Tuesday, December 4, 2018

စာရင်းဇယား အချက်အလက်နှင့် နိုင်ငံတိုးတက်ရေး



မြန်မာ့အလင်းအယ်ဒီတာအာဘော်



တိုးတက်ဖွံ့ဖြိုးရေးအကြောင်းပြောလျှင် စာရင်းဇယား၊ သတင်းအချက် အလက်တို့အကြောင်းကို ယှဉ်တွဲပြောရန် လိုပါမည်။ လက်တွေ့ဘဝထဲရှိ အချက်အလက်မှန်၊ သတင်းမှန်၊ စာရင်းဇယားမှန်တို့ကို မသိဘဲ စီမံကိန်း ကြီးများ အကောင်အထည်ဖော်ရေးကိုသာ ဟန်တပြင်ပြင် မာန်တတင်း တင်းလုပ်နေ၍ အောင်မြင်မည်မဟုတ်ဆိုသည်ကို ဖြတ်သန်းလာခဲ့ပြီးသည့် သမိုင်းအတွေ့အကြုံများအရ မိမိတို့ သိရှိနားလည်ခဲ့ကြပြီး ဖြစ်ပါသည်။
စာရင်းဇယားနှင့် အချက်အလက်အတုအယောင်များ၊ အလိမ် အညာများဖြင့် ဖုံးလွှမ်းနေသော ခေတ်ကာလရှည်တစ်ခုအတွင်း နေခဲ့ရ သည့်နိုင်ငံတော်အဖို့ ယနေ့သိမြင်နေရသည့် အချက်အလက်များ မည်မျှ လောက် မှန်ကန်သလဲဟူသည်မှာ ဆန်းစစ်သင့်သည့် ကိစ္စမျိုးဖြစ်ပါမည်။
ထို့ကြောင့်ပင် ယခင်ခေတ်က ငွေရေးကြေးရေးကိစ္စများ စာရင်းဇယား များကို ပြန်လည်စိစစ်ရင်း ပေါ်လာသည့်ြေ<ွကးမြီများ၊ မမှန်မကန် လုပ်ထား မှုများ၏ ကိန်းဂဏန်းကြီးများကို ကြားသိတွေ့ရှိနေရခြင်း ဖြစ်ပါသည်။
စာရင်းဇယား သတင်းအချက်အလက်များဟုဆိုရာတွင် နိုင်ငံ၏ ကဏ္ဍအသီးသီး၊ နယ်ပယ်အသီးသီးကို ယေဘုယျအားဖြင့် လေ့လာစိစစ် ခြုံငုံမိရန်လိုပါမည်။ လယ်ယာမြေ၊ ကျောက်မျက်၊ သစ်တော စသည့် သယံဇာတဆိုင်ရာများ၊ ဆောက်လုပ်ရေး၊ စည်ပင်၊ အကောက်ခွန်၊ အခွန် ဦးစီး၊ လူဝင်မှု၊ တရားရေး၊ ပြည်ထဲရေး၊ စက်မှု၊ ဆည်မြောင်း၊ ပြန်ကြားရေး၊ ယဉ်ကျေးမှု၊ သယ်ယူပို့ဆောင်ရေး၊ ဟိုတယ်နှင့်ခရီး စသည် စသည်...။
အထက်ပါ ခေါင်းစဉ်များကိုကြည့်လျှင်ပင် မှန်ကန်တိကျသော စာရင်းဇယားနှင့် အချက်အလက်များ လိုအပ်သည်ဆိုခြင်းကို ရိပ်မိလောက် ပါမည်။ အနာဂတ်စီမံကိန်းများနှင့် လုပ်ငန်းစဉ်များကို မည်သည့် အချက် အလက်များပေါ်မှာ အခြေခံကာ တွက်ချက်နေကြသလဲ၊ မည်သည့် စာရင်း ဇယားများပေါ်မူတည်ကာ စီမံကိန်းများ ရေးဆွဲနေသလဲ ဆိုသည်တို့က စိန်ခေါ်မှုစစ်စစ်များ ဖြစ်ပါလိမ့်မည်။
တိုင်းဒေသကြီးများ၊ ပြည်နယ်များရှိ မြို့နယ်များ၊ ရပ်ကွက်များ၏ လူဦးရေတိုးတက်လာမှု စာရင်းများသည်ပင် မှန်မှန်ကန်ကန် ရှိပါရဲ့လား၊ ပြီးခဲ့သော အနှစ် ၂ဝ တွင်းက မှုခင်းဖြစ်ပွားမှုနှင့် မှုခင်းအမျိုးအစားဆိုင်ရာ ရာခိုင်နှုန်းနှင့် စာရင်းဇယားများက အစစ်အမှန်ဖြစ်ပါရဲ့လား စသည့် ရရှိရန် မခက်ခဲလှသော အချက်အလက်များသည်ပင် လက်တွေ့ဘဝတွင်းမှာ အမှန်အတိုင်း ရနေပါရဲ့လားဆိုသည်က မေးခွန်းများ ဖြစ်နေသည်။
ဥပမာဆိုရပါမူ လေယာဉ်ကွင်းမှာ နေ့တိုင်း အတက်အဆင်းလုပ်နေ သည့် လေယာဉ်ပျံများထံမှ ရရှိသောဝင်ငွေက တိုင်းပြည်ဘဏ္ဍာငွေ ထဲသို့ မည်မျှမည်ပုံ ဝင်ရောက်နေသည်ကို တိတိကျကျ ခွဲခြမ်းစိတ်ဖြာ ထည့်မတွက်ဘဲ လေယာဉ်ကွင်းအသစ်တည်ဆောက်ရေး စီမံကိန်းတစ်ခုကို မည်သို့အကောင်အထည်ဖော်မှာလဲ။
လမ်းအကျယ် မည်ရွေ့မည်မျှရှိပါမှ တိုက်အမြင့် မည်မျှလောက် ဆောက်သင့်သည်ဆိုသည့် အခြေခံစည်းမျဉ်းစည်းကမ်းများ ခိုင်ခိုင်မာမာ မပြဋ္ဌာန်းနိုင်သေးခင် ရွာလမ်းသာသာနေရာများတွင် ၆ ထပ် ၇ ထပ် ဆောက်ချင်သလို ဆောက်ခွင့်ပြုနေသည့် ¶ဖြိုးမှုထိန်းကွပ်ခြင်းဆိုင်ရာ အချက်အလက်များ မပြည့်မစုံဖြစ်နေခြင်းက မြို့များ စည်ပင်သာယာရေး ကို အထောက်အကူပြုမည်လား၊ အကျပ်အတည်းတွေ့စေမည်လား ဆိုသည်ကို မည်သို့ဆုံးဖြတ်ကြမလဲ။
အချက်အလက်များ၏ တိကျသေချာမှု၊ မှန်ကန်မှုကို နှစ်ပေါင်းများစွာ လျစ်လျူရှုထားခဲ့သောအခါ ယနေ့ လက်ထဲရောက်နေသည့် စာရင်းဇယား များကို ယုံကြည်ရသော အချက်အလက်များဖြစ်အောင် မည်ကဲ့သို့ ပြန်လည်စိစစ်ကြမလဲဆိုသည်ကို ဆန်းစစ်ကြရလိမ့်မည်ဟု ထင်မြင်မိ ပါကြောင်း။ ။

No comments:

Post a Comment