Tuesday, December 4, 2018

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

Image may contain: 12 people, people smiling, people sitting and indoor
နေပြည်တော် ဒီဇင်ဘာ ၃
၂ဝ၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေး များဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကားပြောကြား သည်။
တက်ရောက်
အခမ်းအနားသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ နိုင်သက်လွင်နှင့် ဦးကျော်တင်၊ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ ဦးကျော်မျိုးနှင့် ဦးစိုးအောင်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သံတမန်များ၊ အမြဲတမ်း အတွင်းဝန်များ၊ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မသန်စွမ်းသူများ၏အခွင့်အရေးများ ဆိုင်ရာ အမျိုးသားကော်မတီဝင်များ၊NGO၊ INGO များ၊ ဂုဏ်ပြုဆုချီးမြှင့်ခြင်းခံရသူများ၊ မသန်စွမ်းသူများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှ ကျောင်းသား ကျောင်းသူများက ထမ်းရွက်သယ်ပိုး နိုင်ငံ့အကျိုးတေးသီချင်းဖြင့် သီဆိုဖျော်ဖြေ ကြသည်။
ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အမှာစကားပြောကြားရာတွင် ၁၉၉၂ ခုနှစ်မှစတင်၍ နှစ်စဉ် ဒီဇင်ဘာလ ၃ ရက်ကို အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အဖြစ် ကုလသမဂ္ဂအဖွဲ့ကြီးက ဂုဏ်ပြု သတ်မှတ်ထားပါကြောင်း၊ မြန်မာနိုင်ငံတွင် မသန်စွမ်းသူ များ၏အခွင့်အရေးနှင့် စွမ်းဆောင်နိုင်စွမ်းများကို လူ့အဖွဲ့အစည်းအတွင်း သိရှိအလေးထားလာကြစေရန် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ၁၉၉၄ ခုနှစ်က စတင်၍ နှစ်စဉ် ဒီဇင်ဘာလ ၃ ရက်တွင် အစဉ်အလာမပျက် ဂုဏ်ပြု ကျင်းပခဲ့ရာ ယခု၂ဝ၁၈ ခုနှစ်ဆိုလျှင် (၂၅)ကြိမ်ပြည့်မြောက် ပြီဖြစ်ပါကြောင်း။
ကမ္ဘာ့လူဦးရေ သန်းပေါင်း ၇ဝဝဝ ကျော်အနက် ဆယ်ပုံတစ်ပုံခန့်သည် မသန်စွမ်းသူများဖြစ်ကြပြီး ၈ဝ ရာခိုင်နှုန်းခန့်သည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်လျက်ရှိ ကြပါကြောင်း၊ မသန်စွမ်းသူများ ခံစားတွေ့ကြုံနေကြရသည့် အခက်အခဲအတားအဆီးများသည် ၎င်းတို့၏ ချို့ယွင်း အားနည်းမှုကြောင့်မဟုတ်ဘဲ ပတ်ဝန်းကျင်ရုပ်ပိုင်းဆိုင်ရာ၊ စိတ်သဘောထားအမြင်ပိုင်းဆိုင်ရာနှင့် အခြားအတား အဆီးများကြောင့်သာ ဖြစ်ပါကြောင်း။
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုနှင့် တိုက်ရိုက်သက်ဆိုင်
သုတေသနတွေ့ရှိချက်များအရ မသန်စွမ်းမှုသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုနှင့် တိုက်ရိုက်သက်ဆိုင်နေသည့် အပြင် မသန်စွမ်းမှုနှင့် ဆင်းရဲနွမ်းပါးမှုတို့သည်လည်း ဆက်နွှယ်မှုရှိနေပါကြောင်း၊ ကမ္ဘာ့နိုင်ငံအချို့တွင် မသန်စွမ်းသူများ၏အလုပ်အကိုင်ရရှိမှုသည် ၎င်းနိုင်ငံရှိ မသန်စွမ်းလူဦးရေ၏ သုံးပုံ တစ်ပုံသာရှိပါကြောင်း၊ ဖွံ့ဖြိုးဆဲ နိုင်ငံများရှိ မသန်စွမ်းကလေးသူငယ်များ၏ အခြေခံပညာ မူလတန်းအဆင့်တက်ရောက်သင်ကြားမှုနှုန်းနှင့် အခြား ကလေးသူငယ်များအကြား ကွာဟမှုအနေဖြင့်လည်း ၁ဝ ရာခိုင်နှုန်းမှ ၆ဝ ရာခိုင်နှုန်းအထိရှိပါကြောင်း။
(၂၁)ရာစု နှစ်အစောပိုင်းကစတင်၍ မသန်စွမ်းမှုနှင့် မသန်စွမ်းသူများ၏ အရေးကိစ္စများကို ကမ္ဘာတစ်ဝန်းတွင် ရှုထောင့်သစ်၊ အမြင်သစ်များဖြင့် သိရှိနားလည်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါကြောင်း၊ ထိုသို့ဆောင်ရွက် ရာတွင် နိုင်ငံများသည် မသန်စွမ်းသူများ၏ အခွင့်အရေး များအတွက် အခြေခံကျသည့် အပြည့်အဝပါဝင်ဆောင်ရွက် ခွင့်နှင့် သာတူညီမျှခွင့်များကို ကာကွယ်မြှင့်တင်ရန် အခိုင် အမာ ပြောဆိုဆောင်ရွက်ခဲ့ကြသော်လည်း စိန်ခေါ်မှု များ ကျန်ရှိနေဆဲဖြစ်ပါကြောင်း။
မသန်စွမ်းသူများအပေါ် မသိနားမလည်ခြင်း၊ လျစ်လျူရှုခြင်း၊ အယူသီးခြင်းနှင့် ကြောက်ရွံ့စိုးရိမ်ခြင်း များကြောင့် အထီးကျန်ဘဝသို့ ရောက်ရှိခဲ့ရသည့် မသန်စွမ်းသူများ၏ အခွင့်အရေးကိစ္စသည် ကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများက အထူးအာရုံစိုက်ရသည့် ကိစ္စတစ်ရပ်ဖြစ်လာခဲ့ပါကြောင်း၊ ထို့ကြောင့် (၆၁)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံကြီးက မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (United Nations Convention on the Rights of Persons with Disabilities - UNCRPD)ကို ၂ဝဝ၆ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်တွင် အတည်ပြုချမှတ်ခဲ့ပါကြောင်း။
ပိုမိုအလေးထားဆောင်ရွက်
မြန်မာနိုင်ငံအနေဖြင့်လည်း မသန်စွမ်းသူများ၏ လူ့အခွင့်အရေးများကို ပိုမိုအလေးထားဆောင်ရွက်နိုင် ရေးအတွက် မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းကို ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် အတည်ပြုလက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ထို့နောက် ကွန်ဗင်းရှင်းနှင့်အညီ မသန်စွမ်းသူများ၏ အခွင့် အရေးဥပဒေ(၂ဝ၁၅)၊ မသန်စွမ်းသူများ၏ အခွင့်အရေး နည်းဥပဒေများ(၂ဝ၁၇)၊ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ(၂ဝ၁၆-၂ဝ၂၅)ကို အတည်ပြုချမှတ်နိုင်ခဲ့ပါ ကြောင်း။
အဆိုပါဥပဒေ၊နည်းဥပဒေနှင့် မဟာဗျူဟာများကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန် အမျိုးသားအဆင့်ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ပြီး အမျိုးသားကော်မတီကို အထောက်အကူပြုနိုင်ရန် လုပ်ငန်း ကော်မတီ၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် နေပြည်တော် ကောင်စီကော်မတီများနှင့် ဆပ်ကော်မတီများကိုလည်း ဖွဲ့စည်းခဲ့ပါကြောင်း။
အမျိုးသားကော်မတီအစည်းအဝေးများကို ၂ဝ၁၇ ခုနှစ်တွင် တစ်ကြိမ်၊ ၂ဝ၁၈ ခုနှစ်တွင်တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် ကျင်းပခဲ့ပြီး ယခုလအတွင်း တတိယအကြိမ် အစည်းအဝေးကို ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ လုပ်ငန်း ကော်မတီအစည်းအဝေးကို ၂ဝ၁၈ ခုနှစ်အတွင်း နှစ်ကြိမ်၊ မသန်စွမ်းရန်ပုံငွေတစ်ရပ် ထူထောင်ရေးအတွက် အစည်း အဝေးကို ၂ဝ၁၈ ခုနှစ်အတွင်း တစ်ကြိမ်ကျင်းပခဲ့ပါကြောင်း၊ အဆိုပါအစည်းအဝေးများမှ မသန်စွမ်းသူများ၏ အခွင့် အရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ မသန်စွမ်းသူများအကျုံးဝင် ဖွံ့ဖြိုးတိုးတက်ရေးများနှင့် ဆက်စပ်သည့်စီမံကိန်းများနှင့် လုပ်ငန်းစဉ်များအတွက် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခဲ့ပါ ကြောင်း။
ရက် ၁ဝဝ လုပ်ငန်းစီမံချက်အရ ကလေးသူငယ်၊ အမျိုးသမီးနှင့် မသန်စွမ်းသူများဆိုင်ရာ ကွန်ဗင်းရှင်းများကို အမြင်အာရုံချို့ယွင်းမသန်စွမ်းသူများ လက်လှမ်းမီသိရှိ နိုင်ရေးအတွက် မျက်မမြင်စာဖြင့် ပုံနှိပ်ထုတ်ဝေခြင်းကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ အကြားအာရုံ ချို့ယွင်း မသန်စွမ်းသူများအတွက်လည်း နားမကြားသူများ သတင်း အချက်အလက်များ လက်လှမ်းမီရရှိနိုင်ခွင့် သေချာစေရေး စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး အကျိုးရလဒ်အဖြစ် အမျိုးသမီးနှင့် မသန်စွမ်းသူများ ဆိုင်ရာ ကွန်ဗင်းရှင်းနှင့် ဥပဒေများကို လက်သင်္ကေတပြ ဘာသာစကားဖြင့် ပြုစုထုတ်ဝေနိုင်ခဲ့ပါကြောင်း၊ လက် သင်္ကေတပြ ဘာသာစကားတတ်ကျွမ်းသည့် စကားပြန်များ မွေးထုတ်ပေးလျက်ရှိသည့်အပြင် လက်သင်္ကေတပြဘာသာ စကား ကူညီပံ့ပိုးသူများသင်တန်းကိုလည်း စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချ ပေးလျက်ရှိပါကြောင်း။
ဆက်စပ်ကော်မတီများကိုလည်း ဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့
၂ဝ၁၇ ခုနှစ် စက်တင်ဘာ ၁၄ ရက်တွင် မသန်စွမ်းသူ များ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကို ဖွဲ့စည်းခဲ့ပြီးနောက် မသန်စွမ်းသူများ၏ အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရေရှည်ဖြည့်ဆည်းဆောင်ရွက်ပေး နိုင်မည့် မူဝါဒအစီအစဉ်များ၊ စီမံကိန်းများနှင့် လုပ်ငန်းစဉ် များချမှတ်နိုင်ရန် ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရေး အတွက် ဆက်စပ်ကော်မတီများကိုလည်း ဖွဲ့စည်းဆောင်ရွက် နိုင်ခဲ့ပါကြောင်း။
အကောင်အထည်ဖော်မှုအပိုင်းတွင် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ နည်းဥပဒေများကို မိတ်ဆက် ဖြန့်ချိခြင်း၊ အမြင်အာရုံချို့ယွင်း မသန်စွမ်းသူများ၏ အားသာချက်ဖြစ်သည့် မျက်မမြင်အနှိပ်စနစ်ဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက် ခြင်း၊ ကိုယ်အင်္ဂါချို့ယွင်းမသန်စွမ်းသူများအတွက် အလုပ် အကိုင် ဖန်တီးပေးရေးကို ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း ပညာရပ်များသင်ယူတတ်မြောက်နိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
မသန်စွမ်းမှုဆိုင်ရာ ဝေါဟာရအသုံးအနှုန်းများ လက်စွဲလမ်းညွှန်စာအုပ် ပြုစုထုတ်ဝေခြင်းနှင့် အကြား အာရုံ ချို့ယွင်းသူများအတွက် မသန်စွမ်းသူများ၏ အခွင့် အရေး နည်းဥပဒေများကို လက်သင်္ကေတပြဘာသာ စကားနှင့် ထုတ်ဝေခြင်းများပြုလုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းသူများအတွက် အလုပ်အကိုင် အခွင့်အလမ်းရရှိနိုင်ရေး ပိုမိုမြှင့်တင် ဆောင်ရွက်ရန် မသန်စွမ်းသူများအား အလုပ်ခန့်ထားခြင်း ဆိုင်ရာ လက်စွဲစာအုပ်ကိုလည်း မြန်မာနိုင်ငံရှိ အလုပ်ရှင်များ အတွက် ပြုစုထုတ်ဝေပြီးဖြစ်ပါကြောင်း၊ ယနေ့ကျင်းပ သည့် အခမ်းအနားတွင် ၎င်းစာအုပ်များ ဖြန့်ချိပေးအပ်သွား မည်ဖြစ်ပါကြောင်း။
သင်တန်းများပို့ချပေးလျက်ရှိ
နည်းပညာခေတ်နှင့်အညီ ဥာဏ်ရည်ချို့ယွင်းမသန်စွမ်း သူအပါအဝင် မသန်စွမ်းသူများအနေဖြင့် နည်းပညာ၏အကူအညီဖြင့် အလုပ်အကိုင်အခွင့်အလမ်းရရှိမှု ပိုမိုမြင့်မား စေရန်နှင့် သတင်းအချက်အလက်များကို လက်လှမ်းမီ သိရှိနိုင်ရန်Information, Communication, Technology Training Centerကို ဖွင့်လှစ်၍ သင်တန်းများ ပို့ချပေး လျက်ရှိပါကြောင်း။
ထို့ပြင် မသန်စွမ်းသူများအနေဖြင့် နိုင်ငံတော်အစိုးရ နှင့် အခြားမိတ်ဖက်အဖွဲ့အစည်းများက ထောက်ပံ့သည့် သက်ဆိုင်ရာ သင်တန်းများနှင့် ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် များတွင် ပါဝင်၍ အများနည်းတူ အကျိုးကျေးဇူးများရရှိ ခံစားနိုင်စေရန် အရေးပါသည့် မသန်စွမ်းမှုအဆင့်သတ်မှတ် ခြင်းနှင့် မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် ပေါ်ထွက်လာစေရေး အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း။
ထို့ပြင် မသန်စွမ်းသူများအတွက် ငွေကြေးထောက်ပံ့မှုများဆောင်ရွက်ခဲ့ရာ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း ၁၂၈၅၅ ဦး၊ ၂ဝ၁၈-၂ဝ၁၉ ခြောက်လ ဘဏ္ဍာနှစ်အတွင်း ၁၂၁၂၉ဦး စုစုပေါင်း ၂၄၉၈၄ ဦးကို ထောက်ပံ့ပေးနိုင်ခဲ့ ပါကြောင်း၊ မသန်စွမ်းမှုနှင့် ဆက်စပ်သည့် မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်နေပြီး မိုင်း ဒဏ်သင့် ပြည်သူများကို ၂ဝ၁၇- ၂ဝ၁၈ ဘဏ္ဍာနှစ်မှ စတင်၍ ငွေကြေးထောက်ပံ့ပေးခဲ့ရာ ကချင်ပြည်နယ်တွင် ၁၁၂ ဦး၊ ကယားပြည်နယ်တွင် ၁၆ ဦး၊ ကရင်ပြည်နယ် တွင် ၃၉ ဦး၊ ရှမ်းပြည်နယ်တွင် ၈၅ ဦး၊ ပဲခူးတိုင်းဒေသကြီး တွင် ၆၂ ဦး၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၈၆ ဦး စုစုပေါင်း ၄ဝဝ ကို ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း။
အမျိုးသားကော်မတီ၏ လုပ်ငန်းတာဝန်များ ပြည့်မီစေရေးအပြင် ကော်မတီအသီးသီးအတွက် တိကျသေချာသည့်လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေး၊ နိုင်ငံတကာစံနှုန်းများနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် Department for International Development နှင့်ပူးပေါင်း၍ Technical Assistant Groupကိုလည်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် မသန်စွမ်းသူများ အကျုံးဝင်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ၂ဝ၁၈ ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါကြောင်း။
လက်တွဲဆောင်ရွက်ရန် တိုက်တွန်း
မသန်စွမ်းသူများ၏ဘဝ အရည်အသွေးမြင့်မားတိုးတက်လာစေရန် သင်တန်းကျောင်းအခြေပြုနှင့် ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေး လုပ်ငန်းများအပြင် မသန်စွမ်းသူများ၏ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်၊ ဥပဒေရေးရာ၊ မသန်စွမ်းမှုအသိပညာနှင့် ရပ်ရွာအတွင်း ပါဝင်ဆောင်ရွက်ခွင့် စသည့် လုပ်ငန်းအစီအစဉ်များကိုလည်း သက်ဆိုင်ရာ ဘဏ္ဍာနှစ်အလိုက် ထည့်သွင်းဆောင်ရွက်လျက်ရှိပါကြောင်း။
မသန်စွမ်းမှုဆိုင်ရာ ကမ္ဘာ့ထိပ်သီးအစည်းအဝေးတွင် ထုတ်ဖော်ကြေညာ ခဲ့သည့် ကတိကဝတ်(၇)ချက်ဖြစ်သည့် မူဝါဒပိုင်းဆိုင်ရာလေ့လာဆန်းစစ်မှု များပြုလုပ်ရေး၊ လူတိုင်း အကျုံးဝင်ပညာရေး၊ မသန်စွမ်းသူများ၏ စီးပွားရေး စွမ်းဆောင်ရည်မြင့်မားရေးနှင့် မသန်စွမ်းသူများအတွက် လုပ်ငန်းခွင်အတွင်း အဆင်ပြေသင့်တော်စေမည့် ပတ်ဝန်းကျင်များ ဖန်တီးရေး၊ နည်းပညာခေတ် နှင့်အညီ မသန်စွမ်းသူများ သတင်းအချက်အလက်နှင့် နည်းပညာများ အသုံးပြု ဆောင်ရွက်နိုင်ရေး၊ မသန်စွမ်းမှုစစ်တမ်းကောက်ယူနိုင်ရေး၊ မသန်စွမ်းမှု အကျုံးဝင်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းအစီအစဉ် များ ချမှတ်ဆောင်ရွက်ရေး၊ သဘာဝဘေးနှင့် အခြားအရေးပေါ်အခြေအနေ များတွင် မသန်စွမ်းသူများအား ကူညီကာကွယ်စောင့်ရှောက်ရေးနှင့် ပြန်လည် ထူထောင်ရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မသန်စွမ်းသူ များ စွမ်းဆောင်ရည်မြင့်မားလာစေရေးကို ဦးတည်၍ အားလုံးအတူတကွ လက်တွဲဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ကုလသမဂ္ဂအဖွဲ့အစည်းများ၏ ဌာနေကိုယ်စားလှယ် Ms. June Kunugi က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားသည်။
ဂုဏ်ပြုဆုများ ပေးအပ်
ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်အား မသန်စွမ်းသူများ အလုပ်ခန့်ထားခြင်းဆိုင်ရာ မြန်မာနိုင်ငံရှိ အလုပ်ရှင်များအတွက် လက်စွဲစာအုပ်ကိုပေးအပ်ပြီး အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် ဂုဏ်ပြုဆုရရှိသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် ဗဟိုအဆင့် ထူးချွန်ဆု ရရှိကြသူများကိုလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် စစ်တုရင်ထူးချွန်ဆု ရရှိကြသူများကို လည်းကောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် ပန်းချီထူးချွန်ဆုရရှိကြသူများကိုလည်းကောင်း ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့် ကြပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အာရှအားကစား ပြိုင်ပွဲတွင် ထူးချွန်ဆုရရှိကြသူများကိုလည်းကောင်း၊ ကုလသမဂ္ဂအဖွဲ့အစည်း များ၏ ဌာနေကိုယ်စားလှယ် Ms. June Kunugiက အာရှအားကစားပြိုင်ပွဲ တွင် ထူးချွန်ဆုရရှိကြသူများကိုလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။
လှည့်လည်ကြည့်ရှု
ထို့နောက် မသန်စွမ်းသူများ၏ လှုပ်ရှားဆောင်ရွက်ချက် ဗီဒီယိုမှတ်တမ်း ကို ပြသသည်။
ယင်းနောက် နားမကြားသောကလေးများကျောင်း(မန္တလေး)မှ ကျောင်းသူ များက ပုဂံအကဖြင့် ဖျော်ဖြေတင်ဆက်သည်။
ထို့နောက် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် ယာယီဥက္ကဋ္ဌ ဦးသိန်းလွင်က ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်ပြခန်းများကို လှည့်လည်ကြည့်ရှုသည်။
၂ဝ၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ဆောင်ပုဒ်မှာ အားလုံးတူညီ အခွင့်အရေးရရှိရေး၊ မသန်စွမ်းသူများ အစွမ်းမြှင့်တင်ပေး (Empowering persons with disabilities and ensuring inclusiveness and equality) ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment