEA-PLM ၏ဦးစီးကော်မတီဝင်များ၊ နည်းပညာပံ့ပိုးမှု အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည် တော်များ တက်ရောက်ကြသည်။
သင်တန်းအား ဇန်နဝါရီ ၇ ရက်မှ ၉ ရက်အထိ သုံးရက်ကြာ ဖွင့်လှစ်သွား မည်ဖြစ်ပြီး သင်တန်းတွင် စစ်ဆေးအကဲဖြတ်မည့် ၂ဝ၂ ကျောင်းမှ ကျောင်းအုပ် ကြီးများက ကျောင်းညှိနှိုင်းရေးမှူးများအဖြစ် လည်းကောင်း၊ စစ်ဆေးမည့် ကျောင်းနှင့်တစ်မြို့နယ်တည်းရှိ အခြားကျောင်းများမှ ဆရာ ဆရာမ ၂၈၂ ဦးက ကြီးကြပ်ရေးမှူးအဖြစ်လည်းကောင်း တာဝန်ယူဆောင်ရွက်ရန် သင်တန်း တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment