Monday, December 24, 2018

မြန်မာဂန္ထဝင်အတွဲ ၁ဝဝ စာစဉ်နှင့် မြန်မာ့စွယ်စုံကျမ်း ပြန်လည်ထုတ်ဝေရေးညှိနှိုင်းအစည်းအဝေးကျင်းပ





ရန်ကုန် ဒီဇင်ဘာ ၂၃



 မြန်မာဂန္ထဝင်အတွဲ ၁ဝဝ စာစဉ်နှင့် မြန်မာ့စွယ်စုံကျမ်း ပြန်လည်ထုတ်ဝေရေးညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် က မြန်မာဂန္ထဝင်အတွဲ ၁ဝဝ စာစဉ် အတွဲ သုံးတွဲကို အချိန်ယူဆောင်ရွက်ခဲ့ပြီး အောင်မြင်စွာ ထုတ်ဝေနိုင်ခဲ့ပါကြောင်း၊ စာအုပ်များကို စိတ်ဝင်စားသူများပြားပြီး ဝယ်ယူမှုလည်း များပြားပါကြောင်း၊ နောက်ထွက်ရှိလာမည့် အတွဲ ၄၊ အတွဲ ၅၊ အတွဲ ၆ တို့ ထွက်ရှိမည့်အချိန်ကို စာဖတ်သူများက စောင့်မျှော်နေသည့် အတွက် လာမည့်လများအတွင်း အမြန်ဆုံးဆက်လက် ထုတ်ဝေနိုင်ရေး ကြိုးစားသွားရန်ဖြစ်ပါကြောင်း စသည် ဖြင့် ပြောကြားသည်။
ပေါင်းစပ်ဆောင်ရွက်
ထို့နောက် တက်ရောက်လာကြသူ များက တာဝန်ယူဆောင်ရွက်နေသည့် ကဏ္ဍအလိုက် ဆောင်ရွက်ပြီးစီးမှု၊ လုပ်ငန်းဆောင်ရွက်စဉ် ကြုံတွေ့ရသည့် အခက်အခဲများကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
မြန်မာဂန္ထဝင်အတွဲ ၁ဝဝ စာစဉ် စတုတ္ထတွဲ၌ လယ်တီပဏ္ဍိတ ဦးမောင်ကြီး ရေးသားသည့် တပင်ရွှေထီးဝတ္ထုနှင့် ရွှေစကြာဦးစိုးမြင့် ရေးသားသည့် နားခံ တော် ဝတ္ထုတို့ပါဝင်မည်ဖြစ်ပြီး ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလတွင် ထွက်ရှိနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာ ဂန္ထဝင်အတွဲ ၁ဝဝ စာစဉ်များကို တစ်လလျှင် အနည်းဆုံး နှစ်တွဲနှုန်းဖြင့် ထွက်ရှိနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဖြန့်ဝေစစ်ဆေး
မြန်မာ့စွယ်စုံကျမ်း ပြန်လည် ထုတ်ဝေရေးတွင် တည်ပုဒ် ကမှအ အထိ မြန်မာ့စွယ်စုံကျမ်း ၂၅ တွဲတွင် တည်ပုဒ် ၃၉၆ ပုဒ်ကို ပထမတွဲအဖြစ် ဖွဲ့စည်းထား သည့် မူကြမ်းစာအုပ်မှာ ဘာသာရပ် အလိုက်ပညာရှင်များထံ ဖြန့်ဝေစစ်ဆေးမှု များ ပြုလုပ်လျက်ရှိရာ ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်း အချောသပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။ သတင်းစဉ်

No comments:

Post a Comment