Tuesday, December 4, 2018

ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေးတွင် ရိုက်ကူးထုတ်လုပ်ကြမည့်သူများ၏ ရင်တွင်းစကားသံများ

Image may contain: 1 person
ရန်ကုန် ဒီဇင်ဘာ ၃
ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်းကော်မတီ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၂ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပခဲ့ရာ ရိုက်ကူးထုတ်လုပ်ကြမည့်သူများ၏ ရင်တွင်းစကားသံများကို မြန်မာ့သတင်းစဉ် က မေးမြန်းဖော်ပြလိုက်ရပါသည်-
ဒါရိုက်တာအကယ်ဒမီ ဦးထွန်းအောင်ဇော်
ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးရေးမှာ Location Manager ပါ။ ရုပ်ရှင်ကား ပြီးအောင်ရိုက်ဖို့ တာဝန်ယူထားပါတယ်။ သူတို့အားလုံး ရုပ်ရှင်ရိုက်ဖို့ ပြင်ဆင် တာကို ကျွန်တော်က ဝိုင်းပြီးအကောင်အထည်ဖော်ရမယ့်သူပါ။ လိုအပ်တဲ့ နေရာမှာ နောက်ဘက်ကနေရှိနေရမယ့် ရဲဘော်ရဲဘက်တွေပါ။ ရုပ်ရှင် စရိုက်တာကနေ ပြီးတဲ့အထိ ပတ်စာခွာဖျာသိမ်းဖို့အထိ လုပ်ပေးဖို့ စဉ်းစား ထားပါတယ်။ အားလုံးကောင်းအောင် လုပ်ကြမှာပါ။ ကျွန်တော့်အနေနဲ့တော့ ဗိုလ်ချုပ်ရုပ်ရှင်ကို ပိုတာလည်း မရှိစေချင်ဘူး။ လိုတာလည်း မရှိစေချင်ဘူး။ တိတိကျကျဖြစ်အောင် ကြိုးစားမယ်လို့ စိတ်ထဲမှာရှိပါတယ်။
ဦးလူမင်း
အရင်ကထက်စာရင် ရိုက်ဖို့လမ်းကြောင်းပေါ်ရောက်နေပြီလို့ ပြောလို့ ရပါပြီ။ ဇာတ်ညွှန်းက အရေးအကြီးဆုံးပါပဲ။ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဆိုတာက ထိုင်တွေး ငေးပြီးရေးလို့ရတဲ့ ဇာတ်ညွှန်းမျိုး မဟုတ်ပါဘူး။ တကယ့်ကို စာအုပ်ပုံထဲမှာ ရှာဖွေပြီးတော့ သမိုင်းဆိုင်ရာအချက်အလက်တွေ၊ သမိုင်းပညာရှင်ကြီးတွေနဲ့ အတည်ပြုချက်ယူပြီးမှ ရေးရတာဖြစ်ပါတယ်။ ဗိုလ်ချုပ်ရဲ့ အကြောင်းအရာကိုက အားလုံးကောင်းနေတော့ လုပ်ရမယ့်အပိုင်း မှာ အကြိမ်ကြိမ် အထပ်ထပ် အဆင့်ဆင့် ဆွေးနွေးညှိနှိုင်းပြီး ရေးနေရတဲ့ အနေအထားရှိပါတယ်။ ဇာတ်ညွှန်း နောက်ဆုံးကျမှသာ ကျွန်တော်က ဒါရိုက်တာတစ်ယောက်အနေနဲ့ ကြီးကြပ်ရိုက်ကူးမှာပါ။ ဒါရိုက်တာ ဦးညီညီထွန်းလွင်တို့၊ ဒါရိုက်တာအကယ်ဒမီ ကိုဇော်မြင့်ဦးတို့က ကြီးကြပ်ပြီး ဇာတ်ညွှန်းလည်း အဖွဲ့ဖွဲ့ထားပါတယ်။ အဓိကရေးတာက ကိုဘုဏ်းသိုက်နဲ့ ကိုအောင်ကြီးက ရေးပါတယ်။ ဇာတ်ညွှန်းကိုစိုးသီဟ၊ ကိုရည်နန်းသိုက် အပြင် အခြားဒါရိုက်တာတွေလည်း ဇာတ်ညွှန်းအဖွဲ့မှာပါပြီး အားလုံး တိုင်ပင်ပြီး ရေးနေပါတယ်။ ရေးပြီးသလောက်ကို သမိုင်းပညာရှင်တွေနဲ့ အချက်အလက်တွေ စိစစ်ပြီးအတည်ပြုပါတယ်။ အတည်ပြုပြီးမှ အကြိမ်ကြိမ် ဆွေးနွေးပါတယ်။
ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့ကြီးကို ပထမအဆင့်အနေနဲ့ ဖွဲ့စည်းထားပြီးပါပြီ။ ပြီးခဲ့တဲ့ အစည်းအဝေးတွေမှာ ကြေညာခဲ့တဲ့အတိုင်း ၂ဝ၁၉ ထဲမှာ ရိုက်ကူး တည်းဖြတ်အဆင့်ကို အပြီးအစီးလုပ်ပြီး ၂ဝ၂ဝ မှာ ရုံတင်နိုင်ရေး အချိန်ကာလ သတ်မှတ်ရည်မှန်းချက်အတိုင်း ဆောင်ရွက်နေပါတယ်။ ဒါပေမယ့် ဒီနေ့ ထပ်ပြောင်းလဲတာကတော့ အရည်အသွေးပိုင်းကို အဓိကထားပြီး ရိုက်ကူး မယ်။ ကျွန်တော့်အနေနဲ့ကတော့ မူလရည်မှန်းထားတဲ့အတိုင်း ရိုက်ပါမယ်။ အကောင်းဆုံးဖြစ်အောင် အရှိန်အဟုန်မြှင့် ကြိုးစားပြင်ဆင်မယ်။ သေချာပြီ၊ မှန်ပြီဆိုမှ လုပ်ပါမယ်။ အချိန်လိုအပ်ခဲ့ရင်တော့ အချိန်ထပ်ယူပါမယ်။ အခု ဇာတ်ညွှန်းကို နောက်ဆုံး တည်းဖြတ်ပြင်ဆင်နေတဲ့ တစ်ချိန်တည်းမှာပဲ သက်ဆိုင်ရာကဏ္ဍအသီးသီးကလည်း တစ်ပြိုင်တည်း ပြင်ဆင်မှုတွေ ကြိုလုပ် နေပါတယ်။
ဒီဇိုင်နာတွေကလည်း ဗိုလ်ချုပ်ဝတ်ခဲ့တဲ့ အဝတ်အစားတွေ၊ ဗိုလ်ချုပ် နေခဲ့တဲ့ အိမ်၊ တပ်မတော်မှတ်တမ်းရုံးတွေကို သွားပြီး လေ့လာတိုင်းထွာဖို့၊ အဝတ်အစား အမျိုးအစား၊ ချုပ်ရိုးချုပ်သား ပုံစံကအစ မှတ်တမ်းမှတ်ရာတွေ ယူပြီး နမူနာစချုပ်နေတဲ့ အဆင့်ရောက်နေပါပြီ။Location အပိုင်းဆိုရင် လည်း ပါဝင်မယ့် သရုပ်ဆောင် စာရင်းတွေ ထွက်နေပါပြီ။ ဒီစာရင်းတွေနဲ့ နဂိုမူလဇာတ်လမ်းထဲမှာရှိတဲ့ တကယ်ရှိခဲ့တဲ့ သရုပ်ဆောင်တွေနဲ့ တူတဲ့သူ တွေကို ဒါရိုက်တာဦးစိုးမိုးက ဦးဆောင်ပြီး သရုပ်ဆောင်တွေ ရွေးချယ်ခေါ်ယူ ဖို့ ပြင်ဆင်နေပါပြီ။ ဗိုလ်ချုပ်ရုပ်ရှင်က ဒါရိုက်တာတစ်ယောက်တည်း ခေါင်းခံပြီး ရိုက်လို့ရတဲ့ ကားမဟုတ်ပါဘူး။ လုပ်လည်း မလုပ်နိုင်ပါဘူး။ အခုပါဝင်တဲ့ အဖွဲ့တွေမှာလည်း ထပ်လိုရင် ထပ်တိုးပြီး ဖွဲ့စည်းသွားမှာပါ။
မမဉ္ဇူ(ဒီဇိုင်နာအဖွဲ့ခေါင်းဆောင်)
ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးရေး အဝတ်အစားတွေအတွက် ကျွမ်းကျင်တဲ့ ဒီဇိုင်နာတွေနဲ့၊ ရုပ်ရှင်နဲ့ပတ်သက်ပြီး တာဝန်ယူနိုင်မယ့် ဒီဇိုင်နာတွေကို ပူးပေါင်းပြီး အကုန်လုပ်ပေးမှာပါ။ အခုလောလောဆယ်လိုတဲ့ ပုံစံတွေ၊ အဝတ် အစားတွေကို စစ်သမိုင်းပြတိုက်မှာ လေ့လာထားပါတယ်။ ဇာတ်ညွှန်းရေးတဲ့ သူတွေ၊ ဒါရိုက်တာတွေနဲ့ပေါင်းပြီး လုပ်သွားမှာပါ။ အဆင့်ပေါင်းများစွာ ကျော်ဖြတ်ရမှာပါ။ သမိုင်းဝင်ရုပ်ရှင်ကြီးမှာ အဖွဲ့အနေနဲ့ လုပ်ပေးရတာ ဂုဏ်ယူပါတယ်။
ဦးဇော်လင်း(သမိုင်းလေ့လာသူ)
ဗိုလ်ချုပ်အောင်ဆန်း၊ ဗမာ့အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုသမိုင်း အဲဒါတွေနဲ့ပတ်သက်ပြီး အချက်အလက်တွေမမှားအောင် စိစစ်ပေးတယ်။ အကြံပေးတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နိုင်ငံရေးဆောင်ရွက်ချက်တွေ၊ ဘာတွေဆောင်ရွက်ခဲ့သလဲ၊ ထူးချွန်တဲ့ အရည်အချင်း၊ အနစ်နာခံစွန့်စား ဆောင်ရွက်ခဲ့တာတွေကို ရုပ်ရှင်မှာ ပါသင့်တာတွေထည့်ဖို့ အကြံပေးတယ်။ ဒီရုပ်ရှင်ကားမှာ အချက်အလက်မှန်ဖို့ရယ်၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နိုင်ငံရေး အရည်အသွေး အထူးသဖြင့် ကျွန်တော့်အမြင်ပြောရရင် ဘဝတစ်လျှောက်လုံး နိုင်ငံရေးမှာ မြှုပ်နှံထားတဲ့ နိုင်ငံရေးသမား၊ တော်လှန်ရေးသမား၊ သူ့ရဲ့ နိုင်ငံရေးထူးချွန်တဲ့ ဆောင်ရွက်ချက်တွေ၊ သူ့ရဲ့လုပ်ရပ်တွေ ပေါ်လွင်အောင် ရိုက်စေချင်တာပါ။
တွေ့ဆုံမေးမြန်း-ရီရီမြင့်၊ ဓာတ်ပုံ-ရဲထွဋ်

No comments:

Post a Comment