Tuesday, December 4, 2018

မုံရွာမြို့တွင် ၂ဝ၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အခမ်းအနား ကျင်းပ

Image may contain: 1 person
မုံရွာ ဒီဇင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ၂ဝ၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို ဒီဇင်ဘာ ၃ ရက် နံနက် ၉ နာရီက မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် က ''စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နေရာဒေသအသီးသီးမှာရှိကြတဲ့ မသန်စွမ်းသူတွေရဲ့ ဘဝဖွံ့ဖြိုးတိုးတက်ရေး၊ဂုဏ်သိက္ခာရှိစွာ ရပ်တည်နေနိုင်ရေး၊ နိုင်ငံဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များတွင် တစ်တပ်တစ်အား ပါဝင်နိုင်ရေးအတွက် မြှင့်တင်အားပေး ဆောင်ရွက်နေကြတဲ့ ဌာနဆိုင်ရာများ၊ ပြည်တွင်း၊ ပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ အားလုံး ဆက်လက်ပူးပေါင်းဆောင်ရွက်ကြ ရန်၊ ဖေးမကူညီခြင်း၊ ပူးပေါင်းဆောင် ရွက်ခြင်း၊ အပြန်အလှန်နားလည်ခြင်း၊ စုစည်းဆောင်ရွက်ခြင်းတို့ဖြင့် မသန်စွမ်းသူများဘဝ ဖွံ့ဖြိုးတိုးတက်လာစေအောင် သင်တန်းကျောင်းအခြေပြုနဲ့ ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေးလုပ်ငန်းများ တိုးတက်များပြားလာဖို့ ဝိုင်းဝန်းဆောင်ရွက်ကြရန်၊ ပြောင်းလဲ လာသော ခေတ်စနစ်နဲ့အညီ နည်းပညာစွမ်းအားကို အသုံးပြုပြီး မသန်စွမ်းသူများဘဝ ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြပါ၊ ကိုယ့်အားကိုယ်ကိုးအဖွဲ့အစည်းများ ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းလာနိုင်အောင် ပံ့ပိုးပေးကြပါ'' ဟု ထည့်သွင်းပြောကြားခဲ့သည်။
၂ဝ၁၄ ခုနှစ်တွင် ကောက်ယူခဲ့သော သန်းခေါင်စာရင်းစစ်တမ်းအရ မြန်မာနိုင်ငံ လူဦးရေသည် ၅၂ သန်းကျော်ရှိသည့်အနက် ၂ ဒသမ ၃ သန်း (၄ ဒသမ ၆ ရာခိုင်နှုန်းကျော်)သည် မသန်စွမ်းမှု များကို ခံစားနေရသူများဖြစ်ပြီး တိုင်းဒေသကြီးအတွင်း အမြင်အာရုံ မသန်စွမ်းသူ၊ အကြားအာရုံမသန်စွမ်းသူ၊ လမ်းလျှောက်အကူ ပစ္စည်းကိုင်တွယ် ရန် ခက်ခဲသူ၊ သင်ယူလေ့လာခြင်းမှတ်ယူရန် အာရုံစူးစိုက်မှုခက်ခဲသူ စသည့် မသန်စွမ်းသူ လူဦးရေစုစုပေါင်း ၁၇၇၈၅၁ ဦးရှိကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)

No comments:

Post a Comment