Wednesday, November 7, 2018

Rakhine State Investment Fair ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

Image may contain: one or more people and indoor
စစ်တွေ နိုဝင်ဘာ ၆
Rakhine State Investment Fair ကျင်းပရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ငပလီကမ်းခြေတွင်ကျင်းပမည့်Rakhine State Investment Fair နှင့်ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်တို့ဘက်မှ ကြိုတင် ပြင်ဆင်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို အဆင်ပြေ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက်ရည်ရွယ်ပြီး ညှိနှိုင်း အစည်းအဝေး ကျင်းပခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နိုင်သည့် အလားအလာ များစွာ ရှိသော်လည်း ၎င်းတို့ကို အကောင်အထည်ဖော်ရန် အင်မတန်အရေးကြီးပါကြောင်း၊ ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ဖော်ထုတ်တင်ပြနိုင်မည့် ရင်းနှီး မြှုပ်နှံမှု ဆွေးနွေးပွဲနှင့် ပြပွဲများကို ကျင်းပဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ ယခုကျင်းပမည့်Rakhine State Investment Fair သည် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည့်အတွက် ပြည်နယ်အစိုးရအဖွဲ့၊ ဆက်စပ်ဌာနအဖွဲ့အစည်းများနှင့် ရခိုင်ပြည်သူ၊ ပြည်သားများပါ ဝိုင်းဝန်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ သို့မှသာ ရခိုင်ပြည်နယ်သည် ဘက်စုံ၊ ကဏ္ဍစုံမှ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာ မာလာမျိုးညွန့်တို့က Investment Fair ဆောင်ရွက်ရခြင်း၏ လုပ်ငန်းစဉ်များကို ရှင်းလင်း ဆွေးနွေးပြောကြားပြီး Myanmar Survey Researchမှ တာဝန်ရှိသူတစ်ဦးက ရင်းနှီးမြှုပ်နှံမှု စစ်တမ်းကောက်ယူ ခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။
ယင်းနောက်Rakhine State Investment Fair အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ဆောင်ရွက် ရမည့် လုပ်ငန်းများ၊ ပြည်တွင်း ပြည်ပမှ စီးပွားရေးလုပ်ငန်း ရှင်များ တက်ရောက်နိုင်ရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းများကို ဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ် ညှိနှိုင်းပေးသည်။
တင်ထွန်း(ပြန်/ဆက်)

No comments:

Post a Comment