Tuesday, December 4, 2018

ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲတွင်မြန်မာအသင်း အိမ်ရှင်ဗီယက်နမ်နှင့် တွေ့ဆုံ

Image may contain: 1 person, playing a sport and outdoor
ရန်ကုန် ဒီဇင်ဘာ ၃
ဗီယက်နမ်နိုင်ငံ Hue မြို့၌ ကျင်းပမည့် ၂ဝ၁၈ ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲ ပွဲစဉ်များ ထွက်ပေါ်လာပြီဖြစ်ပြီး မြန်မာအသင်းသည် အိမ်ရှင်ဗီယက်နမ်အသင်းနှင့် စတင်ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။
ယင်းပြိုင်ပွဲကို ဒီဇင်ဘာ ၁၂ ရက်မှ ၁၈ ရက် အထိ ကျင်းပမည်ဖြစ်ပြီး အိမ်ရှင်ဗီယက်နမ် ယူ-၂၁ အသင်းနှင့်အတူ မြန်မာ ယူ-၂၁ အသင်း၊ မလေးရှား ယူ-၂၁ အသင်းနှင့် တောင်ကိုရီးယား နိုင်ငံမှ Gimhaeယူ-၂၁ အသင်းတို့ ယှဉ်ပြိုင် မည်ဖြစ်သည်။ အုပ်စုပွဲများအဖြစ် ဒီဇင်ဘာ ၁၂ ရက်တွင် မြန်မာနှင့် ဗီယက်နမ်၊ မလေးရှားနှင့်Gimhae(တောင်ကိုရီးယား)၊ ဒီဇင်ဘာ ၁၄ ရက် တွင် မြန်မာနှင့်Gimhae(တောင်ကိုရီးယား)၊ ဗီယက်နမ်နှင့် မလေးရှား၊ ဒီဇင်ဘာ ၁၆ ရက် တွင် မြန်မာနှင့် မလေးရှား၊ Gimhae (တောင် ကိုရီးယား)နှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။
ပြိုင်ပွဲကို ပတ်လည်စနစ်ဖြင့် ကျင်းပမည် ဖြစ်ပြီး အမှတ်အများဆုံးနှစ်သင်းက ဗိုလ်လုပွဲ၊ အဆင့် ၃၊ ၄ နေရာရအသင်းက တတိယလုပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ တတိယလုပွဲနှင့် ဗိုလ်လုပွဲကို
ဒီဇင်ဘာ ၁၈ ရက်တွင် ကျင်းပမည်ဖြစ်သည်။ မြန်မာ ယူ-၂၁ အသင်းသည် ယင်းပြိုင်ပွဲယှဉ်ပြိုင်ရန် ကစားသမား ၂၈ ဦးဖြင့် လေ့ကျင့်မှုပြုလုပ်လျက်ရှိပြီး ယခုရက်ပိုင်း အတွင်း အပြီးသတ် ၂ဝ ရွေးချယ်မည်ဖြစ်သည်။ မြန်မာ ယူ-၂၁ အသင်းသည် ပြိုင်ပွဲမတိုင်မီ နောက်ဆုံးခြေစမ်းပွဲ အဖြစ် ဒီဇင်ဘာ ၆ ရက်တွင် မကွေးအသင်းနှင့် ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ မြန်မာ ယူ-၂၁ အသင်းသည် ခြေစမ်းပွဲများတွင် ရလဒ်ကောင်းရထားပြီး ဒဂုံ၊ တက္ကသိုလ် လက်ရွေးစင်နှင့် စစ်ကိုင်းအသင်းတို့ကို အနိုင်ရထားသည်။
ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲကို နှစ်စဉ်ကျင်းပလျက်ရှိပြီး မြန်မာအသင်းမှာလည်းနှစ်စဉ်နီးပါးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ နောက်ဆုံးကျင်းပသည့် ၂ဝ၁၇ ပြိုင်ပွဲတွင် တတိယဆုရခဲ့သည်။
ရှိုင်းထက်ဇော်

No comments:

Post a Comment