Thursday, November 29, 2018

ယူကရိန်းရေတပ်သားများကို ထိန်းသိမ်းထားရန် ခရိုင်းမီးယားရှိ တရားရုံးက အမိန့်ချမှတ်

Image may contain: 1 person
ဆင်ဖာရိုပိုလ် နိုဝင်ဘာ ၂၈
ပင်လယ်ပြင်အတွင်း ရုရှားရေတပ်နှင့် ထိပ်တိုက်တွေ့စဉ် အဖမ်းခံခဲ့ကြရသော ယူကရိန်းရေတပ်သားများကို နှစ်လ တာမျှ ထိန်းသိမ်းထားရှိရန် ခရိုင်းမီးယားဒေသရှိ တရားရုံး တစ်ရုံးက အမိန့်ချမှတ်လိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက နိုဝင်ဘာ ၂၈ ရက်တွင် သတင်းထုတ်ပြန် သည်။
ယူကရိန်းရေတပ်သားများကို ထိန်းသိမ်းထားရန် တရားရုံးတော်က နိုဝင်ဘာ ၂၇ ရက်တွင် အမိန့်ထုတ်ပြန် လိုက်ခြင်းကြောင့် ရုရှားနှင့် ယူကရိန်းအစိုးရအဖွဲ့များ အကြား တင်းမာမှုများ ထပ်မံဖြစ်ပေါ်လာနိုင်သည်ဟု ယူဆ ရသည်။
ယူကရိန်းရေတပ်သား ၂၄ ဦးကို နိုဝင်ဘာ ၂၅ ရက်မှစ၍ ရုရှားအစိုးရက ထိန်းသိမ်းထားခဲ့သည်။
ရုရှားနှင့် ယူကရိန်းတို့အကြား ကာလကြာရှည်ဖြစ်ပွား လာခဲ့သော ပဋိပက္ခအတွင်း နှစ်နိုင်ငံ ရေတပ်တပ်ဖွဲ့များ အကြား ပင်လယ်ပြင်အတွင်း ပထမဆုံးအကြိမ် ထိပ်တိုက် တွေ့မှုဖြစ်စဉ်နှင့် ပတ်သက်၍ တင်းမာမှုများ ဆက်လက် ဖြစ်ပေါ်လျက်ရှိသည်။ ယူကရိန်းနိုင်ငံအရှေ့ပိုင်းတွင် ရုရှားထောက်ခံသော ခွဲထွက်ရေးဝါဒီများနှင့် ယူကရိန်း အစိုးရအကြား ကာလရှည်ပဋိပက္ခဖြစ်ပွားခဲ့ပြီး ၂ဝ၁၄ ခုနှစ်နောက်ပိုင်း လူပေါင်း ၁ဝဝဝဝ ကျော် သေဆုံးခဲ့ကြ ရသည်။
ရုရှားနိုင်ငံနှင့် ထိစပ်နေသော ယူကရိန်းနယ်စပ်ဒေသ တစ်လျှောက်တွင် စစ်ဥပဒေအမိန့်ထုတ်ပြန်ရန် ယူကရိန်း လွှတ်တော်က အတည်ပြုခဲ့ပြီးနောက် သမ္မတ ဗလာဒီမာ ပူတင်က သတိပေးချက်တစ်ရပ်ပြုလုပ်ခဲ့သည်။ ယူကရိန်း နိုင်ငံသည် ရုရှားနိုင်ငံအပေါ် မထီမဲ့မြင် ပြုမူနေသည်ဟု သမ္မတ ပူတင်က ပြောကြားသည်။
ယူကရိန်းနိုင်ငံ၏ နယ်စပ်ဒေသတွင် စစ်ဥပဒေအမိန့် ထုတ်ပြန်ခြင်းဖြင့် ယူကရိန်းအာဏာပိုင်များအနေဖြင့် စစ်ရေးအတွေ့အကြုံရှိသူ နိုင်ငံသားများကို စစ်အင်အား တောင့်တင်းရေးအလို့ငှာ စုစည်းနိုင်ခြင်း၊ မီဒီယာများကို ဥပဒေစည်းမျဉ်းများအရ ထိန်းချုပ်နိုင်ခြင်း၊ လူထုအစည်း အဝေးကျင်းပခြင်းကို ကန့်သတ်နိုင်ခြင်းတို့ ပြုလုပ်နိုင်မည် ဆို၏။
နိုဝင်ဘာ ၂၅ရက်က ပင်လယ်ပြင်အတွင်း နှစ်နိုင်ငံ ရေတပ်တပ်ဖွဲ့များအကြား ထိပ်တိုက်ရင်ဆိုင်တွေ့ခြင်းသည် လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီကာလတွင် သမ္မတ ပိုရိုရှန်ကိုအနေဖြင့် ပြည်သူ့ထောက်ခံမှုရရှိရန် ရည်ရွယ် သည့် ရန်စလှုံ့ဆော်မှုတစ်ရပ်ဖြစ်ကြောင်း ရုရှားအစိုးရက စွပ်စွဲခဲ့သည်။
ထိုစဉ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံဆွေးနွေးမည့် အစီအစဉ်ကို ဖျက်သိမ်းဖွယ်ရှိသည်။ နှစ်နိုင်ငံခေါင်းဆောင် တို့သည် ယခုသီတင်းပတ်နှောင်းပိုင်းတွင် အာဂျင်တီးနား နိုင်ငံ ဗျူနိုအေရီမြို့၌ ကျင်းပမည့် ဂျီ-၂ဝ ထိပ်သီး ဆွေးနွေးပွဲကာလအတွင်း တွေ့ဆုံရန် မျှော်လင့်ခဲ့ကြသည်။
အေအက်ဖ်ပီ

No comments:

Post a Comment