Tuesday, December 4, 2018

မြန်မာဂန္ထဝင်အတွဲ(၁ဝဝ) စာစဉ်၊ ဝတ္ထုရှည် အတွဲ (၁၊၂၊၃) စာအုပ်ထုတ်ဝေခြင်းအခမ်းအနား ကျင်းပ

Image may contain: 2 people, people standing, people sitting and indoor
ရန်ကုန် ဒီဇင်ဘာ ၃
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က စီစဉ်ထုတ်ဝေသည့် မြန်မာဂန္ထဝင်အတွဲ (၁ဝဝ) စာစဉ်၊ ဝတ္ထုရှည်အတွဲ (၁၊၂၊၃) စာအုပ်ထုတ်ဝေခြင်း မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်၌ ကျင်းပသည်။
ဝိုင်းဖွဲ့ဆွေးနွေး
အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် က အဖွင့်အမှာစကား ပြောကြားရာ၌ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ စာပေ ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာနိုင်ငံတွင် စာအုပ်စာပေဖတ်ရှုသူများ တိုးပွားလာစေရေး၊ မြန်မာနိုင်ငံသားတို့ အသိပညာဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ရည်ရွယ်ပြီး စာတမ်းဖတ်ပွဲ၊ စာအုပ်ဈေးရောင်းပွဲများ ပါဝင်သည့် စာပေပွဲတော်များ ကျင်းပလျက် ရှိပါကြောင်း၊ အမြို့မြို့ အနယ်နယ်ရှိ စာကြည့်တိုက်များတွင် စာဖတ်ဝိုင်း (Book Club) များ ထူထောင်ပြီး စာအုပ်စာပေကို လေးလေးနက်နက် ဖတ်ရှုသူများ၏ စာပေဆွေးနွေးဝိုင်းများအပြင် စာတွေ့ လက်တွေ့ အသိရှိသူ၊ ဗဟုသုတရှိသူများ ဝိုင်းဖွဲ့ဆွေးနွေးသည့် ပြည်သူ့စကားဝိုင်းများ ထွန်းကားပြန့်ပွားရန် ဆောင်ရွက်လျက် ရှိပါကြောင်း။
စည်းရုံးဆော်သြ
နိုင်ငံအနှံ့အပြားတွင် ကျင်းပသည့် ကလေးစာပေပွဲတော်များနှင့် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်များတွင် စာရေးသူများ ဦးဆောင်သည့် စာပေဆွေးနွေးဝိုင်းများ အမြဲ ထည့်သွင်းလျက်ရှိပါကြောင်း၊ စာပေသမား တစ်ဦးလည်းဖြစ်သည့် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်လည်း လူငယ်များနှင့် ရသစာပေဆွေးနွေးဝိုင်းများတွင် ဦးဆောင် ပါဝင်ခဲ့သည်ကို အားလုံးသိရှိပြီးဖြစ်ပါ ကြောင်း၊ ဒီဇင်ဘာလကုန်ပိုင်းအတွင်း စာဖတ်သူတိုင်း စာဖတ်ရေး စည်းရုံးဆော်သြ မည့် စာပေပွဲတော်အစီအစဉ်တစ်ရပ်ကို နေပြည်တော်တွင် ကျင်းပရန် စီစဉ်လျက် ရှိပါကြောင်း။
ထမြောက်အောင်မြင်
ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့် ယခုလိုပွဲများ၊ အစီအစဉ်များကို ကျင်းပပြု လုပ်နေသော်လည်း မိမိတို့ချည်းသာဆိုလျှင် ယခုလောက် မအောင်မြင်နိုင်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အပါအဝင် အခြား သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ရန်ကုန် တိုင်းဒေသကြီး အစိုးရအပါအဝင် တိုင်းဒေသကြီးအစိုးရ၊ ပြည်နယ်အစိုးရတို့မှ ဝိုင်းဝန်းဆောင်ရွက်ကြသည့်အတွက် စာပေ ပွဲတော်များ စည်ကားသိုက်မြိုက်ခြင်း၊ ကျင်းပရသည့် ရည်ရွယ်ချက်များ ထမြောက် အောင်မြင်ခြင်းဖြစ်သည်ဟု ဤနေရာတွင် အလျဉ်းသင့်သဖြင့် ကျေးဇူးတင်စကား ဆိုချင် ပါကြောင်း။
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် စာပေ ဆိုင်ရာအစီအစဉ်များကို ဆောင်ရွက်ရာ တွင် ယခင်အစဉ်အဆက် ပုဂ္ဂိုလ်ကြီးများ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းတာဝန်များကို ဆက်လက်ဆောင်ရွက်ခြင်းများ ရှိသကဲ့သို့ မိမိတို့လက်ထက် စိတ်ကူးကြံဆပြီး အသစ် ဆောင်ရွက်ခြင်းများလည်း ရှိပါကြောင်း။
နမူနာအနေဖြင့် စာပေဗိမာန်က ဆောင်ရွက်နေသည့် အစီအစဉ် နှစ်ခုကို တင်ပြလိုပါကြောင်း၊ စာပေဗိမာန်သည် အမှောင်ခွင်း၍ အလင်းဆောင်အံ့ ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်သူလူထုကို အလင်းရောင်ပေးနိုင်ရန်အတွက် မြန်မာ့စွယ်စုံ ကျမ်း၊ လူထုသိပ္ပံကျမ်းစသည့် ရည်ညွှန်း ကျမ်းကြီးများ အပါအဝင် စာအုပ်စာတမ်း များစွာ ပြုစုထုတ်ဝေပေးခဲ့ပါကြောင်း၊ ၁၉၅ဝ-၆ဝ ကျော်ကာလ စာပေဗိမာန်၏ ဆောင်ရွက် နိုင်မှုစွမ်းရည်သည် ကြီးမားခဲ့ပါကြောင်း၊ စာပေဗိမာန်၏ ကနဦးကာလ ဆောင်ရွက်ချက် များထဲမှ တစ်ခုဖြစ်သည့် မြန်မာ့စွယ်စုံကျမ်း ကြီးကို ပြန်လည်တည်းဖြတ် ပြင်ဆင်ဖြည့်စွက် ပုံနှိပ်ထုတ်ဝေနိုင်ရန် မိမိတို့ ကြိုးပမ်းလျက် ရှိပါကြောင်း။
မိတ်ဆက်ဖြန့်ချိ
မြန်မာ့စွယ်စုံကျမ်းကြီးသည် ၁၉၅ဝ ကျော်နှစ်များတွင် စတင်ပြုစုခဲ့ပြီး ၁၉၆ဝ- ၁၉၇ဝ ကျော်နှစ်များအတွင်း ပုံနှိပ်ထုတ်ဝေ ပြီးစီးခဲ့ပါကြောင်း၊ ဤစွယ်စုံကျမ်းကြီးသည် မြန်မာတို့အတွက် ဂုဏ်ယူဖွယ်ရာဖြစ်သလို ယနေ့အထိလည်း ရည်ညွှန်းကိုးကားရဆဲ ဖြစ်ပါကြောင်း၊ သို့သော် သက်တမ်းအားဖြင့် နှစ်ပေါင်း ၅ဝ၊ ၆ဝ ကြာမြင့်ခဲ့ပြီဖြစ်သော ကြောင့် အကြောင်းအရာ အချက်အလက် များ ပြောင်းလဲကာ အသစ်ဖြစ်ထွန်း ပေါ်ပေါက်သည်များကို ဖြည့်စွက်ရန် လိုအပ် နေပါကြောင်း၊ ယင်းလိုအပ်ချက်ကို ဖြည့်ဆည်းရန် မိမိတို့ကို ကူညီဆောင်ရွက်ပေး ဖို့ စာပေ စေတနာပြည့်ဝစွာ ကမ်းလှမ်းလာ သည့် ထွန်းဖောင်ဒေးရှင်းနှင့် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်စာတည်း အဖွဲ့တို့ ပူးပေါင်းပြီး ခေတ်မီ မြန်မာ့စွယ်စုံ ကျမ်းသစ်ကြီး ပြုစုသည့်လုပ်ငန်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ များမကြာမီ မြန်မာ့စွယ်စုံကျမ်း ပထမတွဲကို ယခုကဲ့သို့ မိတ်ဆက်ဖြန့်ချိနိုင်ရန် မိမိတို့ မျှော်လင့်ထား ပါကြောင်း။
လွှမ်းမိုးတွင်ကျယ်
စာပေဗိမာန်အနေဖြင့် ယခင် မဆောင် ရွက်ဖူးသေးသည့် အစီအစဉ်တစ်ခု ယခုအခါ စတင်ဆောင်ရွက်လိုက်သည်မှာ ယနေ့ မိတ်ဆက်ပွဲပြုလုပ်သည့် မြန်မာဂန္ထဝင် အတွဲ (၁ဝဝ) စာစဉ်ဖြစ်ပါကြောင်း။
ဤစာစဉ်တွင် မြန်မာစာပေပေါ်ဦးစမှ ခရစ်နှစ် ၂ဝဝဝ ပြည့်နှစ်အထိ ကာလအတွင်း ပေါ်ထွန်းခဲ့သည့် မြန်မာစာပေလက်ရာ များစွာထဲမှ အထူးခြား အပြောင်မြောက်ဆုံး လက်ရာများ၊ ခေတ်အဆက်ဆက် မြန်မာ စာပေလောကသားများ ဖတ်ရှုမှတ်သားခဲ့ရ သည့် စာအုပ်စာတမ်းများ၊ ခေတ်အသီးသီး တွင် ကြီးကြီးမားမား လွှမ်းမိုးတွင်ကျယ်ခဲ့ သလို ယနေ့ခေတ်စာပေလေ့လာသူများလည်း ဖတ်ရှုနေဆဲ စာပေများ၊ ယင်းတို့ကို ရွေးချယ် စုစည်းပေးရန် ဖြစ်ပါကြောင်း။
အသင့်ပြင်ဆင်
မိမိတို့ ဤစာစဉ် ပြုစုထုတ်ဝေရသည့် ရည်ရွယ်ချက်မှာ မြန်မာစာပေသမိုင်း တစ်လျှောက် ပေါ်ပေါက်ခဲ့သည့် စာအုပ်စာပေ များစွာထဲမှ အထူးခြားဆုံး၊ အကောင်းဆုံး လက်ရာများကို ရွေးချယ်စုစည်းပေးခြင်းအား ဖြင့် နောင်လာမည့် အဆက်ဆက်သော မျိုးဆက်သစ်များအနေဖြင့် မြန်မာစာကောင်း ပေမွန်များကို အလွယ်တကူ ထိတွေ့ခွင့်ရပြီး ယင်းစာပေများမှပေးသည့် သုတ၊ ရသများကို ခံစားရရှိခြင်းနှင့်အတူ မြန်မာစာ မြန်မာမှုတို့ အပေါ် နှစ်သက်မြတ်နိုးစိတ်များလည်း ၎င်းတို့ မှာ ကိန်းအောင်းဖြစ်ပေါ်စေရန်နှင့် ရှေးအစဉ် အဆက်ရှိခဲ့သည့် မြန်မာတို့၏ ဘဝအတွေ့ အကြုံ၊ အသိပညာ၊ ဗဟုသုတ၊ မြန်မာ့ဥာဏ်၊ မြန်မာ့အတွေးအခေါ်၊ မြန်မာတို့၏ စိတ်နေ စိတ်ထား စဉ်လာလက္ခဏာ၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ထုံးဓလေ့စဉ်လာများ၊ မြန်မာဘာသာ စကားနှင့် မြန်မာစာပေအဆင့်အတန်းများ ကို လေ့လာအကဲခတ်လိုသည့် နိုင်ငံတကာ သုတေသီများအတွက် လေ့လာစရာ ပစ္စည်း များအဖြစ် အသင့်ပြင်ဆင်ပေးရန် ဆိုသည့် ရည်ရွယ်ချက်တို့ ဖြစ်ပါကြောင်း။
ရှာဖွေစိစစ်
သို့သော် ယင်းရည်ရွယ်ချက်နှစ်ရပ် ဖြစ်မြောက်စေမည့် စာစဉ်တစ်ရပ် ပြုစုရန်မှာ စိတ်ကူးရလွယ်သော်လည်း တကယ့်လက်တွေ့ အကောင်အထည်ဖော်ရာတွင် အများ ဝိုင်းဝန်းပြီး အားထုတ်ကြိုးပမ်းရပါကြောင်း၊ စာပေဗိမာန်တစ်ခုတည်း၊ ပြန်ကြားရေး ဝန်ကြီးဌာနတစ်ခုတည်း လုပ်၍ မရပါကြောင်း၊ ထို့ကြောင့် ဆရာကြီး ဦးသော်ကောင်း ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည့် မြန်မာဂန္ထဝင် အတွဲ (၁ဝဝ) စာစဉ် ထုတ်ဝေရေးကော်မတီကို ထိုစာစဉ်ကိစ္စအား စိတ်ပါဝင်စားသည့် စိတ်အားထက်သန်စွာ ဦးစီးဆောင်ရွက်ပေး မည့် စာပေပညာရှင်များ၊ ကျွမ်းကျင်သူများနှင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ကဗျာ၊ ပြဇာတ် စသည်ဖြင့် ကဏ္ဍအသီးသီးမှ ဂန္ထဝင် လက်ရာမွန်များ ရှာဖွေစိစစ်ရွေးချယ် ပေးမည့် ပညာရှင်များအား ဖိတ်ခေါ်ပြီး ကဏ္ဍအလိုက် ဖွဲ့စည်းခဲ့ပါကြောင်း။
ကျေးဇူးတင်ဂုဏ်ပြု
ယင်းဂန္ထဝင်စာစဉ် ပီပီသသ ဖြစ်ပေါ် စေရေး၊ အပြစ်အနာအဆာ အနည်းဆုံး၊ တတ်နိုင်သမျှ အကောင်းဆုံး စာစဉ်ဖြစ်စေ ရေးတို့အတွက် စာပေစိတ်စေတနာ ပြည့်ဝစွာ ကူညီဆောင်ရွက်ပေးကြသည့် ပုဂ္ဂိုလ်များ အားလုံးကို ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်း တင်ပါကြောင်း။
ဝိုင်းဝန်းကူညီ
ဤဂန္ထဝင်စာစဉ်သည် ယခုမှ စတင်ခြင်း ဖြစ်သည့်အတွက် ရှေ့ဆက်ပြီး ဆောင်ရွက် ရန် အများကြီးရှိပါသေးကြောင်း၊ ဒီစာစဉ် ပြီးမြောက်အောင်မြင်ရေးနှင့် ပြည့်စုံကောင်း မွန်ရေးသည် စာပေပညာရှင်ကြီးများ၏ အကြံပြုလမ်းညွှန်မှုနှင့် မိမိဆောင်ရွက်ပေး နိုင်သောကဏ္ဍမှ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်ပေးမှုများ အပေါ်တွင် အဓိက မူတည်နေခြင်းဖြစ်သည့်အတွက် ဆက်လက်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြ ရန် မေတ္တာရပ်ခံပန်ကြားလိုပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာဂန္ထဝင်အတွဲ(၁ဝဝ) စာစဉ်ထုတ်ဝေရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)က ဝတ္ထုရှည်သုံးတွဲအတွက် စာစဉ် မိတ်ဆက် စကားပြောကြားသည်။
မေတ္တာလက်ဆောင် ပေးအပ်
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က မြန်မာဂန္ထဝင် အတွဲ (၁ဝဝ) စာစဉ် မိတ်ဆက်နိဒါန်း ရေးပေး ခဲ့ကြသည့် ပညာရှင်ကြီးများနှင့် တည်းဖြတ် ပေးခဲ့ကြသော ပညာရှင်ကြီးများအတွက် မေတ္တာလက်ဆောင် စာစဉ်တစ်စုံကို ပေးအပ် ရာ ပညာရှင်များ ကိုယ်စား ဆရာဦးအေးချို (မဟာဝိဇ္ဇာ)က လက်ခံသည်။
ပေးအပ်ချီးမြှင့်
ဆက်လက်၍ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က စာအုပ်သုံးအုပ်တွင် ပါဝင်သည့် စာရေး ဆရာကြီးများ၏ မိသားစုများကို မူပိုင်ခွင့် ဥာဏ်ပူဇော်ခများချီးမြှင့်ရာ မောင်ရင်မောင် မမယ်မ စာအုပ်ရေးသားသူ ဆရာကြီး ဂျိမ်းစ်လှကျော်၏ မူပိုင်ခွင့်ဆက်ခံသူ ဆရာ ဦးအေးထွန်းမိသားစု ကိုယ်စား ဦးမောင်ဝင်း ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း) အား လည်းကောင်း၊ စာစဉ်အတွဲ(၂)တွင် ပါဝင် သည့် ရွှေပြည်စိုး စာအုပ်နှင့် အတွဲ(၃)တွင် ပါဝင်သည့် တနန်းပျော် ရင်သွေးတော် စာအုပ်ရေးသားသူ ဆရာကြီး ဦးလတ်၏ မူပိုင်ခွင့်ဆက်ခံသူ ဆရာ ဦးကိုကိုနိုင်အား လည်းကောင်း၊ ရတနာပုံ စာအုပ်ရေးသားသူ ဆရာကြီး ရွှေဥဒေါင်း၏ စာပေမူပိုင်ခွင့် ထိန်းသိမ်းရေးကော်မတီဝင် ဦးငြိမ်းချမ်း(ဆရာ ညီပုလေး) အားလည်းကောင်း၊ မှာတော်ပုံ စာအုပ် ရေးသားသူ ဆရာကြီး သခင် ကိုယ်တော်မှိုင်း၏ မူပိုင်ခွင့် ဆက်ခံသူ ဆရာမ ဒေါ်မြမြအေး မိသားစုအား လည်းကောင်း ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့် က မြန်မာဂန္ထဝင် အတွဲ(၁ဝဝ) စာစဉ်ထုတ်ဝေ ရေးကော်မတီအတွက် မေတ္တာလက်ဆောင် စာအုပ်များကို ကော်မတီဝင်များ ကိုယ်စား ဆရာ ဦးကြည်ဝင်း (လောကအမွန်)ထံ ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများသည် စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
တက်ရောက်
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများ၊ မြန်မာဂန္ထဝင် အတွဲ (၁ဝဝ) စာစဉ်ထုတ်ဝေရေးကော်မတီဝင်များ၊ စာစဉ်မိတ်ဆက် နိဒါန်းရေးပေးခဲ့ကြသော ပညာရှင်ကြီးများနှင့် တည်းဖြတ်ပေးခဲ့သောပညာရှင်ကြီးများ၊ စာစဉ်သုံးတွဲတွင် ပါဝင် သည့် စာရေးဆရာကြီးများ၏ မိသားစုများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ စာပေ ပညာရှင်များ တက်ရောက်ကြသည်။
ဖြန့်ချိရောင်းချ
မြန်မာဂန္ထဝင် အတွဲ (၁ဝဝ) စာစဉ် ဝတ္ထုရှည် စာစဉ်အတွဲ(၁)တွင် ဂျိမ်းစ်လှကျော် ရေးသားသည့် မောင်ရင်မောင် မမယ်မဝတ္ထု (၁၉ဝ၄)၊ ဝန်စာရေးဦးကြီး ရေးသားသည့် ချဉ်ပေါင်ရွက်သည် မောင်မှိုင်း (၁၉ဝ၄)၊ မအေးခင် ရေးသားသည့် ချစ်ရိုးအမှန် (၁၉ဝ၇) စာအုပ်တို့ပါဝင်ပြီး အတွဲ(၂) တွင် ဦးလတ် ရေးသားသည့် ရွှေပြည်စိုး (၁၉၁၄)၊ ရွှေဥဒေါင်းရေးသားသည့် ရတနာပုံ (၁၉၁၇)၊ ဘီအေ မောင်ဘသန်း ရေးသားသည့် ထာဝရ မေတ္တာ သို့မဟုတ် ဘီအေမောင်ဘလွင် (၁၉၂ဝ) စာအုပ်တို့ ပါဝင်သည်။ စာစဉ် အတွဲ(၃)တွင် ဦးလတ် ရေးသားသည့် တနန်း ပျော်ရင်သွေးတော် (၁၉၂ဝ)၊ ပီမိုးနင်း ရေးသားသည့် နေရီရီ (၁၉၂ဝ)၊ သခင် ကိုယ်တော်မှိုင်း ရေးသားသည့် မှာတော်ပုံ (၁၉၂၁) စာအုပ်တို့ ပါဝင်သည်။
မြန်မာဂန္ထဝင် အတွဲ(၁ဝဝ) စာစဉ် ဝတ္ထုရှည်စာအုပ်များမှာ တစ်တွဲလျှင် စာမျက်နှာ ၇ဝဝ ခန့်ပါရှိပြီး တန်ဖိုးငွေကျပ် ၁၂ဝဝဝ ဖြင့် ယနေ့မှစ၍ (ရန်ကုန်၊ မန္တလေး၊ နေပြည်တော်) စာပေဗိမာန်စာအုပ် ဆိုင်များမှတစ်ဆင့် မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ချိရောင်းချသွားမည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်

No comments:

Post a Comment