Tuesday, December 4, 2018

သတင်းရေးသားထုတ်ပြန်ခြင်း သင်တန်းအမှတ်စဉ်(၆) ဖွင့်ပွဲ ကျင်းပ

Image may contain: 1 person
နေပြည်တော် ဒီဇင်ဘာ ၃
ပြန်ကြားရေးဝန်ကြီးဌာန၏ အဓိက လုပ်ငန်းတာဝန်ဖြစ်သည့် သတင်း ထုတ်ပြန်ရေးလုပ်ငန်းများကို စနစ် တကျ ပိုမိုသွက်လက်မြန်ဆန်စွာ ဆောင်ရွက်ပေးနိုင်စေရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများအား သတင်းရေးသား ထုတ်ပြန်ခြင်း သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ် သင်ကြားပေးလျက်ရှိရာ သတင်းရေးသား ထုတ်ပြန်ခြင်း သင်တန်းအမှတ်စဉ်(၆) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ တွင် နေပြည်တော်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) ဒက္ခိဏသင်တန်းကျောင်း၌ ကျင်းပ သည်။
သင်တန်းဖွင့်ပွဲ၌ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက အမှာစကား ပြောကြားရာတွင် အများသိသင့်၊ သိထိုက်သည့် သတင်းမှန်များကို စနစ်တကျ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးနိုင်ရန် အရေးကြီးပါ ကြောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနသည် တိုင်း ဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ မြို့ရုံးများကို တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ဖွင့်လှစ်ထားနိုင်သည့်ဌာန တစ်ခုဖြစ်၍ သတင်းများ စုဆောင်း ရယူရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နိုင်သည့် အနေအထားရှိပါ ကြောင်း၊ ယနေ့ဒစ်ဂျစ်တယ်ခေတ် တွင် နည်းပညာပြောင်းလဲဖွံ့ဖြိုးတိုးတက်လျက်ရှိရာ ခေတ်နှင့်လိုက်လျော ညီထွေစွာ လိုက်ပါပြောင်းလဲ ဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း၊ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုရှိရန် သာမက သတင်းမီဒီယာဥပဒေပါ ကျင့်ဝတ်နှင့် စည်းမျဉ်းစည်းကမ်း များကို စောင့်ထိန်းလိုက်နာရန် အရေးကြီးသဖြင့် သင်တန်းများ စဉ်ဆက်မပြတ် စနစ်တကျ ဖွင့်လှစ် ပေးနေပါကြောင်း ပြောကြား သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးရုံးရှိ စာကြည့်တိုက် လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပြခန်း ပြတိုက်ငယ် ဆောင်ရွက်ထားမှု၊ ကလေးစာဖတ်ခန်း ခင်းကျင်း ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည် ကြည့်ရှုပြီး ခရိုင်ရုံးလူထုအခြေပြု ဗဟိုဌာနကို လူမှုရေးအသင်းအဖွဲ့ များ၊ ကျောင်းသား ကျောင်းသူများ ပိုမို အသုံးပြုနိုင်စေရေးအတွက် ချိတ်ဆက် ဆောင်ရွက်သွားရန်နှင့် ရုံးဝင်းအတွင်းရှိ ဘော်လီဘော၊ ပိုက်ကျော်ခြင်း အားကစားကွင်းများ ကိုလည်း လူငယ်များ ပိုမိုအသုံးချနိုင် စေရေးဆောင်ရွက်ရန် မှာကြားသည်။
သင်တန်းသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဓာတ်ပုံကျွမ်းကျင်-၂ ဝန်ထမ်းသင်တန်းသား ၃၅ ဦးတို့အား သတင်းမီဒီယာဥပဒေ၊ စာနယ်ဇင်း ကျင့်ဝတ်၊ သတင်းစီးဆင်းမှု၊ သတင်း အရင်းအမြစ်များရှာဖွေခြင်း၊ သတင်း အခြေခံ ဖွဲ့စည်းတည်ဆောက်ပုံ၊ သတင်းရေးသားခြင်း၊ ဆောင်းပါး ရေးသားခြင်း၊ အရေးပေါ်ကာလ စီမံခန့်ခွဲမှုတွင် လူမှုမီဒီယာများ၏ အရေးကြီးသောကဏ္ဍ၊ သတင်းဖတ်သူ ၏ ရှုမြင်ပုံ၊ သတင်းစာရှင်းလင်းပွဲ ကဏ္ဍ၊ Online အသုံးပြု၍ သတင်း များထုတ်ပြန်ခြင်း၊ သတင်းဓာတ်ပုံ ပညာစသည့် ဘာသာရပ်များကို ပြင်ပ ပညာရှင်များနှင့် ပူးပေါင်းလျက် ဒီဇင်ဘာ ၂၁ ရက်အထိ စာတွေ့ လက်တွေ့ဆွေးနွေး သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်မင်းလွင်(ပြန်/ဆက်)

No comments:

Post a Comment