Tuesday, January 8, 2019

မြန်မာ-တရုတ် ကျိန်စမ်းကျော့ နယ်စပ်ဂိတ်ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

Image may contain: 3 people, people sitting, table and indoor
နေပြည်တော် ဇန်နဝါရီ ၇
မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးအတွက် ကျိန်စမ်းကျော့ နယ်စပ်ဂိတ်ပေါက်ဖွင့်လှစ်နိုင်ရေးကိစ္စနှင့်ပတ်သက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေ ၃ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နယ်စပ်ကုန်သွယ်မှုပမာဏ အများဆုံးဖြစ်
အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က မြန်မာနိုင်ငံအနေဖြင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အိမ်နီးချင်းငါးနိုင်ငံနှင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု ဆောင်ရွက်လျက်ရှိရာတွင် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုသည် ပမာဏ အများဆုံးဖြစ်ပြီး ကုန်သွယ်မှုတိုးတက်လျက်ရှိကြောင်း၊ ယခုကဲ့သို့ ကုန်သွယ်မှု တိုးတက်လာရခြင်းမှာ နှစ်နိုင်ငံအစိုးရနှင့် သက်ဆိုင်ရာဌာနများ၊ ကုန်သည် လုပ်ငန်းရှင်များအကြား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုများအပြင် နှစ်နိုင်ငံအကြား ကုန်စည်ပြပွဲများနှင့် ကုန်သွယ်မှုဆိုင်ရာ ဆွေးနွေးပွဲများကို ရင်းနှီးပွင့်လင်းစွာ ကျင်းပနိုင်ခြင်းတို့ကြောင့် ဖြစ်ပါကြောင်း။
နှစ်နိုင်ငံအကြား နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ် ဖြတ်ကျော် ကုန်သွယ်ရေးကို အလေးထားဆောင်ရွက်ရာတွင် နယ်စပ်နေပြည်သူ များ အကျိုးစီးပွားဖြစ်ထွန်းရေး၊ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေ ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးတို့ကို မျှော်မှန်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ နှစ်နိုင်ငံကုန်သည်လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များ တိုးမြှင့်တင်ပို့နိုင်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ မိမိတို့ဌာနဆိုင်ရာ များအပိုင်းမှလည်း ကုန်သွယ်မှု လွယ်ကူလျင်မြန်ချောမွေ့စေရေးအတွက် ကောင်းမွန်သင့်မြတ်သောနည်းလမ်းများ ရှာဖွေပံ့ပိုးပေးသွားပါက နှစ်နိုင်ငံ ကုန်သွယ်မှု ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ လက်ရှိ ဖရဲ၊ သခွားထွက် ပေါ်သည့် ရာသီကာလတွင် ကားလမ်းပိတ်ဆို့မှုများဖြစ်ပေါ်နေပြီး ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေးအတွက် ဆောင်ရွက်သင့်သည်များအား နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းပေါင်းစပ်ဖြေရှင်းပေးရန် လိုအပ်ကြောင်း။
ကျိန်စမ်းကျော့နယ်စပ်ဂိတ်ကို နှစ်နိုင်ငံညှိနှိုင်း၍ သတ်မှတ်ချက်နှင့်အညီ တရားဝင်ပုံမှန်ဂိတ်ဖြစ်စေရေး ဆောင်ရွက်ခြင်းဖြင့် ယာဉ်ကြောပိတ်ဆို့မှုများ လျော့နည်းလာမည်ဖြစ်ပြီး ကုန်သွယ်မှုလျင်မြန်ချောမွေ့လာမည် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပေါ်နေသဖြင့် မိမိနိုင်ငံဘက်မှ စိုက်ပျိုးသူ တောင်သူများ ထိခိုက်နစ်နာသကဲ့သို့ ယူနန်ပြည်နယ်ကုန်သည်များဘက်တွင် လည်း ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံညှိနှိုင်း ပေါင်းစပ်ဖြေရှင်းခြင်းဖြင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း နှင့် ရေရှည်တွင် ကုန်သွယ်မှုတိုးတက်စေရေးနှင့် ကုန်သွယ်မှုလျင်မြန်ချောမွေ့ စေရေးအတွက် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
စတင်ဆောင်ရွက်
ယင်းနောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထူးက ကျိန်စမ်းကျော့ (မန်းမန်-နွမ်းရင်) ဂိတ်ဖွင့်လှစ်နိုင်ရေး စတင်ဆောင်ရွက်ခဲ့မှုနှင့် မြန်မာ-တရုတ် ကုန်သွယ်မှုဆောင်ရွက်နေမှု အခြေ အနေတို့ကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီးMrs. Li Xiaoyan က တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်မှ ကုန်သွယ် မှု လျင်မြန်ချောမွေ့စေရေးအတွက် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ၊ ကျိန်စမ်းကျော့ဂိတ် တရားဝင်ဖွင့်လှစ်နိုင်ရေးအတွက် တရုတ်နိုင်ငံဘက်မှ ပူးပေါင်းဆောင်ရွက်ပေးမည့် အခြေအနေများ၊ လတ်တလော ယာဉ်ကြော ပိတ်ဆို့မှုအတွက် နယ်စပ်ဝင်ထွက်ဂိတ်များတွင် ဝင်ထွက်နေမှုများ စစ်ဆေးချိန် ပိုမိုရရှိရေး၊ စစ်ဆေးသည့် ဝန်ထမ်းများ ပိုမိုထားရှိပေးနိုင်မည့် အခြေအနေများ၊ ကုန်သွယ်မှုလွယ်ကူလျင်မြန်ချောမွေ့စေရေးနှင့် နှစ်နိုင်ငံပြည်သူများ အကျိုး ဖြစ်ထွန်းစေရေးတို့အတွက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပေးမည့် အခြေအနေများ ကို ရှင်းလင်းဆွေးနွေးသည်။
ညှိနှိုင်းဆောင်ရွက်ပေးသွားမည်
ယင်းနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးသံမှူးက နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှု မြန်ဆန်လွယ်ကူစေရေးအတွက် နှစ်နိုင်ငံညှိနှိုင်းပြီး နယ်စပ် ကုန်သွယ်ရေးဂိတ်များ တိုးချဲ့ဖွင့်လှစ်နိုင်ရေးစီစဉ်ဆောင်ရွက်သွားမည်ဖြစ် ကြောင်းနှင့် ကျိန်စမ်းကျော့ဂိတ်အား အမြန်ဆုံးဖွင့်လှစ်နိုင်ရေးအတွက် လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဆွေးနွေး သည်။
ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် တက်ရောက်လာသည့်ဌာနများမှ တာဝန်ရှိသူများက ဌာနအလိုက်ဆောင်ရွက် နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
သတင်းစဉ်

No comments:

Post a Comment