Thursday, November 29, 2018

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး သတ္တမနေ့ကျင်းပ

Image may contain: 1 person, sitting
နေပြည်တော် နိုဝင်ဘာ ၂၈
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုး သားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ မေးခွန်း(၆)ခု မေးမြန်း ဖြေကြားခြင်းနှင့်ဥပဒေကြမ်းတစ်ခု ဆက်လက်ဆွေးနွေးခြင်းတို့ ဆောင်ရွက်ကြ သည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၅)မှ ဦးမြင့်နိုင်၏ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မြို့ပေါ်(၅) ရပ်ကွက်နေ ပြည်သူများ၏ နေထိုင်လျက်ရှိသည့် အိမ်ရာမြေများ လယ- (၃ဝ-က) ရရှိရေးနှင့် မြေစာရင်းပုံစံ (၁ဝ၅)၊ (၁ဝ၆) မြေပုံရေးဆွဲရေး၊ မြေငှားဂရန်ရရှိရေးကိစ္စများကို မြို့နယ်ပြည်သူ လူထု အဆင်ပြေစေရေးအတွက် အမြန်ဆုံးဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် မြို့ကွက်အမှတ် (၁-က) မြို့သစ်အကွက်နှင့် (၁-ခ) ကျောက်တော်အကွက် များအား (၆၄ လက်မ ၁ မိုင်) စကေးဖြင့် မြေတိုင်းတာနိုင်ရေး စီမံဆောင်ရွက် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းများ နှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က မြို့မြေအဖြစ် တိုင်းတာသတ်မှတ်ထားသည့် မြေဧရိယာ (၁၈၆) ဧကအနက် (၇၁ ဒသမ ၇၂၇) ဧကကို မြေငှားဂရန်ထုတ်ပေးထားရှိပြီးဖြစ်ပါကြောင်း၊ မြို့မြေသတ်မှတ်ပြီး ဧရိယာများတွင် နေထိုင်သောပြည်သူများအနေဖြင့် အချက်အလက်စုံလင်စွာဖြင့် မြေငှားဂရန်လျှောက်ထားလာပါက ၁၉၈၉ ခုနှစ် မြန်မာနိုင်ငံ မြို့နှင့်ကျေးရွာမြေ များ အက်ဥပဒေနှင့် မြို့နှင့်ကျေးရွာမြေများ နည်းဥပဒေအရ စိစစ်ဆောင်ရွက် ပေးသွားနိုင်မည်ဖြစ်ပါကြောင်း၊ မြေစာရင်းပုံစံ (၁ဝ၅) ၊ (၁ဝ၆) မြေ
ပုံရေးဆွဲရေး၊ မြေငှားဂရန်ရရှိရေးကိစ္စများ ဆောင်ရွက်နိုင်ရန် မြို့ကွက်အမှတ်(၁-က)၊ မြို့သစ် အကွက် (၁-ခ) ကျောက်တော်အကွက်များကို ၆၄ လက်မ=၁ မိုင် စကေးဖြင့် မြို့မြေတိုင်းတာ ဆောင်ရွက်နိုင်ရေးအတွက် လက်ရှိအခြေအနေအရ လုပ်ငန်း ပမာဏနှင့် ဝန်ထမ်းအင်အားလုံလောက်မှုမရှိသည့်အတွက် ရှိသည့်အင်အားဖြင့် ဝန်ထမ်းခွင့်ပြုမှုအခြေအနေနှင့် ရန်ပုံငွေခွဲဝေရရှိမှုများအပေါ်မူတည်၍ အပိုင်း လိုက်ခွဲခြားဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးလှကျော်က စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးအောင်မျိုး၏ ၂ဝ၁၂ ခုနှစ် လယ်ယာမြေဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ လယ်ယာမြေလုပ်ပိုင်ခွင့်အားရောင်းချခြင်း၊ လဲလှယ် ခြင်း၊ ပေးကမ်းခြင်းတို့ကို ဆောင်ရွက်ရာတွင် ပေးဆောင်ရမည့် မှတ်ပုံတင်ကြေး၊ တံဆိပ်ခေါင်းခွန်နှင့် စာချုပ်စာတမ်းမှတ်ပုံတင်ခတို့ကို မည်၍မည်မျှပေးဆောင် ရမည်ဖြစ်ကြောင်း သက်ဆိုင်ရာဝန်ကြီးဌာန သဘောတူညီချက်ဖြင့် ဦးစီးဌာနမှ အမြန်ဆုံးထုတ်ပြန်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ၂ဝ၁၂ ခုနှစ် လယ်ယာမြေဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)ကို ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းပြီးပါက လယ်ယာမြေလုပ်ပိုင်ခွင့် ရောင်းချခြင်း၊ ပေးကမ်းခြင်း၊ လဲလှယ်ခြင်း၊ ပေါင်နှံခြင်းတို့အတွက် ထမ်းဆောင်ရသည့် တံဆိပ်ခေါင်းခွန်တန်ဖိုး သတ်မှတ်နိုင်ရေးအတွက် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အလားတူ စာချုပ် စာတမ်းအမျိုးအစားအလိုက် မှတ်ပုံတင်ခကိုလည်း သတ်မှတ်ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားသည်။
ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာဝင်းမြင့်၏ ပဲခူး တိုင်းဒေသကြီး အုတ်ဖိုမြို့နယ် အေးမြသာယာမြို့သူမြို့သားများ ကိုယ်ထူ ကိုယ်ထဆောက်လုပ်ခဲ့ပြီး ယခုပျက်စီးယိုယွင်းနေသော ထွန်းရွှေဝါခန်းမကြီးကို ပြုပြင်ရန်နှင့် အေးမြသာယာကျေးရွာအုပ်စုပိုင်အဖြစ် စည်ပင်သာယာမှ ပြန်လည်လွှဲပြောင်းပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် မရှိပါက ပျက်စီးယိုယွင်းနေသော ယင်းခန်းမကြီးကို အမြန်ဆုံးပြုပြင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းများ နှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်းက ထွန်းရွှေဝါခန်းမကို အေးမြသာယာကျေးရွာအုပ်စုပိုင်အဖြစ် ပြန်လည်လွှဲပြောင်းပေးရန် အစီအစဉ် မရှိပါကြောင်း၊ အုတ်ဖိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်အဖြစ်သာ ဆက်လက် ထားရှိမည်ဖြစ်ပါကြောင်း၊ အဆိုပါခန်းမကြီးကောင်းမွန်ပြီး လုပ်ငန်းများဆောင် ရွက်နိုင်စေရန် ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား သည်။
ထို့နောက် ရခိုင်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၉)မှ ဦးမောင်ကျော်ဇံ၊ ပဲခူးတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၁၂)မှ ဦးအောင်သိန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ ဦးလှမြင့် (ခ) ဦးလှမြင့်သန်းတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်နှင့် နေပြည်တော်ကောင်စီဝင် ဦးညီထွန်း တို့က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။
အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေနှင့်စပ်လျဉ်း၍ဆွေးနွေး
ယင်းနောက် အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင် သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာ ခြင်းနှင့် စပ်လျဉ်း၍ မွန်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၅) မှ ဒေါ်မြတ်သီတာထွန်း က ပုဒ်မ-၂၊ ပုဒ်မခွဲ (က)နှင့်စပ်လျဉ်း၍ အလုပ်သမားဆိုသည်မှာ မိမိ၏ ကာယအား၊ ဥာဏအားကိုအသုံးပြုပြီး အလုပ်ရှင်ထံတွင် အချိန်ပိုင်းအလုပ် ကိုဖြစ်စေ၊ အမြဲတမ်းအလုပ်ကိုဖြစ်စေ အခကြေးငွေရယူကာ လုပ်ကိုင်နေသူ ကိုသော်လည်းကောင်း၊ အခကြေးငွေမယူဘဲ လုပ်ကိုင်နေသူကိုသော်လည်း ကောင်း ဆိုသည်ဟု ပြင်ဆင်လိုပါကြောင်း၊ ပုဒ်မ ၂၊ ပုဒ်မခွဲငယ်(ဂ)နှင့် စပ်လျဉ်း ၍ အလုပ်ရှင်ဆိုသည်မှာ မိမိ၏လုပ်ငန်းအတွက် လုပ်အား၊ နည်းပညာသို့မဟုတ် ကျွမ်းကျင်မှုကိုရရှိရန်အလို့ငှာ အလုပ်သမားအားငှားရမ်းစေခိုင်းသည့် အခကြေး ငွေပေးရန် တာဝန်ရှိသူကိုဆိုသည်ဟု ပြင်ဆင်လိုပါကြောင်း၊ ပုဒ်မ ၂ (ဍ)နှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၏ အတည်ပြုချက်အတိုင်း ထားရှိလိုပါ ကြောင်း၊ ပုဒ်မ ၂ (ဈ)၊ ပုဒ်မ-၁ဝ၊ ပုဒ်မ- ၁၂၊ ပုဒ်မ ၁၂-(က)၊ ပုဒ်မ-၁၆၊ ၁၉၊ ၂၃၊ ၂၄ ၊ ၂၅ နှင့် ၂၇ တို့ကို အမျိုးသားလွှတ်တော်၏ အတည်ပြုချက်အတိုင်း ထားရှိလိုပါကြောင်း၊ ပြစ်ဒဏ်ပိ
ုင်းရှိ ပုဒ်မ ၄၆(ဂ) နှင့်စပ်လျဉ်း၍ တစ်လအထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးကျပ် ၁ဝ သိန်းမှ အများဆုံး ကျပ်သိန်း ၃ဝ အထိငွေဒဏ်ဖြစ်စေချမှတ်ရမည်ဟု ပြင်ဆင်လိုပါကြောင်း၊ ပုဒ်မ ၄၆-(က) ပုဒ်မခွဲငယ်(၃)တွင် သုံးလထိထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်သိန်း ၃ဝ မှ အများဆုံးကျပ်သိန်း ၁ဝဝ အထိ ငွေဒဏ်လည်းချမှတ်ရမည်ဟု ပြင်ဆင်လိုပါကြောင်း၊ ပုဒ်မ ၄၆-(က)၊ အပိုဒ်ခွဲငယ်(၄)တွင် တစ်လအထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ် ၃ သိန်းမှ အများဆုံးကျပ် ၁ဝ သိန်းအထိငွေဒဏ်လည်းချမှတ်ရမည်ဟု ပြင်ဆင်လိုပါကြောင်း ဆွေးနွေး သည်။
ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၈)မှ ဦးကျော်ထွေးက ဥပဒေ ကြမ်း၏ အပိုဒ် ၂(က)တွင် ဖြည့်စွက်ထားသည့် ဖြည့်စွက်ချက်ကို ပယ်ဖျက်သင့် ပါကြောင်းနှင့် အမျိုးသားလွှတ်တော်၏အတည်ပြုချက်အတိုင်း ဆက်လက်ထား ရှိသင့်ပါကြောင်း၊ အပိုဒ် ၂ (ခ)နှင့် အပိုဒ် ၁(ဍ)တို့ကိုလည်း အမျိုးသားလွှတ်တော် ၏ အတည်ပြုချက်အတိုင်း ထားရှိသင့်ပါကြောင်း၊ အမျိုးသားလွှတ်တော်တွင် အတည်ပြုထားသည့် ပုဒ်မ ၁ဝ၊ ၁၆ နှင့် ၁၉ တို့ကို အမျိုးသားလွှတ်တော်၏ အတည်ပြုချက်အတိုင်းဆက်လက်ထားရှိသင့်ပါကြောင်း၊ ပြစ်ဒဏ်များအခန်းရှိ ပုဒ်မ ၄၆၊ ၄၇နှင့် ၄၈ တို့တွင် ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ဖြည့်စွက်ချက်များ ကိုပယ်ဖျက်ပြီး အမျိုးသားလွှတ်တော်၏ အတည်ပြုချက်များအတိုင်းသာ ဆက်လက်အတည်ပြုသင့်ပါကြောင်း ဆွေးနွေးသည်။
ထို့အပြင် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်( ၃)မှ ဒေါ်ရွှေရွှေစိန်လတ်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးလှဆန်းတို့က ဆက်လက် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ဆွေးနွေး ချက်များနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီတွင် ပြန်လည်ကြားနာရန် ဆုံးဖြတ်ကြောင်းနှင့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမနေ့ကို ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ ၃ဝ ရက် နံနက် ၁ဝ နာရီတွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။
မင်းမင်းဇော်(သတင်းစဉ်)

No comments:

Post a Comment