Wednesday, December 5, 2018

ယခု နှီးနှောဖလှယ်ပွဲမှ နိုင်ငံရဲ့အနာဂတ်အတွက် ထိရောက်စွာ အကျိုးဆောင်နိုင်မယ့်အခြေခံပညာကဏ္ဍ ပညာရေးစနစ် ပေါ်ပေါက်ခိုင်မာလာစေနိုင်မယ်လို့ မျှော်လင့်


Image may contain: 1 person
နေပြည်တော် ဒီဇင်ဘာ ၎
ပညာရေးဝန်ကြီးဌာနက ကျင်းပသည့် ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင် အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အခြေခံပညာကဏ္ဍ)ကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ (MICC-2)၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကားပြောကြားသည်။
တက်ရောက်
နှီးနှောဖလှယ်ပွဲသို့ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများမှ ဆရာ တော်များ ကြွရောက်တော်မူကြပြီး ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌများ၊ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီဝင်များ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်များမှ လူမှုရေး ဝန်ကြီးများ၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်၊ အမျိုးသားသင်ရိုး ညွှန်းတမ်းကော်မတီ၊ အမျိုးသား ပညာရေးအဆင့်အတန်းနှင့် အရည် အသွေးအာမခံမှု အကဲဖြတ်ရေး ကော်မတီတို့မှ အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာအကြီးအကဲများ၊ ပါမောက္ခချုပ် များ၊ ပညာရေးကောလိပ်များမှ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များမှ ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ဆရာ ဆရာမများ၊ တပ်မတော်ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမ အသင်းအဖွဲ့၊ ကျောင်းသားအသင်းအဖွဲ့နှင့် မိတ်ဖက်စာကြည့် တိုက်များမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အရည်အသွေးရှိသော ပညာရေး
နှီးနှောဖလှယ်ပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ''နိုင်ငံတစ်ခုရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ တည်ငြိမ်မှုဆိုတာဟာ လူသား ရင်းမြစ် (ံHuman Resource)နဲ့ ဘယ်လောက်ထိ နိုင်ငံ့အကျိုးအတွက် ဆောင်ရွက်နိုင်စွမ်းရှိသလဲအပေါ်မှာ မူတည်ပါတယ်။ လူသားရင်းမြစ်တွေ တန်ဖိုးတက်လာဖို့ ''အရည်အသွေးရှိသော ပညာရေး''ကို ခိုင်မာအောင် ကျွန်မ တို့ တည်ဆောက်ကြရမှာဖြစ်ပြီး ဒီလိုအရည်အသွေးရှိတဲ့ပညာရေးကို တည်ဆောက်နိုင်ဖို့ များစွာရင်းနှီးမြှုပ်နှံဖို့ လိုပါတယ်။ ၂ဝ၁၅ အမျိုးသား ပညာရေးဥပဒေမှာ ''နိုင်ငံတော်၏ပညာရေးအသုံးစရိတ်ကို နိုင်ငံတော် အသုံး စရိတ်အားလုံး၏ ၂ဝ ရာခိုင်နှုန်းအထိ ရောက်ရှိရေးအတွက် ရည်မှန်းချက်ထားပြီး ဆောင်ရွက်ရမည်''လို့ အတိအလင်းဖော်ပြထားသလို နိုင်ငံတော်အနေနဲ့ နှစ်စဉ် ပညာရေးအသုံးစရိတ်တွေ ပိုမိုတိုးမြှင့်သုံးစွဲနိုင်အောင် ကြိုးစားဆောင်ရွက်လျက် ရှိပါတယ်။
နိုင်ငံတော်အနေနဲ့ ပညာရေးကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံလျက်ရှိသလို ''ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများ'' ကလည်း ပညာရေးကဏ္ဍအတွက် ရင်းနှီး မြှုပ်နှံ ကူညီဆောင်ရွက်ပေးနေပါတယ်။ အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း (၂ဝ၁၆-၂ဝ၂၁) ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးအတွက် ကျောင်းသားများ၊ မိဘများ၊ ဆရာ ဆရာမများ၊ ကျောင်းများ တွင် စီမံခန့်ခွဲသူများ၊ ပညာရေးတွင် ပူးပေါင်းဆောင်ရွက်သူများ၊ နိုင်ငံတွင်းနှင့် နိုင်ငံတကာမှ မိတ်ဖက်အဖွဲ့အစည်းများရဲ့ ပူးပေါင်းဆောင်ရွက်မှုအင်အားတွေ အလွန်အရေးပါကြောင်း အထူးပြောနေဖို့ မလိုဘူးထင်ပါတယ်။
လူ့ဘောင်လောကမှာ ရပ်တည်ရှင်သန်နိုင်ဖို့ ''အချက်အလက်များကို မှတ်မိရုံသာမက တွေးတတ်၊ ခေါ်တတ်၊ စိစစ်တတ်ပြီး ပြဿနာများကို ဖြေရှင်း တတ်ဖို့'' အလွန်အရေးကြီးပါတယ်။ ကျောင်းသား ကျောင်းသူတွေကို အလွတ် ကျက်မှတ်တဲ့ အလေ့အကျင့်နဲ့ သင်ယူစေတဲ့ အခြေအနေကနေ ကျိုးကြောင်း ဆက်စပ်တွေးခေါ်သင်ယူတတ်တဲ့ ကလေးတွေဖြစ်အောင် လေ့ကျင့်ပေးဖို့ အရေးကြီးပါတယ်။ ဒီလို လေ့ကျင့်သင်ကြားရာမှာ ကျောင်းသား ကျောင်းသူ တွေကို သင်ရိုးညွှန်းတမ်းပါ အကြောင်းအရာများသာမက ပြင်ပအကြောင်း အရာတွေကိုပါ ဆက်စပ်လေ့လာတတ်ဖို့အတွက် ယေဘုယျအားဖြင့် အချက် အလက် စုဆောင်းတတ်ခြင်း၊ စိစစ်ခြင်း၊ ပြဿနာများ အဖြေရှာခြင်း၊ ဆွေးနွေး ခြင်း စတဲ့အချက်တွေနဲ့ ဆောင်ရွက်နိုင်အောင် အခြေခံပညာကျောင်းတွေ မှာစပြီးတော့ အစုအဖွဲ့နဲ့ လေ့လာပူးပေါင်းဆောင်ရွက်တတ်စေမယ့် သင်ကြား၊ သင်ယူမှု နည်းလမ်းများကို အသုံးပြုရပါတယ်။
စာရိတ္တမဏ္ဍိုင်ခိုင်မာအောင်
လူငယ်တွေ၊ ကျောင်းသား ကျောင်းသူတွေကို ''ပြဿနာတွေကို မကြောက်တတ်ဖို့ လေ့ကျင့်ပေးဖို့လိုပါတယ်။ လုပ်ငန်းရှိရင် ပြဿနာရှိမယ်၊ ပြဿနာဆိုတာ ကြောက်စရာမဟုတ်ဘူး၊ ဖြေရှင်းနိုင်တဲ့ အကောင်းဆုံး နည်းလမ်းကို ရှာဖွေတတ်ဖို့ကသာ အရေးကြီးတယ်ဆိုတာကို'' ငယ်စဉ်က တည်းက သင်ထားပေးရပါမယ်။
အခုဆိုရင် ကျွန်မတို့အစိုးရက ပြည်သူတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေပြီး နိုင်ငံ့သိက္ခာကို ထိခိုက်နေတဲ့ အဂတိလိုက်စားမှုတွေကို စနစ် တကျ တိုက်ဖျက်သွားဖို့ ဆောင်ရွက်နေတယ်ဆိုတာ အများသိဖြစ်ပါလိမ့်မယ်။ စာရိတ္တမဏ္ဍိုင်ကို ခိုင်မာအောင် တည်ဆောက်နိုင်ဖို့ ကလေးဘဝကစပြီး လေ့ကျင့်ပျိုးထောင်ပေးဖို့လိုပါတယ်။ နိုင်ငံနှင့်လူမျိုး ဂုဏ်သိက္ခာနှင့် တိုးတက်မှု အတွက် အဂတိလိုက်စားမှု ကင်းစင်ခြင်းရဲ့တန်ဖိုးကို နားလည်စေဖို့ အခြေခံ ပညာကျောင်းတွေမှာ သင်ကြားဖို့အရေးကြီးပါတယ်။ အသက်အရွယ်နဲ့ ကိုက်ညီ တဲ့ ဝေါဟာရတွေ၊ စကားလုံးတွေကိုသုံးပြီး အဂတိလိုက်စားမှုရဲ့ ဆိုးကျိုးများနဲ့ မိမိပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်ပုံများ၊ ရိုးသားတဲ့ အမူအကျင့်များ၊ ကိုယ်ကျိုးနဲ့ အများအကျိုးရဲ့ဆက်စပ်နေမှုနဲ့ ကိုယ်ကျင့်တရား ကောင်းမွန်မှု များကို ဖျော်ဖြေရေးပုံစံနဲ့ ပညာပေးတဲ့ အစီအစဉ်တွေ အကောင်အထည်ဖော်ဖို့ လုပ်ဆောင်လျက်ရှိပါတယ်။ ဒီအစီအစဉ်တွေဟာ ကလေးများအတွက် သာမက နိုင်ငံအတွက် အလွန်ကောင်းမွန်နိုင်မှာပါ။
ကလေးတွေ အတွေးအခေါ်မြင့်မားဖို့ လေ့ကျင့်ပျိုးထောင်ရာမှာ ဆရာ ဆရာမများကိုယ်တိုင် စာပေဖတ်ရှုလေ့လာသကဲ့သို့ တပည့်တွေ စာပေဝါသနာ ပါပြီး ဗဟုသုတ ရှာဖွေရယူလိုတဲ့ အလေ့အကျင့်ကောင်းတွေရရှိစေဖို့ ပြုစု ပျိုးထောင်ပေးကြရပါမယ်။ စာကြည့်တိုက်များကို အသုံးပြုပြီး အသိပညာ၊ အတတ်ပညာများ မိမိကိုယ်တိုင် သင်ယူတတ်အောင် အလေ့အကျင့်ကောင်းတွေ ဖြစ်ထွန်းအောင် လေ့ကျင့်ပေးကြစေလိုပါတယ်။
စာပေဟောပြောပွဲ၊ ဆွေးနွေးပွဲ၊ စာပေစွမ်းရည်ပြိုင်ပွဲများ ကျင်းပခြင်း၊ စကားရည်လုပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပခြင်း၊ သတင်းစာ၊ ဂျာနယ်၊ စာစောင်များမှ ဖြတ်၊ ညှပ်၊ ကပ်ပြုလုပ်ကာ နံရံကပ်စာစောင်များ အပြိုင်အဆိုင် လုပ်ဆောင်စေခြင်းတို့ဖြင့် တပည့်ကလေးငယ်များ စာပေဝါသနာပါလာအောင် ပြုစုပျိုးထောင်ပေးနိုင်ပါတယ်။
ဗဟုသုတ အသိပညာနဲ့ ပြည့်ဝတဲ့ နိုင်ငံတော်ရဲ့ သားကောင်းသမီးမွန်များ ဖြစ်လာရုံနဲ့ မလုံလောက်ပါဘူး။ လူငယ်များ စည်းကမ်းနားလည်စောင့်ထိန်း ဖို့လည်း အရေးကြီးပါတယ်။ ''စည်းကမ်းသည် လူ၏တန်ဖိုး'' ဆိုတဲ့အတိုင်း နိုင်ငံသားတွေရဲ့ စည်းကမ်းရှိမှုဟာ အဲဒီနိုင်ငံကို တိုးတက်စေသလို ဂုဏ်လည်း တက်စေပါတယ်။ ဒါကြောင့် ''အမျိုးသားစည်းကမ်းကို စာသင်ကျောင်းက စစေချင်ပါတယ်''။ လူ့ဘောင်အသိုင်းအဝိုင်းရဲ့ တားမြစ်ချက်တွေ၊ လိုက်နာရမယ့် ဥပဒေတွေကို ဒီ ''စည်းကမ်း'' ကပဲ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ တကယ် တော့ စည်းကမ်းဆိုတာ နေရာတိုင်းမှာ လိုက်နာဖို့လိုပါတယ်။ လိုက်နာတတ် အောင်လည်း လေ့ကျင့်ပျိုးထောင်ပေးရပါမယ်။ ကမ္ဘာ့နိုင်ငံတိုင်းလိုလိုမှာ ပြည်သူ့နီတိဘာသာရပ်ကို နာမည်အမျိုးမျိုးပေးပြီး သင်ကြားနေကြတာ တွေ့ ရပါတယ်။ ကျွန်မတို့နိုင်ငံမှာလည်း စာရိတ္တနဲ့ ပြည်သူ့နီတိကို ထိရောက်အောင် သင်ကြားပေးခြင်းဖြင့် အလေ့အကျင့်ကောင်းများရအောင် လေ့ကျင့်ပေးရ ပါမယ်။ အချိန်ကိုလေးစားလိုက်နာခြင်းဆိုတဲ့ စည်းကမ်းက အထူးတန်ဖိုးရှိ ပါတယ်။ ကျွန်မတို့ရဲ့ ကလေးတွေကို အချိန်ကိုလေးစားတဲ့ ယဉ်ကျေးမှု တစ်ခုတော့ ထူထောင်ပေးဖို့ လိုအပ်ပါတယ်။ ''အချိန်ကိုလေးစားခြင်း''သည် မိမိဌာနနဲ့ မိမိပတ်ဝန်းကျင်ကို လေးစားခြင်း ဖြစ်တယ်ဆိုတာကို လူသားတိုင်း သိရှိရမှာ ဖြစ်ပါတယ်။ ကျောင်းသား ကျောင်းသူများကိုပါ သိရှိအောင် ဆောင် ရွက်ဖို့လိုပါတယ်။ ကျွန်မတို့ ပြည်သူ ပြည်သားတွေဟာ အချိန်ကို လေးစားတဲ့ အလေ့အကျင့်ဟာ တကယ်တော့ အားနည်းနေပါတယ်။ တစ်ချိန်တည်းမှာ ကျောင်းတွေကနေ လေ့ကျင့်ပေးမယ်ဆို ရိုးရိုးလေးပါ။ စည်းကမ်းထိန်းသိမ်း ခြင်းဟာ အမှိုက်မပစ်ဖို့ ကိစ္စပါပဲ။ ဒါဟာ ကျွန်မတို့နိုင်ငံ တစ်နိုင်ငံလုံးအတွက် အရေးကြီးပါတယ်။ လူကြီးတွေ၊ ဆရာ ဆရာမတွေက အမှိုက်တွေပစ်နေရင် ကလေးတွေက လိုက်ပစ်မှာပဲ။ ငယ်ငယ်ကတည်းက အလေ့အကျင့်ကောင်းတွေကို စွဲသွားအောင်လုပ်မှ ကျွန်မတို့နိုင်ငံအတွက် ကောင်းမှာပါ။ သေးသေးလေး တွေကစပြီး အမှိုက်မပစ်ဖို့၊ အချိန်ကိုလေးစားဖို့၊ ကလေးတွေကို အချိန်လေးစား စေချင်ရင် ဆရာ ဆရာမတွေကလည်း အချိန်ကို လေးစားဖို့ လိုပါတယ်။ အသေးအဖွဲလေး ဆိုပေမယ့် အင်မတန်အရေးကြီးပါတယ်။
ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဖို့လို
ကျောင်းက ကလေးတွေကို စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာလည်း ဖွံ့ဖြိုးတိုးတက်နေဖို့ လေ့ကျင့်ပျိုးထောင်ပေးရပါမယ်။ အခြေခံပညာကျောင်း တွေမှာ ငယ်စဉ်ကတည်းက အားကစားကို စိတ်ဝင်စားအောင် လေ့ကျင့်ပေးဖို့ လိုပါတယ်။ အသက်အရွယ်အလိုက် အားကစားပြိုင်ပွဲတွေ ကျင်းပပေးဖို့ လိုပါတယ်။ ဒီလိုကျန်းမာကြံ့ခိုင်တဲ့ကလေးတွေ မွေးထုတ်ပေးနိုင်ဖို့ဆိုတာ ဆရာ ဆရာမကလည်း ကျန်းမာကြံ့ခိုင်နေဖို့လိုပါတယ်။ အချို့က ''အားကစား'' ဆိုရင် ယောက်ျားလေးတွေနဲ့သာ သက်ဆိုင်တယ်ထင်နေကြတုန်းပါပဲ။ 'ကျား' ဖြစ်ဖြစ်၊ 'မ' ဖြစ်ဖြစ် ကိုယ်ကာယကျန်းမာကြံ့ခိုင်ဖို့ လိုပါတယ်။ အခုဆိုရင် ကျွန်မတို့ မိန်းကလေးတွေဟာ အားကစားမှာ ပိုပြီးထွန်းပေါက်လာတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် ''အားကစား ဆရာ ဆရာမ'' တွေကိုလည်း အခြေခံ ပညာကျောင်းတွေမှာ ဖြည့်တင်းပေးရပါမယ်။ အားကစားလုပ်ခြင်းဖြင့် ကိုယ် ကာယ ကျန်းမာမှုအတွက် ကောင်းမွန်စေသည်သာမက အဖွဲ့အစည်းနဲ့ ပူးပေါင်းကြိုးပမ်း ဆောင်ရွက်ခြင်းကိုလည်း လေ့ကျင့်ပေးရာရောက်ပါတယ်။ ပညာရေးမှာ ဆရာမတွေသာမက ဆရာတွေများလာအောင်လည်း ဆောင်ရွက်ဖို့အတွက် မူဝါဒတွေ ချမှတ်ဆောင်ရွက်ဖို့လိုပါတယ်။ ဆရာမတွေ ဟာ ဆရာတွေထက်စာရင် ၉ဝ ရာခိုင်နှုန်း ဖြစ်နေပါတယ်။ ပညာရေးဘက်မှာ အမျိုးသားတွေပါဝင်ခြင်းဟာ အရေးကြီးပါတယ်။ ပညာရေးဟာ လူတိုင်းနဲ့ ဆိုင်တယ်။ ပညာပေးရတဲ့အလုပ်ဟာ အင်မတန်မှ မွန်မြတ်ပါတယ်။ အမျိုးသမီး တွေသာလုပ်ရတာမဟုတ်ဘဲ အမျိုးသားတွေပါ လုပ်သင့်ပါတယ်ဆိုတာကို ကျွန်မအနေနဲ့ တိုက်တွန်းချင်ပါတယ်။
ကလေးတွေ ဘက်စုံဖွံ့ဖြိုးစေဖို့အတွက် ကာယပညာသင်ကြားရေးအပြင် အနုပညာနဲ့ပတ်သက်လို့ ပန်းချီ၊ ဂီတ စတဲ့ ရသပညာရေးကိုလည်း လေ့ကျင့် သင်ကြားပေးဖို့လိုပါတယ်။ ''အနုပညာ''ဟာ လူတစ်ဦးရဲ့ ငြိမ်းချမ်းခြင်းကို အထောက်အကူ ဖြစ်စေပါတယ်။ ပတ်ဝန်းကျင်အလှကိုလည်း မြင်တတ်စေ ပါတယ်၊ ဝါသနာရှင်များအကြား နားလည်မှု၊ ခင်မင်ရင်းနှီးမှုတွေ တိုးတက် စေမယ့် အခွင့်အရေးတွေကိုလည်း ဖန်တီးပေးနိုင်ပါတယ်။
အခုဆိုရင် ကျွန်မတို့နိုင်ငံကို စစ်မှန်တဲ့ ''ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု''ဖြစ်အောင် ထူထောင်နေတဲ့အချိန်ဖြစ်လို့ ငြိမ်းချမ်းရေးဟာ အလွန် အရေးကြီးပါတယ်။ များသောအားဖြင့် ပတ်ဝန်းကျင်ရဲ့ ငြိမ်းချမ်းရေးကို တန်ဖိုးမထားသူတွေဟာ ကိုယ့်ကိုယ်ကိုယ် ငြိမ်းချမ်းအောင် တည်ဆောက် ရာမှာ အားနည်းသူတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ကျွန်မတို့ကျောင်းက ကျောင်းသား ကျောင်းသူတွေရဲ့ဘဝ၊ ဆရာ ဆရာမတွေ ငြိမ်းချမ်းစွာ ပညာ ရယူ၊ မျှဝေနိုင်မယ့် ပတ်ဝန်းကျင် တည်ဆောက်ပေးခြင်းအားဖြင့် ငြိမ်းချမ်းရေး ကို မြတ်နိုးအောင် အားပေးနိုင်ပါတယ်။ အထူးသဖြင့် ဝေးလံခေါင်ဖျားမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာ ဆရာမများရဲ့ ဘဝတွေကို နားလည်ဖို့ လိုပါတယ်။ သူတို့ရဲ့ခံစားချက်ကိုသိမှ ဘာတွေကို ပံ့ပိုးရမလဲဆိုတာ သိနိုင်မှာ ဖြစ်ပါတယ်။ ဆရာ ဆရာမတွေဘဝလုံခြုံမှ သူတို့ပြုစုပျိုးထောင်ပေးနေတဲ့ ကလေးတွေလည်း ငြိမ်းချမ်းစွာနဲ့ ပညာသင်ကြားနိုင်မှာ ဖြစ်ပါတယ်။ မြေပြန့်၊ တောင်ပေါ်မခွဲခြားဘဲ ပညာသင်ယူမှု အခွင့်အလမ်းတွေ တန်းတူရအောင် ဖန်တီးပေးရပါမယ်။ ဆရာ ဆရာမတွေအနေနဲ့ ပိုပြီးတော့ ခက်ခဲတဲ့နေရာတွေမှာ သွားပြီးတော့ တာဝန်ထမ်းဆောင်မယ်ဆိုတာကို စိန်ခေါ်မှုတစ်ခုအနေနဲ့ မြင်စေချင်ပါတယ်။ နိုင်ငံအတွက် ထိထိရောက်ရောက် တာဝန်ထမ်းဆောင်လို့ ရမယ့် အခွင့်အရေးတစ်ခုဆိုပြီး မြင်စေချင်ပါတယ်။ ဒီလိုစွန့်စားတဲ့ စိတ်ဓာတ် တွေကို အထူးသဖြင့် ငယ်ရွယ်တဲ့ ဆရာ ဆရာမတွေမှာ ရှိစေချင်ပါတယ်။ ခက်ခဲတဲ့နေရာတွေမှာ ပညာသင်ကြားပေးရတာ ပိုပြီးတန်ဖိုးရှိတယ်ဆိုတဲ့ စိတ်ဓာတ်တွေ မွေးမြူပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံလိုပါတယ်။
ဘေးကင်းလုံခြုံစွာ နေထိုင်တတ်ဖို့ သင်ကြား
ဆရာသည် ကလေးများကို ကျောင်းသင်ဘာသာရပ်များကိုသာ သင်ပေး ခြင်းနဲ့ မလုံလောက်ပါဘူး။ ဘေးကင်းလုံခြုံစွာ နေထိုင်တတ်ဖို့လည်း သင်ကြား ပေးရပါတယ်။ လူငယ်တွေ မူးယစ်ဆေးဝါးသုံးစွဲပြီး လမ်းမှားကိုမရောက်ဖို့ အခြေခံပညာကျောင်းတွေမှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ အစီအစဉ်တွေ လုပ်ပေးစေချင်ပါတယ်။ ယခုနည်းပညာ အရှိန်အဟုန် တိုးတက်နေတဲ့ ခေတ် ကြီးမှာ နည်းပညာသစ်တွေရဲ့ အကောင်း၊ အဆိုးအကျိုးနှစ်သွယ်လုံး ကလေး များသိအောင် လုပ်ပေးဖို့လည်းလိုပါတယ်။ ဒီလိုလုပ်ငန်းတွေမှာ ဆရာတွေနဲ့ မိဘတွေ ပူးပေါင်းဆောင်ရွက်ဖို့ အထူးအရေးကြီးပါတယ်။ စာသင်ခန်းထဲမှာပဲ သင်ပေးလို့ မလုံလောက်တော့ပါဘူး။ မိဘတွေကပါ ဝိုင်းဝန်းပြီးကူညီမှ၊ ဝိုင်းဝန်း ပြီးတော့ ပူးပေါင်းဆောင်ရွက်မှ မူးယစ်ဆေးဝါးပြဿနာ၊ နောက်ပြီးတော့ လက်ကိုင်ဖုန်းတွေက ဝင်လာတဲ့ အချက်အလက်တွေအမျိုးမျိုးပေါ့၊ လူငယ်တွေနဲ့ သင့်တော်တာတွေပါမယ်၊ မသင့်တော်တာတွေလည်း ပါတယ်။ ဒါတွေဟာ တစ်ချိန်လုံး ဝင်နေတာပဲ။ ကိုယ့်ကလေးတွေ မှန်ကန်တဲ့လမ်းရောက်အောင်လို့ သူတို့ ဘာတွေမြင်နေရလဲ၊ တွေ့နေကြလဲ၊ ဘာတွေကိုဖတ်နေကြလဲ၊ ဘာတွေကို ကြားနေကြလဲဆိုတာကို မိဘဆရာတွေက သိမှသာလျှင် ကလေးတွေကို ကူညီပြီးတော့ ဘယ်ဟာကိုပယ်သင့်တယ်၊ ဘယ်ဟာကိုတော့ လက်ခံသင့်တယ် ဆိုတာကို သင်ပေးနိုင်မှာ ဖြစ်ပါတယ်။
ကျွန်မတို့ဟာ လူငယ်တွေကို အနာဂတ်မှာ နိုင်ငံ့တာဝန်များ ကျေပွန်စွာ ထမ်းဆောင်နိုင်တဲ့ လူသားကောင်းတွေဖြစ်ဖို့ လေ့ကျင့်မွေးထုတ်ပေးရမယ့် သမိုင်းပေး တာဝန်ရှိပါတယ်။ တစ်ကမ္ဘာလုံးရဲ့ လိုအပ်ချက်၊ ကျွန်မတို့ မြန်မာနိုင်ငံရဲ့ လိုအပ်ချက်အရ အသက်မွေးဝမ်းကျောင်းပညာကို အားပေးဖို့ လည်း လိုပါတယ်။ အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်သွားတဲ့ ကလေး တွေထဲမှာ တက္ကသိုလ်ပညာ ဆက်သင်တဲ့ကလေးတွေရှိသလို အသက် မွေးဝမ်းကျောင်း ပညာဘက်ကိုလိုက်တဲ့ ကလေးတွေရှိဖို့ အလွန်အရေး ကြီးပါတယ်။ အသက်မွေးဝမ်းကျောင်းပညာဆိုတာ ဒုတိယတန်းစား ပညာ မဟုတ်ပါဘူး၊ သင်ယူသူတွေအတွက် သာမက နိုင်ငံ့အတွက်၊ ကမ္ဘာ့အတွက် တန်ဖိုးရှိလှတာကြောင့် ယခုခေတ်ရဲ့ လိုအပ်ချက်နဲ့အညီ သက်မွေးပညာရေးကို မြှင့်တင်ပေးဖို့ အရေးကြီးပါတယ်။
၂ဝ၁၆ ခုနှစ်မှ ၂ဝ၃ဝ ပြည့်နှစ်အထိ လာမယ့် တစ်ဆယ့်ငါးနှစ် ကာလ အတွင်း ကြိုးပမ်းဆောင်ရွက်ကြရမယ့် ကမ္ဘာ့ဖွံ့ဖြိုးမှုလမ်းညွှန်အဖြစ် စဉ်ဆက် မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များရဲ့ ပန်းတိုင်(၄)ဖြစ်တဲ့ လူသားအားလုံး အကျုံး ဝင်ကာ ညီညွတ်မျှတပြီး အရည်အသွေးရှိတဲ့ ပညာသင်ယူနိုင်ရေးနှင့် ဘဝ တစ်လျှောက် အစဉ်လေ့လာသင်ယူနိုင်သော အခွင့်အလမ်းရရှိရေးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု စိတ်စေတနာအပြည့်အဝဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ မသန်စွမ်းကလေး များနဲ့ အထူးလိုအပ်ချက်ရှိတဲ့ ကလေးများအပါအဝင် ကလေးတိုင်း သာတူညီမျှ အခွင့်အလမ်းရရှိအောင် ဆောင်ရွက်ပေးကြရမှာ ဖြစ်ပါတယ်။
ဆရာ ဆရာမတွေဟာ ကျောင်းအတွင်းမှာ ရောက်လာတဲ့ကလေးမှ ငါတို့နဲ့ ဆိုင်တယ်လို့ သဘောမထားစေချင်ပါဘူး။ ကျောင်းပြင်ပရောက်နေတဲ့ ကလေး များ သင်ယူမှု အခွင့်အလမ်းတွေရအောင်လည်း ဆောင်ရွက်ပေးရမှာ ဖြစ်ပါ တယ်။ ဆိုလိုတာက ကျောင်းနေအရွယ်ကလေးများ ပညာသင်ယူဖို့ အခွင့် အရေးရအောင် ဆရာ ဆရာမတွေနဲ့ မိဘတွေ ပူးပေါင်းဆောင်ရွက်ကြဖို့လိုပါ တယ်။ ဆရာ ဆရာမစိတ်ဓာတ်နဲ့ဆိုရင် ကျောင်းတက်တဲ့အချိန်မှာ ကျောင်း မတက်ဘဲ ဆော့နေတဲ့ကလေးတွေမြင်လို့ရှိရင် သွားပြီးတော့မေးစေချင်တယ်။ ကျောင်းမတက်ဘူးလား၊ ဘာဖြစ်လို့ ကျောင်းမတက်တာလဲ၊ ကျောင်းမတက်နိုင် လို့လား၊ ကျောင်းပြေးနေတာလား စိတ်ဝင်စားမှုရှိစေချင်တယ်။ လမ်းဘေးမှာ ကလေးတွေရောက်နေတယ်ဆိုတာ မကောင်းပါဘူး။ လမ်းဘေးက ကလေး တွေ ကျောင်းစာသင်ခန်းထဲရောက်ဖို့အတွက် ကျွန်မတို့အားလုံး ဝိုင်းဝန်း ကြိုးပမ်းစေလိုပါတယ်။
ယခင်တုန်းကတော့ ''ကျောင်းဆိုတာ တိတ်ဆိတ်ငြိမ်သက်စွာ သင်ယူတဲ့ နေရာလိုမျိုး ဖန်တီးနိုင်တာကို ဂုဏ်ယူခဲ့ကြတာကို'' ကြားဖူးပါတယ်။ တကယ် တော့ ကျောင်းဆိုတာ စာသင်ခန်းထဲမှာ တိတ်ဆိတ်ငြိမ်သက်စွာနဲ့ လက်ပိုက်ပြီး ဆရာပြောသမျှ နားထောင်တဲ့ အစဉ်အလာကိုတော့ အားမပေးသင့်ပါဘူး။ ဒီလိုပြောခြင်းအားဖြင့် နားထောင်ရမယ့်အချိန်မှာ နားမထောင်ရဘူးလို့ ပြောလိုခြင်း မဟုတ်ပါဘူး။ ဒါပေမယ့် တစ်ချိန်လုံး ဆရာကပဲ ပြောမယ်။ ကျောင်းသားတွေက နှုတ်ဆိတ်ပြီးနားထောင်ရမယ်၊ မေးခွန်းလည်းမထုတ်ရဘူး၊ ဆရာ ဆရာမပြောတာ အကုန်မှန်၏ဆိုပြီး အဲသလိုသင်ယူတဲ့စနစ်မျိုးနဲ့က ကျွန်မတို့ အခုခေတ်နဲ့ မီအောင်လိုက်နိုင်မှာ မဟုတ်ပါဘူး။ ကျောင်းသား ကျောင်းသူတွေ လွတ်လပ်ပေါ့ပါး စိတ်ဝင်စားစွာနဲ့ သင်ယူနိုင်ဖို့လိုပါတယ်။ စာတစ်ခုတည်းမဟုတ်ဘဲ အားကစား၊ ဂီတ၊ အနုပညာ၊ စိုက်ပျိုးရေး စတာတွေ ကိုပါ ပီပီပြင်ပြင် ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် လေ့ကျင့်ပေးကြရမှာပါ။ ကျွန်မတို့နိုင်ငံမှာရှိတဲ့ ကလေးတွေကို ပြောရဲ၊ ဆိုရဲ၊ သွက်လက်ထက်မြက် နေတဲ့ ကလေးတွေဖြစ်အောင် ဆရာ ဆရာမတွေက လေ့ကျင့်ပေးရပါမယ်။ ''ဒီမိုကရေစီအစ စာသင်ကျောင်းက''ဆိုတဲ့အတိုင်း ကျောင်းတွင်းမှစပြီး ဒီမိုကရေစီစနစ် ဖွံ့ဖြိုးရှင်သန်စေမယ့် အမူအကျင့်တွေ သင်ကြားပေးရမှာပါ။ ကလေးများ နားလည်နိုင်မယ့်၊ စိတ်ဝင်စားမယ့် နည်းတွေသုံးပြီး မိမိတို့ တစ်သက်တာအတွက်၊ နိုင်ငံ့အနာဂတ်အတွက်၊ အကျိုးဖြစ်စေမယ့် အတွေး အခေါ်များကို သင်ကြားပေးစေချင်ပါတယ်။ ကြုံတုန်းပြောရမယ်ဆို ကျွန်မ မကြာခင်လတွေတုန်းက တွေ့ခဲ့တဲ့ကလေးတွေကို ကျွန်မအားရပါတယ်။ မူလတန်းကလေးတွေရော၊ အထက်တန်းကလေးတွေရော ပြောရဲဆိုရဲ ရဲရဲ ဝံ့ဝံ့ရှိကြတယ်။ မေးလို့ရှိရင်ဖြေတယ်။ သူတို့စိတ်ထဲမှာ ရှိတဲ့အတိုင်း ပြောတယ်။ နည်းနည်းရှက်တာတော့ရှိပေမယ့် ရှက်တာနဲ့ကြောက်တာမတူဘူး။ ကလေးတွေ ဆိုတော့ ရှက်တာကတော့ သဘာဝကျပါတယ်။ နောက်ပြီးသူတို့ တတ်တဲ့ပညာ ကိုသူတို့ဂုဏ်ယူတယ်။ နည်းနည်းပဲတတ်တဲ့ပညာကိုတောင် အများကြီးဂုဏ်ယူ တယ်။ ဒါကြောင့်မို့လို့ ကျောင်းဆရာ ဆရာမများရဲ့အလုပ်ဟာ အင်မတန် မွန်မြတ်ပါတယ်ဆိုတာကို လူတိုင်းလူတိုင်းကို မိမိကိုယ်ကို တန်ဖိုးထားတတ် အောင်၊ ဂုဏ်ယူတတ်အာင်လို့ သင်ပေးတာဟာ တကယ့်ဆရာ ဆရာမများရဲ့ အကြီးမားဆုံး စွမ်းဆောင်မှုပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့ ကလေးတွေကို ထက်ထက်မြက်မြက်၊ ရဲရဲတင်းတင်းနဲ့ ဘဝကိုရင်ဆိုင်နိုင်အောင်လို့ ကူညီ ပေးကြပါ။
အကျိုးပြုနိုင်
မြန်မာနိုင်ငံရဲ့ အမျိုးသားပညာရေးစနစ် ပြောင်းလဲရာမှာ ကလေးများ အနေနဲ့ တီထွင်ဖန်တီးခြင်းနဲ့ ဆန်းစစ်ဝေဖန်ပိုင်းခြားခြင်းဆိုင်ရာ ကျွမ်းကျင်မှု များ၊ ယဉ်ကျေးမှုဆိုင်ရာ တန်ဖိုးထားမှုများနဲ့ ကျင့်ဝတ်များရရှိကာ မိမိဘဝ အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရွေးချယ်လုပ်ကိုင်နိုင်တဲ့ အရည် အချင်းများနဲ့ ပြည့်စုံအောင် ပြုစုပျိုးထောင်ပေးရမှာ ဖြစ်ပါတယ်။ ဒါမှ မြန်မာ နိုင်ငံရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးပြုနိုင်သည့် ပညာရေးဖြစ် မယ်လို့ ယုံကြည်ပါတယ်။
''အရည်အသွေးရှိတဲ့ပညာရေး''ရရှိဖို့အတွက် ကလေးများဟာ ကျန်းမာ သန်စွမ်းနေဖို့လိုပါတယ်။ ကျန်းမာသန်စွမ်းမှ သင်ယူလိုတဲ့အကြောင်းအရာ များကို စိတ်အားထက်သန်စွာ သင်ယူနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းတွေ မှာ အာဟာရပြည့်ဝအောင်၊ ကျန်းမာသန်စွမ်းအောင် ဘယ်လိုနေထိုင်ရမယ်ဆိုတာ ကိုလည်း လမ်းညွှန်သင်ကြားပေးကြရပါမယ်။ ကျွန်မ ကျောင်းသားမိဘတွေကို မေးတဲ့အခါမှာ အထူးသဖြင့် ရွာကလေးတွေ၊ မြို့ကလေးတွေမှာ မေးလို့ရှိရင် ပညာရေးကို အမြဲတမ်းကျန်းမာရေးရဲ့ရှေ့မှာထားပြီး ပြောပါတယ်။ အဲဒါကို ကျွန်မစိတ်ဝင်စားပါတယ်။ မိဘများဟာ သားသမီးများရဲ့ အနာဂတ်ကို ရေရှည် ဖွံ့ဖြိုးတိုးတက်ဖို့ကြည့်ပြီး ပညာသိပ်တတ်စေချင်တယ်။ ဒါကြောင့် ကျွန်မ အမြဲတမ်းသတိပေးရတယ်။ ပညာတတ်ပြီး မကျန်းမာရင် ဘဝမှာရပ်တည်ဖို့ မလွယ်ကူဘူး။ ဒါကြောင့် ကျန်းမာရေးနဲ့ ပညာရေးက တန်းတူတန်ဖိုးရှိတယ် ဆိုတာကို အတန်းထဲမှာ ဆရာဆရာမများဟာ သင်ကြားရမယ်။မိဘများ ကလည်း နားလည်ဖို့လိုပါတယ်။ ကျန်းမာရေးပညာပေးတယ်ဆိုတာကလည်း တစ်သက်တာပိုပြီး ခိုင်ခိုင်မာမာရပ်တည်နိုင်ဖို့အတွက် ဖြစ်ပါတယ်။
ပညာပြည့်ဝ နှလုံးလှဖို့
ပညာရေးလုပ်ငန်းရဲ့ သော့ချက်အကျဆုံးနေရာမှာရှိနေသူများက ''ဆရာ'' များဖြစ်ပါတယ်။ ဆရာတွေဆိုတာ ''ပညာပြည့်ဝ နှလုံးလှ'' ဖို့လိုပါတယ်။ ''ပညာ''ဆိုတာ လက်ဆင့်ကမ်းတဲ့အရာဖြစ်ပါတယ်။ လက်ဆင့်ကမ်းရာမှာ ဦးနှောက်နဲ့ရော၊ နှလုံးသားနဲ့ပါ လက်ဆင့်ကမ်းဖို့လိုပါတယ်။ ကိုယ့်ရဲ့ပညာ အရည်အသွေးကို ပြည့်ဝအောင် တစ်သက်တာ သင်ယူကြိုးစားပြီး ကိုယ့်ရဲ့ တပည့်တွေကို ကိုယ့်ထက်သာတဲ့သူတွေဖြစ်အောင် လုပ်နိုင်စွမ်းရှိစေချင်ပါ တယ်။ ဆရာစားမချန်ပါနဲ့။ တကယ်သိက္ခာရှိတဲ့၊ ဂုဏ်ရှိတဲ့ဆရာတွေဆိုတာ မိမိတို့ထက်ပိုတော်တဲ့ တပည့်တွေကို မွေးထုတ်နိုင်တဲ့ ဆရာဆရာမတွေပဲ ဖြစ်ပါတယ်။ ပညာရေးစီမံခန့်ခွဲသူတွေနဲ့ ဆရာ ဆရာမတွေဟာ ဦးဆောင် လမ်းပြနိုင်မှု အရည်အသွေး၊ စီမံခန့်ခွဲမှုအရည်အသွေး ပြည့်ဝနေဖို့လည်း အစဉ်ကြိုးစားစေချင်ပါတယ်။ စီမံခန့်ခွဲတဲ့နေရာမှာ မျှတမှုရှိစေချင်ပါတယ်။ ''အဂတိ'' တရားကင်းရှင်းရပါမယ်။ ပညာရေးမှာထူးချွန်ပြီး တော်တဲ့သူတွေ ကို ''နေရာမှန်၊ လူမှန်'' နေရာပေးမှုရှိသလို၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့သူတွေ ဖြစ်ဖို့လည်း လိုပါတယ်။ ဒါဟာအစိုးရမှာလည်း တာဝန်ရှိပါတယ်။ အစိုးရက ပညာရေးဌာနကို စီမံခန့်ခွဲတဲ့နေရာမှာ မျှတမှုရှိဖို့လိုပါတယ်။ ကျွန်မတို့ရဲ့ ပညာရေးမှာ မျှတမှုကို အတန်းထဲမှာကတည်းက ဆရာ ဆရာမတွေက သင်ပေးရမှာပါ။ ဘယ်သူ့ကိုမျက်နှာလိုက်တယ်၊ ဘယ်သူ့ကို မျက်နှာမလိုက်ဘူး၊ ဘယ်သူ့သားသမီးဖြစ်လို့ ဆိုတာမျိုးမရှိသင့်ပါဘူး။ နောက်ပြီးတော့ ဆရာ ဆရာမတွေက စာတော်တဲ့တပည့်တွေကို မျက်နှာလိုက်ပါတယ်။ ဒါလည်း တစ်နည်းအားဖြင့် သဘာဝကျပါတယ်။ ဒါပေမယ့် ကျွန်မအမြင်မှာတော့ စာမတော်တဲ့ကလေးတွေကို ပိုပြီးတော့ ဂရုစိုက်ရမှာပါ။ ဘာဖြစ်လို့ မတော် တာလဲ၊ သူတို့မှာ ဘာပြဿနာရှိလို့လဲ၊ ကျောင်းစာကို ဘာကြောင့် ကောင်းကောင်း စိတ်မဝင်စားတာလဲ၊ ဘာဖြစ်လို့ စာမလိုက်နိုင်တာလဲ၊ ဘယ်လိုဒီဟာတွေကို ကူညီပေးနိုင်မလဲဆိုတာတွေ၊ ကျောင်းသားတွေရဲ့ အားနည်းချက်တွေကို ဘယ်လိုဖြည့်ဆည်းပေးနိုင်မလဲဆိုတာကို လုပ်မယ်ဆိုတာ ဆရာ ဆရာမများရဲ့ အင်မတန်မှ အရေးကြီးတဲ့တာဝန် ဖြစ်ပါတယ်။ တော်တဲ့ ကလေးတွေကိုလည်း ပိုတော်လာအောင် ပြုစုပျိုးထောင်ပေးနိုင်ရမယ်။ နောက်မှာကျန်နေတဲ့ ကလေးတွေကိုလည်း လက်တွဲပြီးခေါ်လာနိုင်ရမယ်ဆိုတာ ဆရာ ဆရာမကောင်းများရဲ့ တာဝန်လို့ မှတ်ယူစေချင်ပါတယ်။
ပညာရေးသည် ဆင်းရဲနွမ်းပါးမှုကို လျှော့ချ၍ သာတူညီမျှရှိစေခြင်း၊ မိသားစုဝင်ငွေ မြင့်မားလာစေခြင်း၊ တစ်ဦးချင်းစီနှင့် မိသားစုကျန်းမာရေး မြှင့်တင်ပေးနိုင်ခြင်း၊ ငြိမ်းချမ်းရေးကို ရေရှည်တည်တံ့ခိုင်မြဲစေခြင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေခြင်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးခိုင်မာစေခြင်း စတဲ့ များစွာသော အကျိုးများနဲ့ သက်ဆိုင်ပါတယ်။ ယခုကျင်းပပြုလုပ်တဲ့ နှီးနှော ဖလှယ်ပွဲမှ ဆွေးနွေးချက်တွေဟာ နိုင်ငံရဲ့အနာဂတ်အတွက် ထိရောက်စွာ အကျိုးဆောင်နိုင်မယ့် အခြေခံပညာကဏ္ဍ ပညာရေးစနစ် ပေါ်ပေါက်ခိုင်မာ လာစေနိုင်မယ်လို့ မျှော်လင့်ပါတယ်။
နေတတ်ဖို့ပဲဖြစ်
ကျွန်မတို့ ထုံးတမ်းစဉ်လာအရ လူကြီးတွေက လူငယ်တွေကို ဆုပေးတဲ့ အခါမှာ ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ဘေးအန္တရာယ်အမျိုးမျိုးမှ ကင်းဝေး ပါစေလို့ ယေဘုယျအားဖြင့်ပြောကြပါတယ်။ ပညာပေးတယ်ဆိုတာ ဒီဟာတွေ ကိုယ့်ကိုယ်ကိုယ်ဖြစ်အောင် လုပ်နိုင်ဖို့ပဲ၊ ဒီဆုတွေကို ကိုယ့်ကိုယ်ကိုယ်ဖြည့်နိုင်တဲ့ အရည်အချင်းတွေပေးဖို့ပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကျန်းမာအောင် နေတတ်ဖို့ ပညာလိုတယ်။ ကိုယ့်ကိုယ်ကိုယ် ချမ်းသာအောင်နေတတ်ဖို့၊ ချမ်းသာအောင်ဆိုတာ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာရော ချမ်းသာအောင် နေတတ်ဖို့ဆိုတာ ပညာလိုတယ်။
ဘေးအန္တရာယ်ကင်းဝေးအောင်နေတတ်ဖို့ ဆိုတာလည်း ပညာလိုတယ်။ ကျွန်မတို့ ပညာရေးရဲ့ရည်ရွယ်ချက်ဟာ ဘာလဲလို့ ရိုးရိုးလေးပြောလို့ရှိရင် ကျွန်မတို့တစ်တွေရဲ့ ကလေးများ၊ သားသမီးများကို နေ့စဉ်နှင့်အမျှ ပေးနေတဲ့ဆုတွေကို ကလေးသူငယ်တွေ မိမိတို့ကိုယ်တိုင် ဘဝတစ်လျှောက်မှာ ဖြည့်ဆည်းပေးသွားနိုင်ဖို့ ကျန်းမာအောင်၊ ချမ်းသာအောင်၊ ဘေးအန္တရာယ်ကင်းဝေးအောင် နေတတ်ဖို့ပဲဖြစ်တယ်လို့ပြောရင်း နိဂုံးချုပ် ပါတယ်။ ကျေးဇူးတင်ပါတယ်ဟု ပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့သည် နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာကြသည့် ဒုတိယဝန်ကြီး၊ နေပြည်တော် ကောင်စီဝင်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ လူမှုရေးဝန်ကြီးများနှင့်လည်းကောင်း၊ လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများနှင့် အမျိုးသားပညာရေး မူဝါဒကော်မရှင်၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ၊ အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ရေးကော်မတီတို့မှ အဖွဲ့ဝင်များနှင့် လည်းကောင်း၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ တာဝန်ရှိသူများနှင့်လည်းကောင်း၊ ဖွံ့ဖြိုးရေးမိတ်ဖက် အဖွဲ့ အစည်းများနှင့်လည်းကောင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ခန်းမအတွင်း ခင်းကျင်းပြသထားသည့်အဆင့်မြင့်ပညာဦးစီးဌာန(ဆရာအတတ်သင်) သင်ထောက်ကူပြခန်း၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနပြခန်း၊ အခြေခံပညာဦးစီးဌာICT ပြခန်း၊ တိုင်းရင်းသားဘာသာစာပေ သင်ကြား၊ သင်ယူမှုပြခန်း၊ နေပြည်တော်ပညာရေးမှူးရုံး သိပ္ပံပစ္စည်းကိရိယာပြခန်း၊ ဇီဝဗေဒသင်ထောက်ကူ ပြခန်း၊ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံး သိပ္ပံပြခန်းနှင့် ရန်ကုန်တိုင်း ဒေသကြီးပညာရေးမှူးရုံး ဇီဝဗေဒ၊ ဓာတုဗေဒ သင်ထောက်ကူပြခန်းတို့ကိုလှည့်လည်ကြည့်ရှုအားပေးသည်။
သတင်းစဉ်

No comments:

Post a Comment